Skip to main content

COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် နေ့စဉ်ညှိနှိုင်း အစည်းအဝေး (၃၂/၂၀၂၀) ကျင်းပ

နေပြည်တော် မတ် ၁၀

Coronavirus Disease 2019 (COVID-19) ရောဂါစောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ် ထိန်းချုပ်ရေး ဗဟိုအဆင့် နေ့စဉ်ညှိနှိုင်းအစည်းအဝေး (၃၂/၂၀၂၀)ကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၌ ကျင်းပသည်။

အစည်းအဝေးတွင် အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက ကိုးရီး ယားသမ္မတနိုင်ငံတွင် ဖြစ်ပွားခဲ့သော သာဓကများအရ မြန်မာနိုင်ငံအတွင်း၌ လူစုလူဝေးများ ဖြင့် ပြုလုပ်ကျင်းပရမည့် ပွဲလမ်းသဘင်များအား အတတ်နိုင်ဆုံးလျှော့ချနိုင်ရေး (သို့မဟုတ်) ဆိုင်းငံ့နိုင်ရေးကို အလေးပေး ညှိနှိုင်းဆောင်ရွက်စေလိုကြောင်းနှင့် အကယ်၍ မဖြစ်မနေ ကျင်းပရမည်ဆိုပါကလည်း လူဦးရေအနည်းဆုံးဖြင့်သာ ကျင်းပပြုလုပ်သွားရန် သက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်းပြင်ဆင်ဆောင်ရွက်စေလိုကြောင်း။

အီတလီနိုင်ငံတွင် COVID-19 ရောဂါ ဖြစ်ပွား/သေဆုံးမှု ဖြစ်စဉ်များအရ ရောဂါဖြစ်ပွားမှုသည် ရုတ်တရက်မြင့်တက်လာသည်ကို တွေ့ရှိရသကဲ့သို့ မိမိတို့နိုင်ငံတွင်လည်း အလားတူ အခြေအနေမျိုးဖြစ်ပွားနိုင်သည့်အတွက် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့်၍ ဆက်လက်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း။

COVID-19 ရောဂါဖြစ်ပွားမှုမြင့်တက်နေသော နိုင်ငံများမှ ခရီးသည်များ မြန်မာနိုင်ငံ အတွင်း ဝင်ရောက်မှုကို တင်းကျပ်စွာစိစစ်၍ဆောင်ရွက်ရန်နှင့် လေဆိပ်များတွင် ရောဂါရှာ ဖွေရေးလုပ်ငန်းများကို အရှိန်အဟုန်မလျှော့ဘဲ ဆက်လက်ဆောင်ရွက်စေလိုကြောင်း၊ တစ် ကိုယ်ရည်ရောဂါကာကွယ်ရေးဝတ်စုံ (Personal Protective Equipment) များ အသုံးပြုရာ တွင် စနစ်ကျထိရောက်ကာ အလေအလွင့်မရှိစေရန် WHO မှ ထုတ်ပြန်ထားသော လမ်း ညွှန်ချက်အတိုင်း အသုံးပြုကြစေလိုကြောင်း။

တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုရန် သတ်မှတ်ထားသော စာစစ်ဌာနများတွင် COVID-19 နှင့် ပတ်သက်သော ကျန်းမာရေးအသိပညာပေး အချက်အလက်များအားလည်းကောင်း၊ လက်သန့်စင်ဆေးရည် (Hand Gel)နှင့် နှာခေါင်းစည်း (Surgical Mask) များ ထားရှိပေးရန် အတွက်လည်းကောင်း သက်ဆိုင်ရာပညာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်စေလို ကြောင်း၊ ဆေးရုံတွင် အသွားအလာ တားမြစ်ပိတ်ပင်ခြင်း ကန့်သတ်ခြင်း (Quarantine) လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လိုအပ်သည့် ပြင်ဆင်မှုများအား သက်ဆိုင်ရာ ဆေးရုံအုပ် ကြီးများမှ  ညှိနှိုင်းဆောင်ရွက်စေလိုကြောင်း။

