ရန်ကုန် မတ် ၂၂
စက်ရုံ၊ အလုပ်ရုံနှင့် လုပ်ငန်းများရှိ အလုပ်ရှင်များ၊ အလုပ်သမားများ COVID - 19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးမှုလုပ်ငန်းများ ကျယ်ပြန့်စွာ တိုးမြှင့်ဆောင်ရွက်နိုင် ရေးအတွက် ဆောင်ရွက်မည့်လုပ်ငန်း စီမံချက်နှင့်ပတ်သက်၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့နှင့် စက်မှုဇုန်တာဝန်ရှိသူများ ညှိနှိုင်း ဆွေးနွေးပွဲကို မတ် ၂၁ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် စက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင်ကိုကိုက ရန်ကုန် တိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စက်ရုံ၊ အလုပ်ရုံနှင့် လုပ်ငန်းများမှ အလုပ်ရှင်၊ အလုပ်သမားများအနေဖြင့် COVID − 19 ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အတွက် ရေးဆွဲထားသော အသိပညာ ပေးလုပ်ငန်းစီမံချက်၊ ကနဦး ဆောင်ရွက်မည့် လှိုင်သာယာ စက်မှုဇုန်၊ ရွှေလင်ပန်းစက်မှုဇုန်အတွင်း ဆောင်ရွက်သွားမည့် အစီအစဉ်နှင့် လူမှုဖူလုံ ရေးအဖွဲ့မှ မြို့နယ်ရုံးခွဲတာဝန်ခံများ၊ မြို့နယ်တာဝန်ခံ ဆရာဝန်များ၊ လူမှု ဖူလုံရေးအဖွဲ့နှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသော ဆေးရုံ၊ ဆေးခန်းများမှ တာဝန်ခံဆရာဝန်များအား TOT သင်တန်းပေးနေမှု၊ ၎င်းမှတစ်ဆင့် ဆင့်ပွားသင်တန်းများပေးကာ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာသော စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီများမှ တာဝန်ရှိသူများက COVID - 19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ကျယ်ပြန့်စွာတိုးမြှင့်ဆောင်ရွက်နိုင်ရေး ဆောင်ရွက်သွားမည့် လုပ်ငန်းစီမံချက်နှင့် ပတ်သက်၍ အကြံပြု ဆွေးနွေးကြသည်။
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်ရုံ၊ အလုပ်ရုံများမှ အလုပ်ရှင်နှင့် အလုပ်သမားများအား COVID - 19 ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေး အသိပညာပေးမှုများကို စဉ်ဆက်မပြတ် ပြုလုပ်ပေးနေကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံ-မင်းသစ်(MNA)