Skip to main content

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၂ ရက် မြောက်နေ့ ကျင်းပ

နေပြည်တော် မတ် ၂၃

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၂ ရက်မြောက် နေ့ကို ယနေ့ နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးဝှေ့တင်း၏ ချင်းပြည်နယ်၊ ပလက်၀မြို့နယ်၊ ပါရာကျေးရွာအုပ်စု၊ ပါရာကျေးရွာနှင့် အိန္ဒိယ - မြန်မာ ကျောက်တိုင် အမှတ်(၁၈) မပည - ၀၀၈၄၄၁ ဆဘောင်းတေကျေးရွာ၊ ရှာအိုကျေးရွာ၊ ဟေမာပိ ကျေးရွာ၊ ဟေမာတေကျေးရွာများ အကြား ဆိုင်ကယ်လမ်း ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် က ဆိုင်ကယ်လမ်းဖောက်လုပ်ပေးရန်နှင့် ပတ်သက်၍ ဝန်ကြီးဌာနအနေဖြင့် လမ်းမူဝါဒများနှင့်အညီ သတ်မှတ်ထားသည့် မြေလမ်းများကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသော်လည်း လွှတ်တော်ကိုယ်စားလှယ်၏ ဒေသလိုအပ်ချက် တင်ပြလာမှုအပေါ် ဌာနမှတာဝန်ရှိသူများကို သွားရောက်စစ်ဆေးစေမည် ဖြစ်ပါကြောင်း၊ စစ်ဆေးတွေ့ရှိချက်အပေါ်မူတည်၍ ပြည်နယ် အစိုးရအဖွဲ့ကို တင်ပြပေးရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့မှ လိုအပ်ချက်နှင့် ဘဏ္ဍာငွေရရှိမှုအပေါ် မူတည်၍ ဦးစားပေးအစီအစဉ်ဖြင့် ရန်ပုံငွေလျာထားပေးသွားမည်ဖြစ်ပါ ကြောင်း ဖြေကြားသည်။

ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ နော်လှလှစိုး၏ မြန်မာနိုင်ငံ၏ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေ (၂၀၁၉)ခုနှစ်အရ ကလေးအလုပ်သမားများ၏ အခွင့်အရေးအား ကာကွယ်ရေးအတွက် သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများက မည်သည့်အစီအမံ  ယန္တရားများအား မည်သို့ထားရှိ ဆောင်ရွက်နေသည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်ကြိုင် က ကလေးအလုပ်သမားများ၏ အခွင့်အရေး ကာကွယ်ရေးနှင့် ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီး ဌာနများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အသိပညာပေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိပြီး ကလေးအလုပ်သမားများ၏ အခွင့်အရေး ချိုးဖောက်ခံရခြင်းများရှိပါက ဥပဒေလုပ်ထုံးလုပ် နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိပါကြောင်းနှင့် မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုနှင့်အညီ ကာလတို၊ ကာလရှည် စီမံကိန်းများချမှတ်၍ မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားသည်။

မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဦးကျော်တုတ်၏ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ မြင်သာတောင် - သပြေကိုင်း - တောင်ဦးတို့ ဆက်သွယ်ထားသော မြို့နယ်ပတ်လမ်းအား သွားလာမှုလွယ်ကူစေရန် လမ်းအဆင့်မြှင့် ပြုပြင်ဖောက် လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍  ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းက မြင်သာတောင် - သပြေကိုင်း - တောင်ဦး ကျေးရွာချင်း ဆက်လမ်း အရှည်(၂၅)မိုင် (၄)ဖာလုံသည် ကျေးလက်လမ်း ဖွံ့ဖြိုးရေး ဦးစီးဌာနမှ စီမံခန့်ခွဲသော လမ်းဖြစ်ပါကြောင်း၊ အဆိုပါ လမ်းသည် လမ်းအဆင့်သတ်မှတ်ချက် Class (A) ဦးစားပေး အဆင့်(၂)တွင် ပါဝင်သဖြင့် အဆင့်မြှင့်တင်ရန် ကျန်နေသေးသည့် မြေသား လမ်း(၁၁)မိုင် (၇)ဖာလုံရှိပါကြောင်း၊ အဆိုပါ (၁၁)မိုင် (၇)ဖာလုံကို ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် နောက်ပိုင်းကာလများတွင် မန္တလေးတိုင်းဒေသ ကြီးအစိုးရအဖွဲ့ ရန်ပုံငွေတွင် ထည့်သွင်း လျာထားပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ အကောင်အထည် ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

