Skip to main content

အထူးအစီရင်ခံစာတင်သွင်းသူများအနေဖြင့် စိတ်ရင်းမှန်ဖြင့် ဘက်လိုက်မှုမရှိဘဲ ဓမ္မဓိဋ္ဌာန်ကျကျ ပြုမူဆောင်ရွက်ရန် လိုအပ်ကြောင်း မြန်မာအမြဲတမ်းကိုယ်စားလှယ် တုံ့ပြန်ပြောကြား

နေပြည်တော် မတ် ၁၃


ဂျီနီဗာမြို့တွင် ကျင်းပလျက်ရှိသည့် (၄၃) ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးကာလအတွင်း မတ် ၁၀ ရက် နံနက်ပိုင်း တွင် ပြုလုပ်ခဲ့သည့် မြန်မာ နိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူး အစီရင်ခံစာတင်သွင်းသူ မစ္စယန်ဟီလီနှင့် အပြန်အလှန်ဆွေးနွေးမှု၌ မြန်မာ အမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက သက်ဆိုင်ရာ နိုင်ငံအနေဖြင့် တုံ့ပြန်ပြောကြားမှုများ ပြုလုပ်ခဲ့သည်။

အလုံးစုံငြိမ်းချမ်းရေးရရှိရေးအတွက် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်နေ

အမြဲတမ်းကိုယ်စားလှယ်က ပြောကြားရာ၌ ဒီမိုကရေစီလမ်းကြောင်း တွင် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး သည် ဒင်္ဂါးပြားတစ်ခု၏ မျက်နှာစာနှစ်ဖက်ကဲ့သို့ပင် မုချယှဉ်တွဲလျက် ရှိကြောင်း အလေးအနက်ပြောကြားကာ မြန်မာအစိုးရအနေဖြင့် ၂၀၁၆ ခုနှစ် စတင်တာဝန်ထမ်းဆောင်စဉ်ကတည်းက အကန့် အသတ်များကြားမှ နိုင်ငံ ဖွံ့ဖြိုးတိုးတက်‌ရေးနှင့် အဓွန့်ရှည် တည်တံ့သည့် အလုံးစုံငြိမ်းချမ်းရေး ရရှိရေးအတွက် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်နေမှုများကို ပြောကြားခဲ့ သည်။

ထို့ပြင် မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးပေါင်းစုံနှင့် ဘာသာပေါင်းစုံ စုဝေးနေထိုင်လျက်ရှိကြောင်း၊ သို့ဖြစ်ရာ မတူကွဲပြား သည့် အသိုက်အဝန်းအားလုံး၏ ယဉ်ကျေးမှုနောက်ခံနှင့် ထူးခြားသည့် သမိုင်းကြောင်း များကို နားလည်မှုမရှိဘဲ မိမိ၏ သဘောထား အမြင်ဇာတ်ကြောင်း(Narrative) ကို အခြေခံ၍ သုံးသပ်ကောက်ချက်ချခြင်းသည် အသိုက်အဝန်း များအကြား ပိုမို အထင်လွဲမှားမှုများ ဖြစ်စေလိမ့်မည်ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့ပါသည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် စပ်လျဉ်း၍ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင် ကျင်းပခဲ့သည့် (၈)ကြိမ်မြောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် အကောင် အထည် ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်း အဝေး၌ ကောင်းမွန်သည့်ရလဒ်များ ရရှိခဲ့မှုနှင့် ယခုနှစ် ပထမလေးလတာကာလအတွင်း ပြည်ထောင်စု ငြိမ်းချမ်း ရေးညီလာခံ-(၂၁) ရာစု ပင်လုံစတုတ္ထအစည်းအဝေးကို ကျင်းပရန် လျာထားမှုတို့အား အသိပေးပြောကြားခဲ့သည်။

စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့အခွင့်အရေး အကာအကွယ်ပေးရေး

ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုရရှိရေး ကြိုးပမ်းမှုနှင့် စပ်လျဉ်း၍ မြန်မာအမြဲတမ်းကိုယ်စားလှယ်က UNDP နှင့် ပူးပေါင်း၍ စီးပွားရေးနှင့် လူ့အခွင့်အရေး ဦးဆောင် ဦးရွက်ပြုဆောင်ရွက်မှု (Business and Human Right Initiatives) နှင့် OECD နှင့် Myanmar Centre for Responsible Business တို့နှင့် ပူးပေါင်း၍ တာဝန်ယူမှုရှိသော စီးပွားရေး လုပ်ငန်း ‌ဆောင်ရွက် ချက်များကို မြှင့်တင်ရေးတို့အပါအဝင် တာဝန်ယူမှု ရှိသော ရင်းနှီးမြှုပ်နှံမှုရပ်ဝန်းဖြစ်ရန်အတွက် စီးပွားရေးဖွံ့ဖြိုးတိုး တက်ရေးနှင့် လူ့အခွင့်အရေး အကာအကွယ်ပေးရေးတို့အကြား ဟန်ချက်ညီမှုရှိရေး အစိုးရ၏ဆောင်ရွက်နေမှုအချို့ကို မီးမောင်းထိုး ပြသ ခဲ့သည်။

