Skip to main content

မော်လမြိုင်မြို့နှင့် ဘားအံမြို့တို့တွင် ပညာရေးဝန်ကြီးဌာန၏ တိုင်းရင်းသားဘာသာစကား ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှု အခြေအနေများ တွေ့ဆုံဆွေးနွေး

နေပြည်တော် မတ် ၈


ပညာရေးဝန်ကြီးဌာန၏ တိုင်းရင်းသား ဘာသာစကား ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်မှု အခြေအနေများ တွေ့ဆုံရှင်း လင်းဆွေးနွေးပွဲကို မတ် ၅ ရက်က မော်လမြိုင်မြို့ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်နယ်ညွှန်ကြားရေးမှူးရုံး အစည်း အဝေးခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိက အမှာစကားပြောကြားပြီး ပညာရေး ဝန်ကြီးဌာန မြန်မာနိုင်ငံ တိုင်းရင်းသားဘာသာစကားဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာဇော်မြင့်က ပညာရေးဝန်ကြီးဌာနမှ တိုင်းရင်းသား ဘာသာစကား ၆၃ မျိုးကို ကျောင်း ပေါင်း ၁၄၀၀၈ ကျောင်းတွင် ဆရာ ဆရာမ ၃၁၇၄၂ ဦးဖြင့် တိုင်းရင်းသား ကလေးငယ် ၈၄၈၄၈၀ ကို သင်ကြား ပေးလျက်ရှိကြောင်း၊ မွန်ပြည်နယ်တွင် ကျောင်းပေါင်း ၆၄၂ ကျောင်းတွင် သင်ကြားရေး အထောက် အကူပြု ဆရာ (TA) ၈၂၂ ဦး၊ ဘာသာစကား သင်ဆရာ (LT) ၉၇၀ စုစုပေါင်း ၁၇၉၂ ဦးဖြင့် ကျောင်းသားကလေးငယ် ၅၅၈၅၇ ဦးကို သင်ကြားပေးပါ ကြောင်း၊ ၂၀၁၇-၂၀၁၈ ပညာသင်နှစ် နှင့် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် တိုင်းရင်းသားဘာသာစကား ၃၇ မျိုး အတွက် တိုင်းရင်းသားဖတ်စာအုပ် များကို အခြေခံပညာဦးစီးဌာနက အခမဲ့ပုံနှိပ်ဖြန့်ဝေခဲ့ကြောင်း၊ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အထိ တိုင်းရင်းသား ဘာသာစကား သင်ကြားပြသသော ဆရာများ လစာငွေ ချီးမြှင့်ခြင်းနှင့် ပုံနှိပ်ခြင်းအတွက် ဘဏ္ဍာငွေကျပ် ၄၀ ဒသမ ၂၁၅ ဘီလီယံကို အသုံးပြု ခဲ့ကြောင်း။

ပညာရေးဝန်ကြီးဌာန ပညာရေး သုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာနနှင့် မွန်ပြည်နယ်ပညာရေးမှူး ရုံး၏ စီစဉ် ပံ့ပိုးမှုဖြင့် ဒေသသင်ရိုး ညွှန်းတမ်းစာအုပ်များကိုလည်း ပြုစု ပြီးဖြစ်ပါကြောင်း ရှင်းလင်းပြောကြား သည်။

ဆက်လက်၍ ပညာရေးဝန်ကြီး ဌာန မြန်မာနိုင်ငံတိုင်းရင်းသားဘာသာ စကားဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာအိအိဟန်က တိုင်းရင်းသား ဘာသာစကား သင်ကြားသင်ယူမှု ထိရောက်အောင်မြင်မှု အခြေအနေ သုတေသနဆောင်ရွက်ခဲ့မှုနှင့်စပ်လျဉ်း ၍ ရှင်းလင်းတင်ပြပြီး တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်နယ်တာဝန်ခံက တိုင်းရင်းသား ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ချက် များကို ဆက်လက်ရှင်းလင်းဆွေးနွေး သည်။

အလားတူ တွေ့ဆုံပွဲကို မတ် ၆ ရက် နံနက် ၉ နာရီက ဘားအံမြို့ ရှိ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်နယ် ညွှန်ကြား ရေးမှူးရုံး၌ကျင်းပရာ ပြည်နယ် လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်က အမှာစကားပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲများသို့ ပြည်နယ် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ၊ ပညာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မော်လမြိုင်နှင့် ဘားအံမြို့ရှိ တက္ကသိုလ် များမှ ပါမောက္ခချုပ်များ၊ တိုင်းရင်းသား လူမျိုးများ ရေးရာဝန်ကြီးဌာန၏ ပြည်နယ်ရုံးမှ တာဝန်ရှိသူများ၊ ပြည်နယ်ပညာရေးမှူး၊ ခရိုင်ပညာရေး မှူး၊ မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ် ကြီးများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းများ၊ သင်ကြားရေး အထောက်အကူပြု ဆရာ ဆရာမ များနှင့် တိုင်းရင်းသားဘာသာစကား သင် ဆရာ ဆရာမများ၊ ဖိတ်ကြား ထားသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်