နေပြည်တော် မတ် ၂၂
COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၃၈/၂၀၂၀)ကို ယနေ့ညနေ ၅ နာရီခွဲတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ယခုအခါ COVID-19 ရောဂါ သည် ကမ္ဘာ့နိုင်ငံပေါင်း (၁၈၅) သို့ ကူးစက်ပြန့်ပွားနေပြီး ယခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားအများအပြားသည် ပြည်တွင်းသို့ ဝင်ရောက်နေပြီ ဖြစ်သဖြင့် မိမိတို့နိုင်ငံတွင်းသို့ ရောဂါဝင်ရောက် ဖြစ်ပွားနိုင်ချေသည် ပိုမိုမြင့်မားလာပါကြောင်း၊ ပြန်လည်ဝင်ရောက်လာကြသူများသည် အလွန်များပြားသဖြင့် ၎င်းတို့အား သတ်မှတ်နေရာများ တွင် အသွားအလာကန့်သတ်ခြင်း (facility quarantine) ကို ဆောင်ရွက်ရန်မှာ မဖြစ်နိုင်သဖြင့် ၎င်းတို့၏ သက်ဆိုင်ရာ နေအိမ်များတွင် အသွားအလာကန့်သတ်ခြင်း (home quarantine) ကို ဆောင်ရွက်ရ မည်ဖြစ်ပါကြောင်း၊ ထိုသူများအနေဖြင့် သတ်မှတ်ထားသည့် အချက်များကို အသိစိတ်ဓာတ်ရှိစွာဖြင့် တိကျစွာလိုက်နာကာ (၁၄) ရက်တာကာလအထိ နေအိမ်တွင် အသွားအလာ ကန့်သတ်နေထိုင်ရမည်ဖြစ်ပါကြောင်း၊ သို့မှသာ ရောဂါဖြစ်ပွားမှု ရှိပါက ချက်ချင်း သိရှိကာ လျင်မြန်စွာ ကုသမှုပေးနိုင်မည်ဖြစ်ပြီး မိမိ၏ မိဘ၊ ဆွေမျိုးများနှင့် အိမ်နီးချင်းများကို ရောဂါမကူးစက်စေရန် ထိရောက်စွာ တားဆီးထိန်းချုပ်နိုင်မည်ဖြစ်ကြောင်းကို ၎င်းတို့အား သေချာစွာ ပြောကြားအသိပေးရမည်ဖြစ်ပါကြောင်း၊ နေအိမ်များတွင် အသွားအလာ ကန့်သတ် နေထိုင်သူများအနေဖြင့် နေ့စဉ်သက်ဆိုင်ရာ ကျန်းမာရေးဌာနသို့ တယ်လီဖုန်းဖြင့် မဖြစ်မနေ သတင်းပေးပို့ရမည် ဖြစ်ပါကြောင်း၊ လိုက်နာဆောင်ရွက်ရမည့် အချက်များ ကို ဆောင်ရွက်ခြင်း ရှိ၊ မရှိ ကိုလည်း ကျန်းမာရေးဝန်ထမ်းများနှင့် အထွေထွေအုပ်ချုပ်ရေး ဝန်ထမ်းများက ပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် ကြီးကြပ်ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း။
ဟိုတယ်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့် ချိတ်ဆက်ညှိနှိုင်းပြီးသည်ဖြစ်၍ ဟိုတယ် အချို့ကို အသွားအလာကန့်သတ်ပြီး စောင့်ကြပ်ကြည့်ရှုမည့် နေရာအဖြစ် သတ်မှတ်ပြီး ဟိုတယ်များ၌ထားရှိပြီး အသွားအလာကန့်သတ်ခြင်းကို ဆောင်ရွက်ရန် စတင်လုပ်ဆောင်နေပြီ ဖြစ်ပါကြောင်း၊ မန္တလေးတိုင်းဒေသကြီးတွင်လည်း အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှု ခြင်း ဆောင်ရွက်ရန် နေရာများကို တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း၊ နယ်စပ်ဝင်ထွက်ပေါက်များတွင် ရောဂါစောင့်ကြပ်ကြည့်ရှုမှုများ ဆောင်ရွက်နေမှု များကို အားဖြည့်ဆောင်ရွက်နိုင်ရန်အတွက် ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာ) နှင့် ညွှန်ကြားရေးမှူး (ရောဂါနှိမ်နင်းရေး) တို့ပါဝင်သည့်အဖွဲ့မှ ကွင်းဆင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အစိုးရမှ ထုတ်ပြန် ကြေညာထားသော COVID-19 ရောဂါ ကူးစက်ပြန့်ပွားလျက်ရှိသော နိုင်ငံများမှ မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် ကုလသမဂ္ဂအဖွဲ့နှင့် ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများ၊ သံရုံးဝန်ထမ်းများနှင့် မိသားစုဝင်များကို သက်ဆိုင်ရာ နေအိမ်များတွင်သာနေထိုင်စေ၍ အသွား အလာ ကန့်သတ်စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းကို ဆောင်ရွက် လျက်ရှိပြီး လိုက်နာရန်အချက် များကို တိတိကျကျလိုက်နာရန် မှာကြားထားပြီးဖြစ်ပါကြောင်း။
COVID-19 ရောဂါကြောင့် သေဆုံးမှုရာခိုင်နှုန်းသည် စတင်ဖြစ်ပွားစဉ်ကာက၌ (၂.၁) ရာခိုင်နှုန်း ခန့်သာရှိသော်လည်း ယခုအခါ ရောဂါကြောင့် သေဆုံးမှုရာခိုင်နှုန်းသည် (၄.၂) ရာခိုင်နှုန်းအထိ မြင့်တက်လာသည်ကို တွေ့ရှိရ၍ မိမိတို့အနေဖြင့် COVID-19 ဓာတ်ခွဲအတည်ပြု လူနာများကို တွေ့ရှိပါက ကုသမှုပေးနိုင်ရန်အတွက် ဆေးရုံပိုင်းဆိုင်ရာ ကြိုတင် ပြင်ဆင်မှုများကို ပိုမို အားစိုက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရောဂါကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများ၊ ဆေးနှင့်ဆေးပစ္စည်းများ ဝယ်ယူဖြန့်ဖြူးရေးလုပ်ငန်းများ၊ အသွားအလာ ကန့်သတ်ခြင်း လုပ်ငန်းများနှင့် ဤရောဂါနှင့် ပတ်သက်၍ အရေးကြီးသည့် ကိစ္စများကို ပိုမိုတိကျစွာ အချိန်နှင့် တစ်ပြေးညီချိတ်ဆက် နိုင်စေရေးအတွက် “ပေါင်းစပ်ညှိနှိုင်းရေးနှင့် စီမံခန့်ခွဲရေးဗဟိုဌာနများကို ဝန်ကြီးဌာန၊ ရုံးအမှတ် (၄) တွင် တစ်ခု၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနတွင် တစ်ခု၊ နယ်စပ်ဝင်၊ ထွက်ပေါက်နေရာများအတွက် တစ်ခုထားရှိကာ မတ် ၂၃ ရက်မှ စတင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
အဆိုပါ (Command center) များတွင် ခေတ်မှီ ဆက်သွယ်ရေးနည်းပညာများ အသုံးပြု၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေး ဌာနခွဲ၊ ဝယ်ယူဖြန့်ဖြူးရေး၊ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန စသည့်ကဏ္ဍများမှ တာဝန် ရှိသူများ အပါအဝင် အထောက်အကူပြုအဖွဲ့များ ပါဝင်ကာ တစ်ရက်လျှင် အဆိုင်း (၃) ဆိုင်းဖြင့် အလှည့်ကျ တာဝန်ထမ်းဆောင်တော့မည်ဖြစ်ပါကြောင်း၊ ဝယ်ယူဖြန့်ဖြူးရေး ကဏ္ဍအနေဖြင့် (က) လက်ဝယ်တွင်ရှိသော ဆေးနှင့်ဆေး ပစ္စည်းများ၊ (ခ) မှာယူရရှိရန် ရှိသော ဆေးနှင့် ဆေးပစ္စည်းများ၊ (ဂ) လှူဒါန်းရရှိမှုမှရရှိသော ဆေးနှင့်ဆေးပစ္စည်း ခွဲဝေချထားမှုများကို စနစ်တကျ ဆန်းစစ်သုံးသပ်နိုင်ရေးအတွက် dashboard များပြုလုပ်ထားရှိ၍ လိုအပ်ချက်များ ကို ဖြည့်ဆည်းပေးနိုင်ရေး အချိန်နှင့် တစ်ပြေးညီ စတင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ COVID-19 ရောဂါကွယ်ထိန်းချုပ်ရေး လုပ်ငန်း များ တွင် ဆုံးဖြတ်ချက်များ ချမှတ်ဆောင်ရွက်ရန်မှာ အချိန်နှင့်အမျှ အရေးကြီးသဖြင့် မိမိအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေး နှင့် ကုသရေး ဦးစီးဌာနမှူးများအား လုပ်ပိုင်ခွင့်ကို ယမန်နေ့က စတင်၍ အပြည့်အဝ ပေးအပ် ထားပါကြောင်း၊ ဆုံးဖြတ်ချက်ချလုပ်ဆောင်ရန်ရှိသည်များကို လုပ်ဆောင်ပြီး ဗဟိုအဆင့် (Command Center) သို့ သတင်းပေးပို့ရမည် ဖြစ်ပါကြောင်း။
