မန္တလေးငလျင်ကြီး လှုပ်ခတ်မှုကြောင့် မြန်မာနိုင်ငံအထက်ပိုင်း စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ နေပြည်တော်ကောင်စီနယ်မြေနှင့် ကချင်ပြည်နယ်တို့မှ တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများ ပျက်စီးဆုံးရှုံးသွားခဲ့သည်ကို အားလုံးသိရှိကြပြီးဖြစ်သည်။ အဆိုပါဒေသများမှ ဘာသာပေါင်းစုံဖြေဆိုထားသော ကျောင်းသား ကျောင်းသူ စုစုပေါင်း ၆၃၀၀၀ ခန့်ရှိပြီး ၎င်းတို့၏ကိုယ်စီအရည်အချင်းများကို ပြန်လည်အသိအမှတ်ပြုရန်အတွက် လာမည့် ဇွန်လ ၁၆ ရက်နေ့မှစ၍ တက္ကသိုလ်ဝင်စာမေးပွဲများ ပြန်လည်ဖြေဆိုရန် မြန်မာနိုင်ငံစာစစ်အဖွဲ့က အသိပေးကြေညာခဲ့သည်။
အဆိုပါအသိပေးကြေညာချက်နှင့်ပတ်သက်၍ မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူများကြား၌ ဝေဖန်သုံးသပ်မှုများ အမျိုးမျိုးပေါ်ထွက်လာကြသည်ကို ကြားသိကြရမည်ဖြစ်သည်။ မတူကွဲပြားသော လူမှုအသိုက်အဝန်းများကြား၌ မန္တလေးငလျင်လှုပ်ခတ်မှုဒဏ်ကို ခံစားနေရသည့်အခါ၌ ပြန်လည်ဖြေဆိုရန်မသင့်ဘဲ အားလုံးအအောင်ပေးစေလိုသူများ၊ ကြိုးစားအားထုတ်နိုင်မှုအခြေအနေများအလိုက် ပြန်လည်ဖြေဆိုရန် လိုလားသူများစသည်ဖြင့် ပြည်သူများကြား၌ ဝိဝါဒသဘောထားအမျိုးမျိုးကွဲပြားမှုများ ပေါ်ထွက်လာသည်။ မြန်မာနိုင်ငံ၏ ရှေးကာလက အကြောင်းကိစ္စတစ်ခုကြောင့် သတ္တမတန်းကျောင်းသား ကျောင်းသူများကို အားလုံး စာမေးပွဲအအောင်ပေးမှုရှိသော်လည်း ယခုအခြေအနေသည် ၎င်းအခြေအနေနှင့် မတူသည်ကို သတိပြုဖို့လိုမည်ဖြစ်သည်။
ယခုအခြေအနေသည် မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြစ်ပွားခြင်းမဟုတ်ဘဲ ငလျင်ဒဏ်သင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသအချို့တွင် ဖြစ်ပေါ်ခဲ့ခြင်းသာဖြစ်သည်။ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် နိုင်ငံခြားစာစစ်ဌာန ၁၃ ခုနှင့် ပြည်တွင်းစာစစ်ဌာန စုစုပေါင်း ၈၁၇ ခု ဖွင့်လှစ်ပေးခဲ့ရာ စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း ၂၂၀၈၄၃ ဦးရှိပြီး လက်တွေ့ဖြေဆိုမှုအခြေအနေအရ နိုင်ငံခြားစာစစ်ဌာန လေးခုနှင့် ပြည်တွင်းစာစစ်ဌာန ၈၀၄ ခု စုစုပေါင်းစာစစ်ဌာန ၈၀၈ ခု ဖွင့်လှစ်ဖြေဆိုခဲ့ကာ စာရင်းပေးသွင်းပြီး မဖြေဆိုကြသူများနှင့် ပျက်ကွက်သူများအရ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူများမှာ တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် ရာခိုင်နှုန်း ၉၀ ကျော်ရှိကြောင်း သိရသည်။