ဆက်လက်၍ အမြဲတမ်းကိုယ်စားလှယ်က အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေကြမ်းအား လွှတ်တော်သို့ တင်ပြထားမှု အပါအဝင် နိုင်ငံတွင်း၌ ဥပဒေ ဆိုင်ရာ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်နေမှု အခြေအနေကို အသိပေးပြောကြားခဲ့သည်။

ထို့အပြင် ဖေဖော်ဝါရီ ၂၅ ရက်ကတည်းက လွှတ်တော်တွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအဆိုအား အကြိတ် အနယ် ဆွေးနွေး လျက်ရှိကြောင်း၊ ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ရည်မှန်းချက်ရရှိရေး အကောင် အထည်ဖော်ရေးကို မိမိတို့အနေဖြင့် သန္နိဋ္ဌာန် ချထား‌ကြောင်း၊ သို့ရာတွင် အချိန်အတိုင်းအတာ လိုအပ်ကြောင်း ပြောကြား ခဲ့သည်။

၂၀၂၀ ပြည့်နှစ်၊ နှောင်းပိုင်းတွင် ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲ နှင့် စပ်လျဉ်း၍ ပြောကြားရာတွင် online နှင့် offline တွင် သတင်းအမှားများ နှင့် အမုန်းပွားဖွယ်စကားများကို ကိုင်တွယ် ဖြေရှင်းရေးအတွက် သက်ဆိုင်ရာတို့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိခြင်း အပါအဝင် ရွေးကောက်ပွဲအတွက် ပြင်ဆင်ဆောင်ရွက်နေမှုများကို အသိပေးပြောကြားခဲ့ပြီး အခွင့်အရေးနှင့် တာဝန်ခံမှု တာဝန်ယူမှု၊ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်မှုနှင့် အမုန်းစကားများ မပြန့်ပွားရေးအကြား ဟန်ချက်ညီမှုရှိရန် အရေးကြီးသည်ကို အသိပြုရမည် ဖြစ်ကြောင်း ထောက်ပြပြောကြားခဲ့သည်။

နေရပ်စွန့်ခွာသူများ ပြန်လည်လွှဲပြောင်းရေးနှင့် စပ်လျဉ်း၍ အမြဲတမ်း ကိုယ်စားလှယ်က ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ၏ စိုးရိမ်ပူပန်မှု များကို နားလည်ကြောင်း၊ နေရပ် စွန့်ခွာသူများ ပြန်လည်လွှဲပြောင်းရေး လုပ်ငန်းစဉ် တရားဝင်စတင်ခြင်းမရှိသေး သော်လည်း မိမိဆန္ဒအလျောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရခိုင်ပြည်နယ်သို့ နေရပ်ပြန်လာသည့်သူ ၃၀၀ ကျော် ရှိပြီဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုလည်း နှစ်နိုင်ငံ လက်မှတ်ရေးထိုးထားသည့် သဘောတူညီချက်များအား အတိအကျလိုက်နာ ရေး ထပ်မံတောင်းဆိုခဲ့ကာ ရခိုင်ပြည်နယ်အတွင်း UNDP၊ UNHCR တို့နှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်မှုများကို အသိပေးပြောကြားခဲ့သည်။

အထူးအစီရင်ခံစာတင်သွင်းသူများ လုပ်ငန်းကျင့်ဝတ် စောင့်ထိန်း

မြန်မာအမြဲတမ်းကိုယ်စားလှယ်က အထူးအစီရင်ခံစာတင်သွင်းသူများအနေဖြင့် နိုင်ငံတစ်နိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေတိုး တက်ရေး အကြံပြုရာတွင် စိတ်ရင်းမှန်ဖြင့် ဘက်လိုက်မှုမရှိဘဲ ဓမ္မဓိဋ္ဌာန်ကျကျပြုမူကာ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့အပြင် အထူးအစီရင်ခံစာတင်သွင်းသူများအနေဖြင့် လုပ်ငန်းကျင့်ဝတ်များ ကို တိကျစွာလိုက်နာ စောင့်ထိန်းပြီး ပညာရှင်ဆန်ဆန် သက်ဆိုင်သူများအားလုံး ၏ ပြောကြားချက်များကို နားထောင်ရန်မှာလည်း များစွာပဓာန ကျကြောင်း ထောက်ပြပြော ကြားခဲ့သည်။

မြန်မာနိုင်ငံသည် ဒီမိုကရေစီအတွက် သမိုင်းတွင် နောက်ထပ် အဆင့်တစ်ခုကို အကောင်အထည်ဖော်ရေး ရှေ့ဆက်ဆောင်ရွက် နေစဉ်တွင် အပြု သဘောမဆောင်သည့်လုပ်ရပ်များ၊ အရေးယူ ဒဏ်ခတ်သည့် ဆောင်ရွက်မှု များ၊ မလိုမုန်းထား ပြုမူမှုများသည် နိုင်ငံရှိ မတူကွဲပြားသည့် အသိုက်အဝန်း များအကြား စည်းလုံးမှုပြိုကွဲစေရန်နှင့် ယုံကြည်မှုမရှိဖြစ်စေရန် ကိုသာ ဦးတည် နေသော အဟန့်အတားများဖြစ်ကြောင်းကို သတိပြုရန်အရေးကြီးကြောင်း အလေးအနက် ပြောကြားခဲ့သည်။

သတင်းစဉ်