အလားတူ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးလှဦး၏ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ အမြင့်ကျေးရွာသည် ယခင်က အမြင့်မြို့ဟူ၍ ရှေးဟောင်းသမိုင်းဝင်နေရာဖြစ်ခဲ့ပြီး စေတီပုထိုး၊ တန်ဆောင်း၊ ဇရပ်၊ သိမ်၊ ကန်၊ ကျုံး စသည့် ရှေးဟောင်း သမိုင်းဝင်များ ယိုယွင်းပျက်စီးလျော့နည်း ပျောက်ကွယ်လုနီးနီး ဖြစ်နေပါသဖြင့် နိုင်ငံတော်မှ အချိန်မီ အမြန်ဆုံးပြင်ဆင်မွမ်းမံ ဖော်ထုတ်ပေးရန် အစီအစဉ် ရှိ/ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်းက လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးမောင်မောင်အုန်း၏ မြန်မာ့သင်္ဘောသားများ၏ အကျိုးစီးပွားကို ထိရောက်စွာ ကာကွယ်ရန်နှင့် အလုပ်အကိုင် အခွင့်အလမ်း ပိုမိုရရှိနိုင် စေရန်အတွက် အလုပ်သမားဝန်ကြီးဌာနမှ ၂၀၁၂ခုနှစ်၊ ဖေဖော်ဝါရီလ (၂၉)ရက်နေ့တွင် အမိန့် ကြော်ငြာစာအမှတ်၊ ၁/၂၀၁၂ဖြင့် ထုတ်ပြန်သော “အလုပ်သမားအဖွဲ့အစည်း နည်းဥပဒေများ” (၂၀၁၂)။ အခန်း(၂)၊ အလုပ်သမား အဖွဲ့အစည်းများ ဖွဲ့စည်းခြင်း၊ အပိုဒ်(၄)၊ အပိုဒ်ခွဲ(စ) (၃)။ ခြွင်းချက်စာသားကို ပြင်ဆင်ရန် အစီအစဉ် ရှိ/မရှိ နှင့် ပြင်ဆင်မည်ဆိုပါက မည်သည့်အချိန်တွင် မည်ကဲ့သို့ ပြင်ဆင်မည်ကို သိရှိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်က လည်းကောင်း ပြန်လည် ရှင်းလင်းဖြေကြားခဲ့ကြသည်။