တက္ကသိုလ်ဝင်တန်း Grade-12 သည် အခြေခံပညာအဆင့်တွင် နောက်ဆုံးအဆင့်ဖြစ်ပြီး ကျောင်းသား ကျောင်းသူများ၏ ဘဝရည်မှန်းချက်အတွက် အဆုံးအဖြတ်ပေးနိုင်သောအဆင့်ဖြစ်သည်။ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်စစ်ဆေးရခြင်းရည်ရွယ်ချက်သည် တရားမျှတမှုရှိစေရေး၊ ဂုဏ်သိက္ခာရှိစေရေးနှင့် Academic Career ကို အထောက်အကူပြုစေရေးအတွက်ဖြစ်သည်။ မျှတမှုရှိစေရန်ဆိုရာ၌ ကျောင်းသား ကျောင်းသူများအားလုံးသည် စာမေးပွဲအောင်မြင်ရန် ရည်မှန်းချက်အပြင် အနာဂတ်ရည်မှန်းချက်ကို ကိုယ်စီမျှော်မှန်း၍ အစွမ်းကုန်ကြိုးစားခဲ့ကြသူ များဖြစ်သည်။ ယင်းတို့တွင် ရိုးရိုးအောင်မြင်လိုသူများနှင့် အထူးအောင်မြင်လိုသူများ လည်းရှိမည်ဖြစ်ရာ အားလုံးတစ်ပြေးညီ အောင်မြင်မည်ဆိုပါက တရားမျှတမှုရှိမည်မဟုတ်ပေ။ ရည်မှန်းချက်ကိုယ်စီဖြင့် ကြိုးစားအားထုတ်လာကြသော ကျောင်းသား ကျောင်းသူများအား ‘ဆွမ်းကြီးလောင်းသလို’ ဆိုသည့် စကားအတိုင်း အချောင်အောင်မြင်လာသည်ဆိုပါက ၎င်းတို့၏ ကြိုးစားအားထုတ်မှုနှင့် ဂုဏ်သိက္ခာကို စော်ကားရာရောက်မည်ဖြစ်သည်။
တက္ကသိုလ်ဝင်တန်း Grade-12 သည် အခြားအတန်းများနှင့်မတူပေ။ Grade-12 သည် မိမိနှင့်ထိုက်တန်သည့် တက္ကသိုလ်တစ်ခု၏ ဝင်ခွင့်အောင်လက်မှတ်ဖြစ်သည်။ ထို့အပြင် ပြည်တွင်းတက္ကသိုလ်များသာမက နိုင်ငံတကာတက္ကသိုလ်များသို့ တက်ရောက်မည်ဆိုပါကလည်း နိုင်ငံတကာအဆင့်မီသည့် အောင်လက်မှတ်တစ်ခုဖြစ်သည်။ ပြည်တွင်းတက္ကသိုလ်များသာမက နိုင်ငံတကာတက္ကသိုလ်များကို တက်ရောက်ရာ၌ ကြိုးစားအားထုတ်ခဲ့မှုရလဒ်များအရ ဆိုင်ရာဆိုင်ရာထိုက်တန်သည့် ဘာသာရပ်များကို ရရှိနိုင်သည်။ အားလုံးတစ်ပြေးညီဖြစ်နေမည်ဆိုပါက ပညာရပ် ဆိုင်ရာ ရွေးချယ်ခွင့်နှင့် အခွင့်အလမ်းများ ရရှိနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် အရေး အကြီးဆုံးအဆင့်ဖြစ်၍ စာမေးပွဲပြန်လည်ဖြေဆိုခြင်းသည်သာ အကောင်းဆုံးဖြစ်ပေသည်။
တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများအတွက် ပညာရေးဝန်ကြီးဌာနက လိုအပ်သည်များကို အဘက်ဘက်က လစ်ဟာမှု မကျန်အောင် တာဝန်ရှိသူများနှင့် အဖွဲ့အစည်းများအားလုံး ဝိုင်းဝန်းကူညီဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ရာ မိမိကိုယ်ကို ယုံကြည်မှုရှိစေပြီး မိမိတို့၏ ဂုဏ်သိက္ခာနှင့် အခြားသူတစ်ပါးတို့အတွက်ပါ မျှတစေရန်အတွက် ကိုယ်စီစွမ်းရည်များကို ပြန်လည်ဖော်ထုတ်ပြသခြင်းသည်သာ အကောင်းဆုံးဖြစ်ပါကြောင်း။ ။