နေပြည်တော် မတ် ၉
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည့် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် ညှိနှိုင်းအစည်း အဝေး (၃၁/၂၀၂၀) မှတစ်ဆင့် ပြည်သူများနှင့် ကျန်းမာရေးဝန်ထမ်းများထံသို့ အသိပေးစကား ပြောကြား သည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ဆောင်ရွက်နေသည်မှာ ဇန်နဝါရီ ၅ ရက်မှ ယခုအချိန်အထိ (၂) လ ကျော်ကာလရှိပြီဖြစ်ပါကြောင်း၊ အစဦးတွင် ဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များသည် အရေးကြီးသော်လည်း (၂) လကြာပြီး ယခုအချိန်၌ ပြည်သူများ၏ သိရှိပါဝင်မှု အခန်းကဏ္ဍသည် ပိုမိုအရေးကြီးလာပြီ ဖြစ်ပါကြောင်း၊ ပြည်သူများ၏ COVID-19 ရောဂါအပေါ် ခံယူချက်၊ ရောဂါ၏ ကူးစက်ပျံ့နှံ့မှုနှင့် ကာကွယ်ထိန်းချုပ်မှုတို့ကို သိရှိနားလည်မှု အတိုင်း အတာ၊ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း များတွင် ပြည်သူများမိမိတို့ကိုယ်တိုင် လိုက်နာဆောင်ရွက်ရမည့် အခန်းကဏ္ဍ၊ မိမိ၌လည်း ကောင်း၊ မိမိ၏ ပတ်ဝန်းကျင်၌လည်းကောင်း သံသယရောဂါလက္ခဏာ ဖြစ်ပွားမှုတွေ့ရှိပါက အနီးဆုံး ကျန်းမာရေးဝန်ထမ်း၊ ကျန်းမာရေး ဌာနထံသို့ သတင်းပေးပို့ရန် တာဝန်ရှိမှု၊ မိမိတို့ ပါဝင်မှု၊ ပူးပေါင်းဆောင်ရွက်မှုအားကောင်းပါက ရောဂါဖြစ်ပွားမှုနှင့် ကူးစက်မှုများ ကာကွယ်နိုင်မည်၊ ထိန်းချုပ်နိုင်မည်ဆိုသည့်အချက်၊ မိမိတို့ တစ်ဦးချင်းစီ၌ မြန်မာနိုင်ငံ၌ ရောဂါပျံ့နှံ့မှုမရှိရန် အသီးသီးတာဝန်ရှိသည်ဟူသော ခံယူချက် များရှိမှုစသည့် အချက်များသည် ယခုအချိန်၌ အလွန်အရေးတကြီးလိုအပ်ပါကြောင်း။
ယခုအချိန်၌ ပြည်သူများသည် စိုးရိမ်ထိတ်လန့်မှုလွန်ကဲစွာ (panic) ဖြစ်ပြီး လုပ်ဆောင်ရ မည့်အချက်များကို မလုပ်ဆောင်မိခြင်းမျိုး မဖြစ်စေရန်လိုအပ်ပါ ကြောင်း၊ မဟုတ်မှန်သော ကောလာဟလသတင်းတုများ၊ သတင်းမှားများကို ထပ်ဆင့်ဖြန့်ဝေခြင်း နှင့် ကိုယ်တိုင် ပြောကြား ခြင်း၊ ဖန်တီးခြင်းများ မပြုလုပ်ကြစေလိုပါကြောင်း၊ ပြုလုပ်ပါက ဥပဒေအရ အရေးယူခံရနိုင်သည် ဖြစ်ပါကြောင်း၊ မိမိထပ်မံအသိပေးပြောကြားလိုသည်မှာ လူမှုကွန်ရက်စာမျက်နှာများတွင် သတင်းများ ဖြန့်ဖြူးနေသူများအနေဖြင့်လည်း ကျင့်ဝတ်နှင့်အညီ တာဝန်ခံမှု၊ တာဝန်ယူမှု တို့ဖြင့် လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊ ပြည်သူများအနေဖြင့်လည်း ပြည်တွင်း၊ ပြည်ပ၊ အင်တာနက်စာ မျက်နှာများ၊ လူမှုကွန်ရက် စာမျက်နှာများ၊ facebook စသည့် နေရာအနှံ့မှ သတင်းများကို