မြစ်ကြီးနား မတ် ၂၂
မန္တလေး-မြစ်ကြီးနား-မန္တလေးလမ်းပိုင်းတွင် အမှတ်(၃၁)အဆန်၊ (၃၂)အစုန်အမြန်ရထားအား လေအေးပေးစက်ပါ ကိုရီးယားလေ အိတ်တွဲဆိုင်းအသစ်ဖြင့် ယမန်နေ့ မွန်းလွဲပိုင်း တွင် စတင်ပြေး ဆွဲပြီဖြစ်ရာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်သည် မြစ်ကြီးနားဘူတာမှ မွန်းလွဲ ၁ နာရီခွဲတွင် စတင်ပြေးဆွဲမည့် အမှတ်(၃၂)အစုန်အမြန် ရထား ကို သွားရောက် ကြည့်ရှု စစ်ဆေးခဲ့သည်။
လေအေးပေးစက်ပါ ကိုရီးယားလေအိတ်တွဲဆိုင်းအသစ်ဖြင့် စတင်ပြေးဆွဲမည့် အမြန်ရထားကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်သည် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြမှုကို မြန်မာ့မီးရထား(ရုံးချုပ်)မှ ဦးအောင်မြင့်လှိုင်၊ အထွေထွေ မန်နေဂျာ(သွားလာရေး)၊ ဦးထောင်ရှန်ကန်း၊ အထွေထွေမန်နေဂျာ(စစ်ဆေး)တို့နှင့် အမှတ်(၁)မြစ်ကြီးနားမှ တိုင်းတာဝန်ခံဦးဇော်နှင့် အင်ဂျင်နီယာမှူးများ၊ မြစ်ကြီးနားရုံ ပိုင်ချုပ် နှင့် တာဝန်ရှိသူများက တွဲဆိုင်းသစ်ရထားကို လိုက်လံရှင်းလင်း ပြသခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့်အဖွဲ့တို့သည် အသစ်ပြေးဆွဲမည့် ရထားတွင်လိုက်ပါစီးနှင်းကြမည့် ခရီးသည်များအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက် ခဲ့ကြပြီး အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ကြသည်။
အဆိုပါ အမြန်ရထားသစ်ကို ကိုးရီးယားနိုင်ငံ Dawonsys Co.,Ltd. စက်ရုံမှ ဝယ်ယူခဲ့ပြီး တွဲတစ်တွဲတန်ဖိုး အမေရိကန်ဒေါ်လာ ၄၄၀,၀၀၀ ဖြစ်ကာ မြစ်ကြီးနား-မန္တလေး လမ်းပိုင်းတွင် တွဲဆိုင်း (၁၂)တွဲ ပါဝင်ဝင်ပြီး စားသောက်တွဲတစ်တွဲအပါအဝင် အထက်တန်း(၁၀)တွဲ၊ ရိုးရိုးတန်း (၁)တွဲတို့ဖြင့် အထက်တန်းတွဲ တစ်တွဲလျှင် ခရီးသည် ၃၃ ဦးနှင့် ရိုးရိုးတန်းလူစီးဘရိတ်တွဲတွင် ၄၄ ဦး တို့ဖြင့် စုစုပေါင်း ခရီးသည် ၃၇၄ ဦး သယ်ဆောင်ကာ နေ့စဉ် မြစ်ကြီးနားဘူတာမှ နေ့လယ် ၁ နာရီခွဲတွင် ထွက်ခွာပြီး လမ်းခရီးတစ်လျှောက် မိုးကောင်း၊ ဟိုပင်၊ မိုးညှင်း၊ နဘား၊ ကောလင်း၊ ကန့်ဘလူ၊ ရွှေဘိုဘူတာ(၇)ဘူတာသာရပ်နား ပေးမည်ဖြစ်ကြောင်းနှင့် မန္တလေးသို့ နံနက်(၇)နာရီတွင် ဆိုက်ရောက် မည်ဖြစ် ကြောင်း သိရှိရသည်။
ပြည်နယ် (ပြန်/ဆက်)