မြန်မာပြည်တစ်ဝန်းမှ ကျောင်သား ကျောင်းသူများ ၂၀၁၉-၂၀၂၀ တက္ကသိုလ်ဝင် စာမေးပွဲကြီး ယနေ့စတင်ဖြေဆိုကြပြီ ဖြစ်သည်။ အခြေခံပညာအဆင့်ကို အပြီးသတ် ဖြတ်ကျော်ရန်အတွက် ရုန်းကန်ကြိုးစားနေကြသော ကျောင်းသား ကျောင်းသူများအားလုံး စာမေးပွဲကို အောင်မြင်ချောမွေ့စွာ ဖြေဆိုနိုင်ကြပါစေဟု ဆုမွန်ကောင်း တောင်းအပ်ပါသည်။
ယမန်နှစ်က တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြသူ ကျောင်းသား ကျောင်းသူ ကိုးသိန်းနီးပါးရှိသည့်အနက် မြန်မာဘာသာဖြေဆိုသည့်နေ့တွင် ပျက်ကွက်သူ ကျောင်းသားကျောင်းသူလေးသောင်းကျော်ရှိခဲ့ရာ ယခုစာသင်နှစ်တွင် ပျက်ကွက်သူအနည်းဆုံးဖြင့် ဖြေဆိုကြလိမ့်မည်ဟု မျှော်လင့်ပါသည်။ စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းထားပြီး လာရောက်မဖြေဆိုကြသော ကျောင်းသား ကျောင်းသူများမှာ များသောအားဖြင့် အပြင်ဖြေများ ဖြစ်ကြသည်။ ကျောင်းစာနှင့်ဝေးကာ ဘဝအတွက်ရုန်းကန်နေကြရသဖြင့် စာမေးပွဲအတွက် မပြင်ဆင်နိုင်ဘဲ လက်လျှော့လိုက်ကြဟန် တူသည်။
တက္ကသိုလ်ဝင်စာမေးပွဲသည် အခြေခံပညာအဆင့်တွင် အရေးအကြီးဆုံး စာမေးပွဲဖြစ်ပြီး စာမေးပွဲအောင်မြင်ရေးအတွက် တစ်ပွဲတိုး တစ်ပွဲစမ်း ဖြေဆိုခြင်းဖြင့် ရနိုင်မည်မဟုတ်ဘဲ နှစ်စကတည်းက ပုံမှန်လေ့လာဆည်းပူး အားထုတ်မှသာ စာမေးပွဲသို့ ဝင်ရောက်ဖြေဆိုနိုင်၊ အောင်မြင်မှုရနိုင်မည် ဖြစ်သည်။ ဘဝအခက်အခဲအမျိုးမျိုးကြောင့် အချိန်မပေးနိုင်လျှင်လည်း တတ်နိုင်သမျှ ကြိုးပမ်းဆည်းပူးအားထုတ်ပြီး မလျှော့တမ်းစွဲဖြင့် ကျားကုတ် ကျားခဲဖြေဆိုကြရန် အကြံပြုပါသည်။
တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြသည့် ကျောင်းသားကျောင်းသူများသည် ၎င်းတို့အတွက် သော်လည်းကောင်း၊ မိသားစုအတွက်သော်လည်းကောင်း အလွန်အရေးကြီးသော အချိန်အခါဖြစ်၍ စာမေးပွဲကို ချောမွေ့စွာဖြေဆိုနိုင်ရေးအတွက် အာရုံစူးစိုက်နေရသော အချိန်အခါဖြစ်သည်။ ထိုအချိန်အခါတွင် အရေးအကြီးဆုံးအချက်များမှာ ကျောင်းသားကျောင်းသူတို့၏ ကျန်းမာရေး၊ မိသားစုအရေး၊ ပတ်ဝန်းကျင်အရေး ထိုအရေးသုံးပါးသည် အရေးအကြီးဆုံးဖြစ်၍ ဝိုင်းဝန်းဂရုစိုက် အလေးထား ဆောင်ရွက်ပေးသင့်ပါသည်။