ခိုင်မာတိကျမှုရှိသည့် သတင်းရင်းမြစ်နှင့် ချိန်ထိုးတိုက်ဆိုင်စစ်ဆေးပြီးမှသာ မှန်ကန်သည့် သတင်းများကိုသာ ယုံကြည်ကြရန်ဖြစ်ပါကြောင်း၊ အထူးသဖြင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ တရားဝင်ထုတ်ပြန်ချက်များကို ကြည့်ရှုစေလိုပါကြောင်း။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း မတ် ၇ တွင် ယခုအခါ ကမ္ဘာတစ်ဝန်း၌ COVID-19 ဓာတ်ခွဲအတည်ပြု ရောဂါဖြစ်ပွားသူဦးရေ (၁၀၀,၀၀၀) ကျော်သွားပြီ ဖြစ်ကြောင်း၊ ရောဂါပျံ့နှံ့မှုကို အတိုင်းအတာတစ်ခုအထိ နှေးကွေးသွားစေရန် နှင့် ဖြစ်ပွားမှု ကျဆင်းသွားရန်အတွက် ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများနှင့် ရောဂါပျံ့နှံ့ မှုထိန်းချုပ်ရေး (containment) လုပ်ငန်းစဉ် များကို အားသွန်ခွန်စိုက် ဆက်လက် ဆောင်ရွက်သွားရန်၊ ပြည်သူများအတွင်း ဖျားနာသည့်လူနာ များအား အမြန်ဆုံးရှာဖွေခြင်း၊ အသွားအလာကန့်သတ်ပိတ်ပင်ခြင်း (quarantine)၊ လူနာများ အတွက် ဆေးရုံများနှင့် ဆေးခန်းများအားပြင်ဆင်ထားရှိခြင်း၊ ကျန်းမာ ရေးဝန်ထမ်းများအား သင်တန်းပေးခြင်း စသည့် နည်းလမ်းများဖြင့်ထိ ရောက်စွာဆောင်ရွက်ရန်တို့ကို တိုက်တွန်း ထားပါကြောင်း၊ အဆိုပါ တိုက်တွန်းချက်များအားလုံးကိုလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ လုပ်ဆောင်လျက်ရှိပါကြောင်း။
ယခုကာလတွင် ဝန်ကြီးဌာန၏ ဆေးရုံများတွင် ရောဂါဖြစ်ပွားသူများအတွက် ကုသမှု ပေးရန် ပြင်ဆင်ထားရှိမှု၊ အသင့်အနေအထားရှိမှုတို့သည် အရေးကြီးသဖြင့် မိမိတို့သည် သတ်မှတ်ဆေးရုံ (designated hospital) များတွင် အထူးဦးစားပေးသတ်မှတ်၍ ဆောင်ရွက် လျက်ရှိပါကြောင်း၊ ယခုလက်ရှိအချိန်၌ မိမိတို့နိုင်ငံအတွင်းသို့ ပြည်ပမှဝင်ရောက် လာသူ အရေအတွက်များ နည်းပါးလာသည်နှင့်အမျှ ရောဂါဖြစ်ပွားကူးစက်ရန် အလားအလာရှိမှု သည် တိုက်ရိုက်အချိုးကျ နည်းပါးသွားမည်ဖြစ်ပါကြောင်း၊ ရောဂါဖြစ်ပွားကူးစက်မှုများပြား နေသော ကိုရီးယားသမ္မတနိုင်ငံမှ လေကြောင်းလိုင်းများ မိမိတို့နိုင်ငံသို့ ဝင်ရောက်မှုကို ယခုလ (၉) ရက်နေ့မှ ဧပြီလ (၂၄) ရက်နေ့အထိ ရပ်နားထားမည်ဟု သိရှိရပါကြောင်း၊ မိမိတို့နိုင်ငံရှိ မြန်မာအမျိုးသားပိုင် လေကြောင်းလိုင်း မှ ကိုရီးယားသမ္မတနိုင်ငံသို့ တစ်ပတ်လျှင် (၃) ကြိမ် သွားလာမှုများကို လျှော့ချခြင်း (သို့မဟုတ်) လုံးဝပိတ်ခြင်းတို့ကို အမြန်ဆုံး စတင်ဆောင် ရွက်ရန်အတွက်လည်း သက်ဆိုင်ရာဝန်ကြီးဌာနထံသို့ ယမန်နေ့တွင် အကြံပြု မေတ္တာရပ်ခံထားပြီး ဖြစ်ပါကြောင်း၊ လက်ရှိအချိန် ကမ္ဘာ့နိုင်ငံများ၌ ကပ်ရောဂါဖြစ်ပွားမှု အခြေအနေအရပ်ရပ်ကို သုံးသပ်ပါက COVID-19 ရောဂါကြောင့် အကြမ်းဖျဉ်းသေဆုံးနှုန်းမှာ (၃ ဒသမ ၄) ရာခိုင်နှုန်းခန့် ရှိနေပါကြောင်း။
