Skip to main content

ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း မင်းကင်းမြို့နယ်အတွင်းရှိ ကျေးလက်လမ်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်

နေပြည်တော် မတ် ၁၀

ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းသည် မတ် ၉ ရက် တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ လာဘို့ - မင်းကင်းလမ်း၊ ပေ ၁၂၀ အရှည်ရှိ မြင်းအော် တံတားကို ဘေလီတံတားမှ နှစ်လွှာတစ်ထပ် ဘေလီတံတားအဖြစ် ပြုပြင်၍ ကြမ်းခင်းအသစ် လဲလှယ်နေမှုနှင့် ကနီ - မင်းကင်း - တောင်တွင်းချောင်လမ်းပေါ်ရှိ ပုထိုးလုံးတံတား ချဉ်းကပ် မြေသားလမ်း လုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် မင်းကင်းမြို့နယ် ချင်းတွင်းမြစ် အနောက်ဘက်ကမ်း မြစ်ရိုးအထက်ပိုင်းရှိ ကမ်းပြည့်  - ချောင်းဝ - ဆပ်စား - အူ - ယုံထောင် - အင်းကုန်းကြီး - ရွာဘ - တရာ ကျေးရွာချင်းဆက်လမ်းကို ကြည့်ရှုစစ်ဆေးပြီး ချောင်းဝရွာအလယ်တန်းကျောင်း၌ ကျေးရွာလမ်းကော်မတီဝင်များ၊ ဒေသခံပြည်သူများ နှင့်တွေ့ဆုံပြီး ကမ်းပြည့်မှ တရာကျေးရွာ အထိ (၁၉)မိုင် (၁)ဖာလုံမှ လမ်းဖောက်ရန် ကျန်ရှိသော (၁၄)မိုင် (၆)ဖာလုံအား (၁၈)ပေ အကျယ် မြေသားလမ်းဖောက်လုပ်ခြင်းနှင့် ရာသီမရွေးသွားလာနိုင်ရန် အမာခံ ဂျင်းလမ်းခင်းခြင်း တို့ကို မိုးမကျမီ အပြီးဆောင်ရွက်နိုင်ရန် ညှိနှိုင်းဆောင်ရွက်ပေးသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ချင်းတွင်းမြစ် အရှေ့ဘက်ကမ်း မင်းကင်းမြို့နယ် အတွင်းရှိ မုံရွာ - ရေဦး - ကလေးဝလမ်းနှင့် ဆက်စပ်နေသော ယုံသာ - လက်ပံဆိပ် - အညာလယ် - မောက္ကတော် - ပိတ်ချင်းတော- စမြင် - ဇလုပ်မ - ပျဉ်ကိုင်း ကျေးရွာချင်း ဆက်လမ်း (၃၅)မိုင် (၇)ဖာလုံကို ယခုဘဏ္ဍာနှစ်အတွင်း (၁၈)ပေအကျယ် မြေသားလမ်း ဖောက်လုပ်ခြင်းနှင့် ရာသီမရွေး သွားလာနိုင်ရန် အမာခံဂျင်းလမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးရန် ယုံသာကျေးရွာ အလယ်တန်းကျောင်းခွဲ၌  ကျေးရွာလမ်းကော်မတီများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)