ကျန်းမာရေးဝန်ထမ်းများ ရောဂါကူးစက်မှုမရှိစေရေးအတွက် ရောဂါကူးစက် ပြန့်ပွားမှု ထိန်းချုပ်ရေး (Infection Prevention and Control - IPC) လုပ်ငန်းလမ်းညွှန်ချက် များအား လိုက်နာဆောင်ရွက်စေလိုကြောင်း၊ COVID-19 ရောဂါသံသယလူနာအား Category C (WHO Case Definition) သတ်မှတ် ဆုံးဖြတ်ရာတွင် လူနာအားတိုက်ရိုက်ကုသပေးသော သက်ဆိုင် ရာဆရာဝန်မှ ပထမအဆင့် သတ်မှတ်ဆုံးဖြတ်ပြီး Clinical Management Committee အား သတင်းပေးပို့စေလိုကြောင်း၊ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်လုံးဝမလျှော့ ဘဲ ဆက်လက်ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ COVID-19 ရောဂါနှင့်ပတ်သက်သည့် Daily Update Situation များ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် လူနာအသစ်ဖြစ်ပွားမှု နည်းပါးလာသော်လည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြင်ပနိုင်ငံများ (အီရန်၊ အီတလီ၊ ဂျပန်၊ ဂျာမနီ၊ ပြင်သစ်၊ ကိုးရီးယားသမ္မတနိုင်ငံ)တွင် လူနာအသစ်ဖြစ်ပွားမှု မြင့်တက်လျက်ရှိသည့် အခြေ အနေများ၊ တိုင်းဒေသကြီး/ပြည်နယ်များအတွင်းရှိ ညွှန်းပို့ဆေးရုံကြီးများ (Designated Hospitals) နှင့် အခြားသောဆေးရုံကြီးများရှိ စောင့်ကြည့်လူနာများ၏ အခြေအနေများနှင့် ထူးခြားဖြစ်စဉ်များ၊ ဓာတ်ခွဲနမူနာ စစ်ဆေးထားရှိသည့်အခြေအနေများ၊ အပြည်ပြည်ဆိုင်ရာ လေဆိပ်/ ရေဆိပ်များ၊ နယ်စပ် ဝင်ပေါက်/ ထွက်ပေါက်ဂိတ်များမှ ဝင်ထွက်သွားလာမှု အခြေအနေများနှင့် ထူးခြားဖြစ်စဉ်များ၊ ရောဂါအစုလိုက်ဖြစ်ပွားပါက ဖြစ်ပေါ်လာနိုင်သော အခက်အခဲများဖြစ်သည့် Logistics အပိုင်းအား ကြိုတင်ပြင်ဆင်ထားရှိရန်ကိစ္စရပ်များ။

တိုင်းဒေသကြီး/ပြည်နယ်များသို့ လိုအပ်ချက်အတိုင်း ပေးဝေနိုင်ရန်  PPE များဝယ်ယူ ရန်အတွက် စီစဉ်ထားရှိသည့် အခြေအနေများ၊ ကျန်းမာရေးအသိပညာ မြင့်တင်ရေးဌာနခွဲမှ Social Distancing အား ပြည်သူများပိုမို အလေးထားလိုက်နာစေရန် ဆောင်ရွက်နေမှုများ၊ COVID-19 ရောဂါဖြစ်ပွား/သေဆုံးမှု မြင့်တက်နေသည့်နိုင်ငံများမှ ပြန်လည်ရောက်ရှိလာမည့် မြန်မာနိုင်ငံသားများအတွက် လိုအပ်ပါက Hospital Quarantine (၁၄) ရက်ထားရှိ နိုင်ရေး အတွက် ပြင်ဆင်ထားရှိမှုအခြေအနေများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ပြောင်းလဲသတ်မှတ်ခဲ့သည့် ရောဂါအဓိပ္ပာယ် (Case definition) နှင့်အညီ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ကုသရေး နှင့် ဓာတ်ခွဲလုပ်ငန်းများ ဆက်လက် ဆောင်ရွက်မည့်ကိစ္စရပ်များ စသည်တို့ကို ဆွေးနွေးကြသည်။

(သတင်းစဉ်)