ပြည်သူများအနေဖြင့် မိမိတို့၏ ဆွေမျိုး၊ မိတ်ဆွေနှင့် ပတ်ဝန်းကျင်ရှိ အသက် အရွယ်ကြီးသူများ၊ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါရှိသူများ၊ ကျောက်ကပ်ဆေးနေရသူများ၊ ကင်ဆာစသည့် နာတာရှည်ရောဂါအခံရှိသူများတွင် ရောဂါဖြစ်ပွားပါက ပြင်းထန်ပြီး သေဆုံးနိုင်ရန် အလားအလာများပါကြောင်း၊ အသက်အရွယ်ကြီးသူများ၊ နာတာရှည်ရောဂါရှိသူ များအနေဖြင့် လူစုလူဝေးများသို့ သွားလာခြင်းမှ ရှောင်ကြဉ်ကြရန်၊ ကျန်းမာရေးအသိပေးနှိုး ဆော်ချက်များကို အထူးအလေး ပေးလိုက်နာကျင့်သုံးရန်အတွက် တစ်ဦးမှ တစ်ဦးသို့ ဆင့်ပွားအကြောင်းကြား ပြောကြားကြစေလိုပါကြောင်း၊ မိမိအနေဖြင့်လည်း သက်ကြီးဘိုးဘွား ရိပ်သာများ၊ သက်ကြီးရွယ်အိုနေ့ပိုင်းစောင့်ရှောက်ရေး ဂေဟာ၊ ပရဟိတဂေဟာများ၊ လူငယ်စောင့် ရှောက်ရေး ဂေဟာများ၊ အမျိုးသမီးသင်တန်းကျောင်း၊ အိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်ကျောင်း၊ မသန်စွမ်းကျောင်းများ နှင့် လူငယ်သင်တန်းကျောင်းများတွင် ရောဂါ ကူးစက်ပြန့်ပွားမှုများဖြစ်ပွားနိုင်သဖြင့် သတိပြုဆောင်ရွက်ရန်ကိုလည်း သက်ဆိုင်ရာ ဝန်ကြီး ဌာနသို့ အကြံပြုအကြောင်း ကြားထားပြီးဖြစ်ပါကြောင်း။
မိမိတို့သတိပြုရမည့်အချက်မှာ အမေရိကန်နိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံ၊ အီတလီနိုင်ငံ၊ အီရန်နိုင်ငံစသည်တို့တွင် ရောဂါဖြစ်ပွားမှုစတွေ့ပြီးနောက် မကြာခင်အချိန်အတွင်းမှာပင် လျင်မြန်စွာပျံ့နှံ့များပြားလာသည်ကို တွေ့ရှိရသည့်အချက်ဖြစ်ပါကြောင်း၊ အဆိုပါနိုင်ငံများကဲ့သို့ မိမိတို့နိုင်ငံတွင်လည်း ဤရောဂါဖြစ်ပွားရောက်ရှိကာ ပျံ့နှံ့မှု ဖြစ်ပွားလာပါက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဝန်ထမ်းများအတွက်လည်း ကြီးစွာသော လုပ်ငန်းဖိအားဒဏ်များ အပါအဝင် ဘက်စုံဖိအားများဝင်လာမည်ဖြစ်သဖြင့် မိမိတို့၏ ဝန်ထမ်းများသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံတွင် ရောဂါစတင်ဖြစ်ပွားစဉ် ဇန်နဝါရီ ၅ ရက် ကတည်းက ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကို နေ့မအား၊ ညမနား ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း။