ကျောင်းသား ကျောင်းသူများအနေဖြင့် ကျောင်းပညာကို တစ်နှစ်ပတ်လုံး သင်ယူလေ့လာ ဆည်းပူးခဲ့ကြပြီး စာမေးပွဲနီးချိန်တွင် သင်ကြားခဲ့သမျှကို ပြန်လည်သုံးသပ်မှတ်သားခြင်း အလုပ်ဖြင့် ပေါ့ပေါ့ပါးပါးလုပ်ရန်သာ ရှိတော့သည်။ တစ်နှစ်ပတ်လုံးလည်း ပင်ပင်ပန်းပန်း ကြိုးစားအားထုတ်ခဲ့ပြီး စာမေးပွဲဖြေဆိုချိန်တွင် အအိပ်ပျက်၊ အစားပျက်ကာ ကျန်းမာရေးမထိခိုက်ဖို့ လိုအပ်ပါသည်။ ထို့အပြင် ရာသီဥတု အပြောင်းအလဲဖြစ်ပေါ်မှုနှင့် ရာသီအလိုက်ဖြစ်ပွားတတ်သော မသင့်လျော်သည့် အစားအသောက်နှင့် အဖျားအနာတို့ မဖြစ်ပွားအောင်လည်း အထူးဂရုစိုက်ရမည်ဖြစ်သည်။
မိသားစုများအနေဖြင့်လည်း မိမိတို့ကလေးဘဝ နောင်ရေးတိုးတက်ရေးအတွက် စာမေးပွဲကို ချောမွေ့လွယ်ကူစွာ ဖြေဆိုနိုင်ရန် လိုအပ်သည်များကို ဝိုင်းဝန်းအားပေး ဖြည့်ဆည်း ပေးကြရမည်ဖြစ်သည်။ မိမိတို့၏ မိသားစု အခက်အခဲများ၊ ပြဿနာများကို စာမေးပွဲဖြေဆိုနေချိန် ကာလတွင် ခေတ္တ ဘေးဖယ်ထားပြီး မိမိတို့၏ကလေးငယ်စာမေးပွဲကို ချောမွေ့စွာဖြေဆို အောင်မြင်နိုင်ရေးအတွက် မိဘအုပ်ထိန်းသူများအနေဖြင့် ဆောင်ရွက် ကြလိမ့်မည်ဟု ယုံကြည်ပါသည်။
အထူးသဖြင့် တက္ကသိုလ်ဝင်စာမေးပွဲသာမက ကလေးငယ်များ စာမေးပွဲ ဖြေဆိုနေကြသော အချိန်တွင် ပတ်ဝန်းကျင်၌ ကျောင်းသား ကျောင်းသူများ အနှောင့်အယှက်ဖြစ်စေနိုင်သည့် အပြုအမူ၊ အပြောအဆိုများနှင့် ခိုက်ရန်ဖြစ်ပွားမှုများကို အထူးသတိထားရှောင်ကြဉ်ရမည် ဖြစ်သည်။ သက်ဆိုင်ရာ အာဏာပိုင်တို့အနေဖြင့်လည်း ထိုအချိန်ကာလတွင် ရပ်ရွာအေးချမ်းရေးကို အနှောင့်အယှက်ဖြစ်စေနိုင်သော ကိစ္စများအတွက် ရပ်ရွာအလိုက်သတိပေး အကြောင်းကြားထားပြီးဖြစ်ရာ အထူးသဖြင့် ရပ်ကွက်အတွင်း အရက်သေစာ ရောင်းချခြင်း၊ စားသောက်ဆိုင်များ၊ ဖျော်ဖြေဆိုင်များ၊ ပတ်ဝန်းကျင် ဆူညံ ညစ်ညမ်းမှုဖြစ်စေသော ဆိုင်များအား သတ်မှတ်ထားသော စည်းကမ်းနှင့် အညီ လိုက်နာဆောင်ရွက်ရေး သတိပေးရမည်ဖြစ်သည်။
သို့ဖြစ်ရာ တက္ကသိုလ်ဝင်စာမေးပွဲနှင့် အခြေခံပညာစာမေးပွဲများ ဖြေဆိုနေသောအချိန်ကာလတွင် ကျောင်းသား ကျောင်းသူများကို ထိခိုက် စေနိုင်သော အရေးသုံးပါးအား အလေးထား လိုက်နာဆောင်ရွက်ခြင်းဖြင့် ကျောင်းသားကျောင်းသူများ၏ အနာဂတ်အတွက် ပိုမိုကောင်းမွန်လာမည်ဟု မျှော်လင့်ပါသည်။ ။