ရုပ်မြင်သံကြား၊ ရေဒီယို၊ အင်တာနက်တို့မှာ တစ်နိုင်ငံလုံးသို့ ရောက်ရှိရန် ခက်ခဲသဖြင့် တစ်နိုင်ငံလုံးမှ ပြည်သူများသိရှိရန်အတွက် မြို့နယ်နှင့် ကျေးလက်တော ရွာများတွင် သက်ဆိုင် ရာ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများနှင့် အထွေထွေ အုပ်ချုပ်ရေးဌာနတို့ပူးပေါင်း၍ လက်ကိုင်အသံချဲ့စက်ငယ်များ အသုံးပြုကာ ကျန်းမာရေး အသိပညာပေးနှိုးဆော်မှုများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်တော့မည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံမှ သက်ဆိုင်ရာ နေရပ်နိုင်ငံများသို့ ပြန်လည်သွားရောက်လိုသည့် သံရုံး ဝန်ထမ်းများနှင့် ကုလသမဂ္ဂဝန်ထမ်းများအတွက် ယခုလက်ရှိတွင် COVID-19 ရောဂါလက္ခဏာများ မရှိကြောင်း ထောက်ခံချက်ကိုလည်း ပြုလုပ်ပေးနိုင်ရေး စီစဉ်ဆောင် ရွက်တော့မည် ဖြစ်ပါကြောင်း၊ ယခု လက်ရှိတွင် ဖွံ့ဖြိုးတိုးတက်မှု အမြင့်မားဆုံးသော အမေရိကန်ပြည်ထောင်စုနှင့် ဉရောပနိုင်ငံများ တွင်လည်း ရောဂါကူးစက်ဖြစ်ပွား သေဆုံးနှုန်းများ မြင့်မားနေသည်ကို တွေ့ရှိနေရပါကြောင်း၊ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများမှာလည်း ယခုရက်ပိုင်းအတွင်း ရောဂါကူးစက်ပြန့်ပွားမှုများ များပြားလာကာ သေဆုံးမှုများလည်း မြင့်တက်လာသဖြင့် မိမိ အနေဖြင့် မိမိတို့နိုင်ငံသို့ဝင် ရောက်လာမည်ကို အထူးစိုးရိမ်မိပါကြောင်း၊ ပြည်သူများအနေဖြင့် COVID-19 ရောဂါ၏ မိမိတို့နိုင်ငံအပေါ် ရိုက်ခတ်နိုင်သော အခြေအနေ အတိမ်အနက်ကိုသိရှိကာ ပေါ့လျော့ခြင်း လုံးဝမရှိဘဲ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းနှင့် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသား အဆင့် ဗဟိုကော်မတီနှင့် ဝန်ကြီးဌာနအသီးသီးမှ ထုတ်ပြန်ထားသည့်အချက်များကို စနစ်တကျလိုက်နာကျင့်သုံးခြင်းတို့ကို ဆောင်ရွက်ကြပါရန် တိုက်တွန်းလိုပါကြောင်း ပြောကြား သည်။
အစည်းအဝေးတွင် နိုင်ငံတကာတွင် ရောဂါဖြစ်ပွားကူးစက်မှု၊ သေဆုံးမှုအခြေအနေများ၊ နိုင်ငံတကာတွင် အခြားနိုင်ငံများမှ နိုင်ငံတွင်းသို့ ဝင်ရောက်လာကြသူများကို ဝင်ရောက်ခွင့်ပိတ်ပင်မှု၊ အသွားအလာ ကန့်သတ်ခြင်းဆောင်ရွက်မှု အခြေအနေများ၊ နိုင်ငံတကာ ကုသရေးကုထုံးဆိုင်ရာ လေ့လာတွေ့ရှိမှုနှင့် မိမိတို့နိုင်ငံအတွက် ကြိုတင်ပြင်ဆင်ထားရှိမှု၊ ကရင်ပြည်နယ်၊ မြဝတီမြို့သို့ ဗဟိုကွင်းဆင်းအဖွဲ့၏ ကွင်းဆင်းဆောင်ရွက်မှု အခြေအနေများ၊ တစ်ကိုယ်ရည်ရောဂါ ကာကွယ်ရေးဝတ်စုံ (PPE) များ ချိတ်ဆက်ဝယ်ယူမှု၊ လှူဒါန်းလက်ခံရရှိမှု၊ ဆေးနှင့် ဆေးပစ္စည်းများ ချိတ်ဆက်ဝယ်ယူမှု၊ လှူဒါန်းလက်ခံရရှိမှု၊ ဓာတ်ခွဲစစ်ဆေးမှုဆိုင်ရာ ကိစ္စရပ်များ၊ စသည် တို့ကို ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။
(သတင်းစဉ်)