နေပြည်တော် ဧပြီ ၂၈
မြန်မာနိုင်ငံတွင် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သော အင်အားအလွန်ပြင်းထန်သည့် ငလျင်ဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရသော တိုင်းဒေသကြီး/ ပြည်နယ် ခြောက်ခုတို့တွင် ဧပြီ ၂၈ ရက်နေ့အထိ သေဆုံးသူ ၃၇၇၀၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၁၀၆ ဦးနှင့် ပျောက်ဆုံး သူ ၁၀၆ ဦးရှိသည်။
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် ပြည်တွင်းပြည်ပမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များသည် လိုအပ်သည့်ဒေသများသို့ အချိန်နှင့်တစ်ပြေးညီ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး အဆောက်အအုံများအတွင်း ပိတ်မိနေသူများအား ရှာဖွေကယ်ဆယ်ခဲ့ရာ ယနေ့အထိ အသက်ရှင်သူ ၆၅၃ ဦးကို ရှာဖွေကယ်ဆယ်ပေးနိုင်ခဲ့ပြီး သေဆုံးသူ ၇၇၈ ဦးအား ရှာဖွေပေးနိုင်ခဲ့သည်။
ဘေးသင့်ပြည်သူများသို့ ပြည်တွင်းစေတနာရှင် အလှူရှင်များက ငွေနှင့်အလှူပစ္စည်းများ ထောက်ပံ့လှူဒါန်းလျက်ရှိသကဲ့သို့ ပြည်ပနိုင်ငံများ၊ အဖွဲ့အစည်းများ၊ စေတနာရှင်အလှူရှင်များက ငွေနှင့်အလှူပစ္စည်းများ ဆက်လက်ထောက်ပံ့လှူဒါန်းပေးလျက်ရှိရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဧပြီ ၂၇ ရက် ည ၈ နာရီ ၁၀ မိနစ်မှ ၂၈ ရက် ညနေ ၅ နာရီ အတွင်း မလေးရှားနိုင်ငံအခြေစိုက် Fo Guang Shan နှင့် Buddha’s Light International Association Yayasan Sin Chew အဖွဲ့အစည်းများက ထောက်ပံ့သည့် စုစုပေါင်း ၃ ဒသမ ၉၁၈ တန်ရှိ မိုးကာတဲ၊ စောင်၊ ခြင်ထောင်၊ တဘက်၊ ဆိုလာမီးအိမ်၊ သွားတိုက်ဆေး၊ သွားတိုက်တံနှင့်အိပ်ရာများ၊ တရုတ်နိုင်ငံအခြေစိုက် တရုတ် - မြန်မာစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်ရေးအသင်းက ထောက်ပံ့သည့် စုစုပေါင်း ၂ ဒသမ ၁၈၅ တန်ရှိ ဆေးဝါးများနှင့် တရုတ်နိုင်ငံအခြေစိုက် Buddhist Tzu Chi Charity Foundation မှ ထောက်ပံ့သည့် စုစုပေါင်း ၅ ဒသမ ၅၄၇ တန်ရှိ ခြင်ထောင်၊ အိပ်ရာများကို သယ်ဆောင်လာသောလေယာဉ်များ ဆိုက်ရောက်ခဲ့သည်။
ထောက်ပံ့ရေးပစ္စည်းများကိုလည်း ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် အမြန်ဆုံး ခွဲဝေထောက်ပံ့လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်