ထို့ပြင် ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာခွန်ဝင်းသောင်း၏ မန္တလေး - လားရှိုး - ဗန်းမော် - မြစ်ကြီးနားလမ်းပိုင်း ကီလိုမီတာ (၅၉၂ ဒသမ ၂၃) မှ (၅၉၉ ဒသမ ၄၈) အထိ (၇ ဒသမ ၂၅) ကီလိုမီတာအား လမ်းဘေးကွန်ကရစ်ဘောင်နှစ်ဖက် ဆောင်ရွက်ခြင်း Cement Stabilized Base လွှာခင်းခြင်း၊ AC အပွန်းခံလွှာခင်းခြင်း၊ လမ်းဘေးဝဲယာ အမာခံ လမ်းပခုံးနှင့် မြေသားလမ်းပခုံး ဆောင်ရွက်ခြင်းတို့ ဆောင်ရွက်ပြီး ယာဉ်သွားလမ်းပေါ်တွင် Road Line ဆွဲခြင်း၊လိုအပ်သော နေရာများတွင် ဝဲယာလမ်းဘေး ရေမြောင်းတူးခြင်းနှင့် ၎င်းလမ်းမ တစ်လျှောက်တွင် All RC Box Culvert (၉)စင်း တည်ဆောက်ခြင်း လုပ်ငန်းတို့အား မဖြစ်မနေ ဆောင်ရွက် ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်း၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၂)မှ ဦးကြည်ဝင်း၏ ဧရာဝတီ တိုင်းဒေသကြီး၊ လပ္ပတ္တာခရိုင်၊ လပ္ပတ္တာမြို့နယ်၊ လပ္ပတ္တာ - သင်္ယန်းကြီး - ပြင်စလူ ကတ္တရာလမ်းသည် ၂၀၁၉ခုနှစ် နိုဝင်ဘာ ၁ ရက်နေ့တွင် ရွေးမြစ်ရေတိုက်စားမှုကြောင့် မိုင် (၂/၆ -၂/၇)ကြား ကမ်းပါးပြိုကျမှုမှစပြီး ၂၀၁၉ ခုနှစ် နိုဝင်ဘာ  ၈ ရက်နေ့တွင် ထပ်မံပြိုကျခဲ့ရာမှ လမ်းကြောင်းပြတ်တောက်မှု မဖြစ်စေရေးနှင့် လမ်းအူကြောင်းအသစ် အကောင်အထည်ဖော်ဆောင်ရွက်ရန် အစီအစဉ် ရှိ/မရှိ နှင့် ဆည်မြောင်း ဦးစီးဌာနအနေနှင့်လည်း ရေငန်မဝင်ရောက်နိုင်ရန် အတွက် မည်ကဲ့သို့ ဆောင်ရွက်မည်ကို သိရှိလိုခြင်း မေးခွန်း၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးဥက္ကာမင်း၏ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်အတွင်းရှိ ကျေးရွာများ အား ကျေးလက်လမ်း ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀ - ၂၀၂၁ ပြည်ထောင်စု ဘတ်ဂျက်ဖြင့် ကျေးရွာ ချင်းဆက်မြေသားလမ်းများ ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်း ၊မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ ဦးခင်ဇော်ဦး၏ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ ပျက်စီးနေသော မူလလမ်းဟောင်း ကျိုက်ပရံ - ကော့ဘွီးလမ်း ၂ မိုင် ၆ ဖာလုံအား ဂဝံမြေသားလမ်း ခင်းပေးရန်နှင့် ထိုလမ်းပိုင်းပေါ်တွင် ဆောက်လုပ်ရန် ကျန်ရှိသည့် တံတား (၅)စင်းတို့အား ၂၀၂၀ - ၂၀၂၁ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာဝင်းမြင့်၏ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် (၂)မြို့နယ် ဆက်သွယ် လျက်ရှိသော ကြို့ကုန်းကျေး ရွာနှင့် ပန်းတောကျေးရွာ သွင်းကုန်၊ ထုတ်ကုန် မြေသားလမ်းပြုလုပ်ပေးရန်နှင့် ၎င်းမြေသား လမ်းပေါ်တွင် ဂဝံကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းတို့နှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းက ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။

ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော ယာဉ်အန္တရာယ်ကင်းရှင်းရေး နှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်ကို လွှတ်တော်၏ အဆုံးအဖြတ်ရယူ အတည်ပြုသည်။

ယင်းနောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဦးသိန်းလွင်က မြန်မာနိုင်ငံဆက်သွယ်ရေးကော်မရှင် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ်ကြားရှင်းလင်းသည်။

ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အဆိုပါ ဥပဒေကြမ်းကို တစ်ပိုဒ်ချင်းစီအလိုက် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ်ရယူ အတည်ပြု သည်။

ထို့နောက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦးက အဆိုပါ ဥပဒေကြမ်းကို ပြင်ဆင်ထားသည့်အတိုင်း လွှတ်တော်က အတည်ပြုပေးရန် အဆိုတင်သွင်းရာ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဦးဇော်ဟိန်းက ထောက်ခံသည်။

ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ယင်းအဆိုကို အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ သဘောမတူသူမရှိသည့်အတွက် မြန်မာနိုင်ငံ ဆက်သွယ်ရေးကော်မရှင် ဥပဒေကြမ်းသည် ပြင်ဆင်ထားသည့်အတိုင်း အတည်ဖြစ်ကြောင်း ကြေညာသည်။

