Skip to main content

COVID-19 ရောဂါကြောင့် မြန်မာအသင်းယှဉ်ပြိုင်နေသည့် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲများ ရွှေ့ဆိုင်း

ရန်ကုန် မတ် ၉

ကမ္ဘာ့နိုင်ငံများတွင် ဖြစ်ပွားနေသည့် COVID-19 ရောဂါကြောင့် မြန်မာ အသင်း ဝင်ရောက်ယှဉ်ပြိုင်နေသည့် ၂၀၂၂ ကမ္ဘာ့ဖလား အာရှဇုန် ဒုတိယ အဆင့်ခြေစစ်ပွဲ အုပ်စုပွဲများကို ရွှေ့ဆိုင်းလိုက်ပြီဖြစ်ကြောင်း ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်နှင့် အာရှဘောလုံးအဖွဲ့ချုပ်တို့က ထုတ်ပြန်ကြေညာခဲ့သည်။
အာရှဘောလုံးအဖွဲ့ချုပ်သည် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)မှ တာဝန် ရှိသူများနှင့် ညှိနှိုင်းကာ မတ်နှင့် ဇွန်လတွင်ကျင်းပမည့် ကမ္ဘာ့ဖလား ခြေစစ်ပွဲများကို ရွှေ့ဆိုင်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့ဖလား အာရှဇုန် ဒုတိယအဆင့်ခြေစစ်ပွဲများမှာ ပြီးဆုံးရန် သုံးပွဲနှင့်လေးပွဲသာ လိုတော့ပြီး COVID-19 ရောဂါကြောင့် ပွဲစဉ်များရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်သည်။ အာရှ ဘောလုံးအဖွဲ့ချုပ်သည် ယင်းပွဲများကို အောက်တိုဘာနှင့် နိုဝင်ဘာတွင် ပြန်လည်ကျင်းပရန် စီစဉ်ထားသော်လည်း ရောဂါအခြေအနေအပေါ် မူတည်ကြောင်း သိရသည်။ မြန်မာအသင်းသည် ကမ္ဘာ့ဖလားခြေစစ်ပွဲ ဒုတိယအဆင့်လက်ကျန်ပွဲများအဖြစ် မတ် ၂၆ ရက်တွင် ဂျပန်အသင်းနှင့် အဝေးကွင်း၊ မတ် ၃၁ ရက်တွင် ကာဂျစ္စတန်အသင်းနှင့် အိမ်ကွင်း၊ ဇွန် ၉ ရက်တွင် တာဂျစ်ကစ္စတန်အသင်းနှင့် အဝေးကွင်းပွဲများ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ပွဲစဉ်များရွှေ့ဆိုင်းလိုက်သောကြောင့် မြန်မာ့လက်ရွေးစင် အသင်း လေ့ကျင့်ပြင်ဆင်မည့် အစီအစဉ်များကို ဖျက်သိမ်းရမည် ဖြစ်သည်။
COVID-19 ရောဂါကြောင့် ကမ္ဘာ့နိုင်ငံအများစုတွင် ဘောလုံးပွဲများ ရွှေ့ဆိုင်းခြင်း၊ ပရိသတ်မပါဘဲ ကစားခြင်းများအပြင် အခြားအားကစား ပြိုင်ပွဲများကိုလည်း ရွှေ့ဆိုင်းလျက်ရှိသည်။ ထို့အပြင် မြန်မာ အားကစား အဖွဲ့ယှဉ်ပြိုင်မည့် အာရှစနူကာ 6 Red ပြိုင်ပွဲ၊ အာရှလူငယ် ပြေးခုန်ပစ်ပြိုင်ပွဲများကို ရွှေ့ဆိုင်းခဲ့ရသလို မြန်မာကြက်တောင် အားကစားမယ် သက်ထားသူဇာ ယှဉ်ပြိုင်ရန် စီစဉ်ထားသည့် ပြိုင်ပွဲများအနက် ပေါ်တူဂီ ပြိုင်ပွဲနှင့် ပိုလန်ပြိုင်ပွဲတို့ကို ရွှေ့ဆိုင်းခဲ့ရကြောင်း သိရသည်။
ညီမြတ်သော်တာ