ထို့ကြောင့် မိမိတို့နိုင်ငံ၌လည်း အလားတူပုံစံဖြစ်ပေါ်မလာစေရေးအတွက် လိုအပ်သော အစီအမံများကို စဉ်းစားဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း၊ ရောဂါကူးစက်ဖြစ်ပွားသူများကို ကိုင်တွယ်ကုသမှုပေးနေရသည့် ကျန်းမာရေးဝန်ထမ်းများ တွင် ရောဂါကူးစက်ခံရနိုင်ခြေရှိသဖြင့် ဝန်ကြီးဌာနရှိ clinical management committee၊ Infection prevention and control committee နှင့် အထူးကု ဆရာဝန်ကြီးများမှ ပြုစုထုတ်ဝေထားရှိသော လူနာသတ်မှတ်မှု၊ လူနာကုသမှု၊ Infection prevention and control စသည့် လုပ်ငန်းလမ်းညွှန်များ၊ စံလုပ်ထုံး လုပ်နည်းများကို တိကျစွာလိုက်နာ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ကျန်းမာရေး ဝန်ထမ်းများ ရောဂါကူးစက်ခံရနိုင်ခြေ မရှိစေရန်နှင့် ဘေးကင်းလုံခြုံစေရန် မိမိတို့ တတ်နိုင်သမျှဆောင်ရွက် လျက်ရှိပါကြောင်း၊ ပြည်သူများအား ကျန်းမာရေး အသိပေးနှိုးဆော်မှုများ ပြုလုပ်သော အခါတွင် လည်း နားလည်ရန်လွယ်ကူသော၊ မှတ်သားရန် ရိုးရှင်းတိုတောင်းသော နှိုးဆော်ချက်များနှင့် မှန်ကန်တိကျပွင့်လင်းသော သတင်း ပြန်ကြားချက်များ ကိုသာ ပေးအပ်ရမည်ဖြစ်ပါကြောင်း။
ရောဂါကာကွယ်နှိမ်နင်းရေးအတွက် ရှေ့လုပ်ငန်းစဉ်များနှင့် ချက်ချင်း တုံ့ပြန်ဆောင်ရွက်ရေး အစီအစဉ်များကို ပြည်သူ့ကျန်းမာရေး၊ ကပ်ရောဂါဗေဒ၊ လူမှုရေး၊ စီပွားရေး၊ ခရီးသွား လာရေး၊ ကုန်သွယ်ရေး စသည့် ရှုထောင့်ပေါင်းစုံမှ ဝိုင်းဝန်းဆွေးနွေးစဉ်းစားပြီးမှသာ ချမှတ်လျက် ရှိပါကြောင်း၊ သို့မှသာ မိမိတို့ဆောင်ရွက်ချက် ငွေကြေးကုန်ကျမှု၊ အချိန်ပေးရခြင်း အတိုင်းအတာ အလေအလွင့်မရှိဘဲ အကျိုးရှိထိရောက်နိုင်မည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနရှိ ပညာရှင်များအနေ ဖြင့်လည်း အဆိုပါအချက်ကို အမြဲသုံးသပ်စဉ်းစားရမည်ဖြစ်ပါကြောင်း၊ COVID-19 ရောဂါ၏ သဘောသဘာဝဖြစ်ပေါ်ပြောင်းလဲမှု (natural history of disease) ကို ယခုအချိန်အထိ အပြည့် အဝသိရှိနိုင်ခြင်းမရှိသေးဆိုသည့် အချက်ကိုလည်း ဂရုပြု၍ မိမိတို့သည့် ကာကွယ်ထိန်းချုပ်မှု လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း။
မိမိတို့ဝန်ကြီးဌာနမှ တာဝန်ရှိသူများအနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ နိုင်ငံတကာ ကျန်းမာ ရေးဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရုံးချုပ်၊ အမေရိကန် CDC၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ CDC နှင့် ရောဂါဖြစ်ပွားမှုများပြားသော နိုင်ငံများ၏ တရားဝင် အင်တာနက် စာမျက်နှာများရှိ သတင်းအချက်အလက်များကို အမြဲမပြတ်လေ့လာ ဆန်းစစ်သုံးသပ် ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ ပြည်သူများအနေဖြင့် မိမိကိုယ်တိုင်နှင့် မိသားစုအားလုံးရောဂါ ကူးစက်ခံရခြင်းမှ ကင်းဝေးစေရန် ဝန်ကြီးဌာနမှ ဆောင်ရွက်လျက် ရှိသော ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် ကျန်းမာရေးအသိပေးနှိုးဆော် ချက်များကိုလိုက်နာ ဆောင်ရွက်ခြင်း၊ သံသယလူနာများတွေ့ရှိပါက သတင်းပေးပို့ခြင်းတို့ဖြင့် ပါဝင်ဆောင်ရွက် သွားကြစေလို ပါကြောင်း၊ COVID-19 ရောဂါဖြစ်ပွားမှုဖြစ်စဉ်များသည် မြန်မာနိုင်ငံ ပြည်သူ့ ကျန်းမာရေး ကဏ္ဍကို စိန်ခေါ်နေသည့် ကိစ္စတစ်ရပ်ဖြစ်သဖြင့် မိမိတို့နှင့် ပြည်သူများ၊ နှီးနွှယ် ဝန်ကြီးဌာန၊ လူမှုရေးအဖွဲ့အစည်းများနှင့် တစ်ညီတစ်ညွတ်တည်း ပူးပေါင်း၍ ကာကွယ် ထိန်းချုပ်ရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
အစည်းအဝေးတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ COVID-19 ရောဂါနှင့်ပတ်သက်သည့် Daily Update Situation များနှင့် ထုတ်ပြန်ကြေညာချက်များ၊ အခြားနိုင်ငံများမှ ထူးခြားဖြစ်စဉ်များနှင့် သတင်းများ၊ အမေရိကန်နိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံ၊ အီတလီနိုင်ငံ၊ အီရန်နိုင်ငံ တို့တွင် COVID-19 ရောဂါဖြစ်ပွားသူများ စတင်တွေ့ရှိခဲ့ပြီးနောက် မကြာခင် လျင်မြန်စွာ ဖြစ်ပွားပျံ့နှံ့မှု အပေါ်ဆန်းစစ်သုံးသပ်မှု၊ ဝန်ကြီးဌာနမှ ရောဂါစောင့်ကြပ်ကြည့်ရှုမှု လုပ်ငန်းဆောင်ရွက်နေမှုများ၊ ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ၊ စောင့်ကြည့် လူနာများ၏ အခြေအနေများ၊ ကျန်းမာ ရေးအသိပညာပေးနှိုးဆော်မှု လုပ်ငန်းများ ဆောင်ရွက်ချက်များ၊ တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးရှိ ဆေးရုံများ ပါမောက္ခများ၊ ဆေးပညာ အထူးကုဆရာဝန်များ၊ ကပ်ရောဂါဗေဒ ပညာရှင်များ အင်တာနက် ကွန်ရက်အသုံးပြု၍ video conferencing ပြုလုပ်၍ ကုသရေး လုပ်ငန်းများအတွင် ကြိုတင်ပြင်ဆင် ထားရှိမှုများ၊ ကုသရေးလုပ်ငန်းလမ်းညွှန်များ စသည်တို့ကို ဆွေးနွေးတိုင်ပင်ခဲ့မှု၊ ဗဟို အဆင့်တာဝန်ရှိသူများနှင့် တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနများမှ တာဝန်ရှိသူများ video conferencing ပြုလုပ်၍ ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများအတွက် လက်တွေ့မြေပြင်တွင် အကောင်အထည်ဖော် ဆောင်ရွက် နေသည့်လုပ်ငန်းများနှင့် အားဖြည့်ဆောင်ရွက်ကိစ္စရပ်များ ဆွေးနွေးတိုင်ပင်ခဲ့မှု၊ ဆေးနှင့် ဆေးပစ္စည်းများ ဝယ်ယူမှုနှင့် လှူဒါန်းလက်ခံရရှိမှု၊ ဖြန့်ဖြူးမှုစသည်တို့ကို ဆွေးနွေးတင်ပြကြ သည်။
(သတင်းစဉ်)