ရန်ကုန် မတ် ၉
ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ် အမှတ် ၉ ရပ်ကွက် (၃၁)လမ်းနှင့် (၃၂) လမ်းကြား (အောက်ဘလောက်) အမျိုးသား စာကြည့်တိုက်၏ အနောက်ဘက်တွင် ဒို့အိမ်လူမှုအကျိုးပြု လုပ်ငန်း၏ ၁၁ ခုမြောက် နောက်ဖေးလမ်းကြား ဥယျာဉ်ဖွင့် လှစ်ခြင်း အခမ်းအနားကို ယမန်နေ့က ကျင်းပခဲ့သည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက “ရန်ကုန် မြို့ပြမှာနေထိုင်နေကြတဲ့၊ အထပ်မြင့်အိမ်တွေမှာ နေကြရတဲ့သူတွေဟာ ကျယ်ဝန်းတဲ့ ဧရိယာရရှိဖို့ အလွန်ခက်ခဲပါတယ်။ စိမ်းလန်းတဲ့ပန်းခြံတွေ ရှိနေနိုင်ဖို့အတွက် နေရာအခက်အခဲတွေများစွာ ရှိပါတယ်။ ဒီနေရာမှာ နောက်ဖေးလမ်းကြားတွေကို စနစ်တကျနဲ့ ဥယျာဉ်လေးလို ဖန်တီးထားမယ်ဆိုရင် ဒီလိုတိုက်ခန်းတွေ မှာ နေထိုင်နေရတဲ့ ကျွန်တော်တို့ပြည်သူတွေအတွက် ခဏတာလာပြီး လမ်းလျှောက်မယ်။ ကလေးတွေလာပြီး ကစားနိုင်တယ်။ ဒီအခြေအနေ အခွင့်အလမ်းတွေကိုရရှိ ဖို့အတွက် အခုလို ကြိုးပမ်းဆောင်ရွက်မှုဟာ ဝမ်းသာစရာ ကောင်းပါတယ်။ ဒီမြို့ရွာမှာနေထိုင်ကြတဲ့ ပြည်သူတွေ အတွက် များစွာအထောက် အကူဖြစ်စေမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။
ဆက်လက်၍ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ ကမ္ဘောဇဘဏ် အကြီးတန်းအုပ်ချုပ်မှု ဒါရိုက်တာ ဦးဇော်လင်းအောင်၊ AAPP အတွင်းရေးမှူး ဦးတိတ်နိုင်၊ ဒို့အိမ်မှ လက်ထောက် ဒါရိုက်တာဘယ်(လ်)ဗလီတို့က မုဒိတာ စကားပြောကြားခဲ့ကြပြီး ပန်းဘဲတန်းမြို့နယ် တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ကျေးဇူးတင် စကားပြန်လည်ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသ ကြီးလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ ရန်ကုန် မြို့တော်ဝန်နှင့် တာဝန်ရှိသူများက နောက်ဖေးလမ်းကြား ဥယျာဉ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
“အားလုံးအတူတကွ ပူးပေါင်းပါဝင်သော လူမှုဝန်း ကျင်” ဟူသည့် ခေါင်းစဉ်အောက်တွင် ပုံဖော်ဖန်တီးထား သည့် အဆိုပါ နောက်ဖေးလမ်းကြားဥယျာဉ်သည် ဒို့အိမ် လူမှုအကျိုးပြုလုပ်ငန်းရှိ ရန်ကုန်မြို့တွင် ဖော်ဆောင်လျက် ရှိသော နောက်ဖေးလမ်းကြား ဥယျာဉ်များအနက်မှ ၁၁ ခု မြောက် နောက်ဖေးလမ်းကြား ဥယျာဉ်ဖြစ်သည်။ ရန်ကုန်မြို့ တော် စည်ပင်သာယာရေးကော်မတီ၏ ပူးပေါင်းပါဝင်မှု၊ ကမ္ဘောဇဘဏ်၏ ပံ့ပိုးကူညီမှု၊ ဒို့အိမ်အဖွဲ့နှင့် ရပ်ကွက် နေပြည်သူများ အတူတကွ ဒီဇိုင်းရေးဆွဲဆောင်ရွက်မှု ကြောင့် ရန်ကုန်မြို့နောက်ဖေးလမ်းကြားတစ်ခုကို ပြန် လည်ပြုပြင်ကာ နောက်ဖေးလမ်းကြားဥယျာဉ်တစ်ခု အဖြစ် ဖန်တီးနိုင်ခဲ့ခြင်းဖြစ်သည်။
မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်းများ ထိန်းသိမ်းစောင့်ရှောက် ရေးအဖွဲ့ အမှတ် ၉ ရပ်ကွက် အဖွဲ့ခေါင်းဆောင် ဦးဝင်းစိန် က နောက်ဖေးလမ်းကြားဥယျာဉ်ရေရှည်ထိန်းသိမ်းမှုနှင့် ပတ်သက်၍ “ကျွန်တော်တို့ ရပ်ကွက်နေသူတွေကို နား လည်မှုရှိအောင် ပညာပေးရမယ့် သဘောတော့ရှိတယ်။ ပြီးတော့ ကော်မတီအဖွဲ့ဝင်တွေကလည်း ပြီးသွားပြီဆိုလို့ မရဘူး။ ကျွန်တော်တို့က ဆက်ပြီးလုပ်ရဦးမှာပါ။ ဒီအရာ ကို ရေရှည်ထိန်းသိမ်းဖို့အတွက်က ကျွန်တော်တို့ အဖွဲ့တွေ ရော၊ ရပ်ကွက်လုပ်သား ပြည်သူတွေပါ အားလုံးမှာ တာ ဝန်ရှိပါတယ်” ဟု ပြောကြားသည်။
နောက်ဖေးလမ်းကြားဥယျာဉ်၏ နံရံဆေးရေးပန်းချီ ကို မြန်မာနိုင်ငံ ပန်းချီ၊ ပန်းပုအသင်းမှ ပန်းဘဲတန်း မြို့နယ်နေ ပန်းချီ၊ ပန်းပု ပညာရှင် ၃၀ ပါဝင်သည့်အဖွဲ့က တာဝန်ယူပုံဖော်ရေးဆွဲခဲ့ကြောင်း သိရသည်။
ထို့အပြင် လူ့အခွင့်အရေးနှင့် ပတ်သက်သော ပန်းချီ ကားများ၊ မျက်စိပသာဒဖြစ်ရန် အနုပညာ လက်ရာဒီဇိုင်း ဖန်တီးထားမှုများ၊ အလှပန်းအိုးများ၊ ကလေးများ ကစား နိုင်ရန် ပစ္စည်းများကိုလည်း ထည့်သွင်းပုံဖော်ထားကြောင်း တွေ့ရသည်။
ရန်ကုန်မြို့၏ နောက်ဖေးလမ်းကြားများကို သန့်ရှင်း လှပအောင် ထိန်းသိမ်းပြီး မြို့နေလူထုအတွက် အပန်းဖြေ အနားယူ ကစားစရာနေရာများအဖြစ် ဖန်တီးပေးရန် ရည်ရွယ်ချက်ဖြင့် ဒို့အိမ်လူမှု အကျိုးပြုအဖွဲ့မှ နောက် ဖေးလမ်းကြား ဥယျာဉ်စီမံကိန်းများကို အကောင် အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရ သည်။
ထင်ပေါ်ဝင်း(ကမာရွတ်)
ဓာတ်ပုံ - ထိန်လင်း