ဆက်လက်၍ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဦးအောင်သိန်းက ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာ သော တရားလွှတ်တော် ရှေ့နေများကောင်စီ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေများနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းသည်။

ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက  ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော တရားလွှတ်တော်ရှေ့နေများ ကောင်စီရွေးကောက် တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေများနှင့်စပ်လျဉ်း၍ အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီက စိစစ်တင်ပြသည့် အစီရင်ခံစာအပေါ် လွှတ်တော်၏ အဆုံးအဖြတ်ရယူသည်။

ယင်းနောက် ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသည့် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေများကို ပဥ္စမအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများနှင့်စပ်လျဉ်း၍ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးကြီး သန်းနိုင်ဝင်း၊ တပ်မတော်သား ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး အောင်ထွန်းလင်း၊ တပ်မတော်သား ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်ဦးနှင့် တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်ကြီး ဒေါ်သဇင်လှိုင်တို့က ဆွေးနွေးကြသည်။

ဆက်လက်၍ ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသည့် အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေများကို ပဥ္စမအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများနှင့် စပ်လျဉ်း၍ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးကြီး သန်းနိုင်ဝင်း၊ တပ်မတော်သား ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး အောင်ထွန်းလင်း၊ တပ်မတော်သား ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်ဦးနှင့် တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်ကြီး ဒေါ်သဇင်လှိုင်တို့က ဆွေးနွေးကြသည်။

ထို့နောက် ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသည့် တိုင်းဒေသကြီးလွတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲနည်း ဥပဒေများကို ပဥ္စမအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများနှင့် စပ်လျဉ်း၍ တပ်မတော် သား ကိုယ်စားလှယ် ဗိုလ်မှူးကြီး သန်းနိုင်ဝင်း၊ တပ်မတော်သားကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး အောင်ထွန်းလင်း၊ တပ်မတော်သားကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီးကျော် ကျော်ဦးနှင့် တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်ကြီးဒေါ်သဇင်လှိုင်တို့က ဆွေးနွေး ကြသည်။

ယင်းနောက် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးမောင်မောင်အုန်း၏ မြန်မာနိုင်ငံတွင် နှစ်စဉ်ဓာတ်ဆီတန်ချိန် (၂)သန်းကျော်ကို ပြည်ပမှ တင်သွင်းခဲ့ရာ ယင်းဓာတ်ဆီနှင့် ရောသုံးသည့် အီသနော လောင်စာဆီကို ပြည်တွင်း၊ အရက်ချက်စက်ရုံများမှ ပြောင်း၊ ဆန် စသည့် ကုန်ကြမ်းများကို အခြေခံကာ ထုတ်လုပ်နိုင်ပြီး၊ ဘေးထွက်ပစ္စည်းများမှလည်း တိရစ္ဆာန်အစာများနှင့် ဇီဝဓာတ်ငွေ့၊ဇီ၀မြေဩဇာအဖြစ် အသုံးပြုနိုင်ရန်နှင့် ကုန်သွယ်မှုလိုငွေ (Trade deficit) ကိုလျော့နည်းစေရန်အတွက် သဘာဝပတ်ဝန်းကျင် အထောက်အကူပြု၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဖြစ်သော အီသနော(ခေါ်) ရေမဲ့အရက်ကို သင့်တော်မည့်  ရာခိုင်နှုန်း အချိုးအဆအား ဓာတ် ဆီဖြင့် ရောနှောသုံးနိုင်ရန်အတွက် လုပ်ငန်း ရှင်များအား လုပ်ပိုင်ခွင့်အမိန့် ထုတ်ပြန်ပေးခြင်း(Mandate)ကို ပြည်ထောင်စုအစိုးရမှ အမြန်ဆုံးစီစဉ်ချမှတ် ဆောင်ရွက်သင့်ပါကြောင်း ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးထွန်းထွန်းဦးက မြေလွတ်၊ မြေလပ်၊ မြေရိုင်းများစွာ ကျန်ရှိနေသေးသည့် မိမိတို့ နိုင်ငံသည် အီသနောထုတ်လုပ်ရန် ကုန်ကြမ်း ဖြစ်သည့် ပြောင်း၊ ဆန်၊ ကြံ၊ ပီလောပီနံတို့ကို များစွာတိုးချဲ့စိုက်ပျိုး ထုတ်လုပ်နိုင်ပြီး နိုင်ငံစိုက်ပျိုးရေးကဏ္ဍကို ဖွံ့ဖြိုးတိုးတက်စေမည် ဖြစ်သကဲ့သို့ ယင်းနှင့် ဆက်စပ်နေသည့် မွေးမြူရေးကဏ္ဍအတွက်လည်း များစွာ အထောက်အပံ့ရစေ မည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ ၏ အခြေခံလူတန်းစား တောင်သူလယ်သမားများကို အကျိုးများစေပြီး ပြည်တွင်းလုပ်ငန်းရှင် များ၏ စီးပွားရေးကိုလည်း ခိုင်မာအားကောင်း လာစေမည့် အီသနောသည် ပြန်လည် ဖြည့်ဖြိုးမြဲ စွမ်းအင်တစ်ရပ် ဖြစ်သကဲ့သို့ မြန်မာ့ လေထုနှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှု လျော့ကျရေးကိုလည်း များစွာအထောက်အကူပြုမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် အီသနောကို နိုင်ငံတကာအဆင့်မီ ထုတ်လုပ်ပြီး သင့်တော်သည့် ရာခိုင်နှုန်းအချိုးအစားဖြင့် ဓာတ်ဆီတွင်ရောနှောအသုံးပြုနိုင် ရန်အတွက် ပြည် ထောင်စုအစိုးရအနေဖြင့် အဘက်ဘက်မှ ချင့်ချိန်သုံးသပ်ပြီး စနစ်တကျ စီမံဆောင် ရွက်ပေးသင့်ပါကြောင်း ဆွေးနွေးသည်။

စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးကျော်သောင်းက အီသနော လောင်စာဆီ ထုတ်လုပ်ခြင်းသည် ပြည်ပမှ မှာယူတင်သွင်းပြီး နိုင်ငံခြားငွေ ပေးချေနေရသည့် လောင်စာဆီ ဝယ်ယူသုံးစွဲနေမှုကို တစ်ဖက်တစ်လမ်းမှ အကျိုးပြု နိုင်မည် ဖြစ်သကဲ့သို့ ပြောင်း၊ ကြံ၊ ဆန်စပါး စိုက်ပျိုးထုတ်လုပ်နေကြသည့် တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် စေနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ပြင် သားငါးကဏ္ဍအတွက် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေကြ သည့် မွေးမြူရေးလုပ်ငန်း ရှင်များကိုလည်း တိရစ္ဆာန်အစားအစာ ချိုသာသောဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲစေနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကမ္ဘာ့နည်းပညာ အပြောင်းအလဲနှင့်အတူ လိုက်ပါဆောင်ရွက်နိုင်ပြီး နိုင်ငံတော်အနေဖြင့် ပြည်သူတစ်ရပ်လုံးကို အကျိုးပြုစေရန် အီသနောလောင်စာဆီကို ပြည်တွင်းအရက်ချက်စက်ရုံများမှ ထုတ်လုပ်သုံးစွဲနိုင်ရန်အတွက် ပြည်တွင်း လုပ်ငန်းရှင်များအား လုပ်ပိုင်ခွင့်အမိန့်ကို ဥပဒေ၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ခွင့်ပြုပေးနိုင်ရန်နှင့် ခွင့်ပြုပေးမှုအပေါ်တွင်လည်း များစွာအခက်အခဲများ ရှိနိုင်ပါကြောင်း ဆွေးနွေးသည်။

ယင်းအဆိုကို ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဒေါက်တာတင်တင်ဝင်း၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဒေါ်သန်းသန်းအေး နှင့် မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၉)မှ ဒေါက်တာဇော်လင်းထွဋ်တို့က ဆက်လက်ဆွေးနွေးကြသည်။

ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွတ်တော်တွင် ဖွဲ့စည်းထားသော ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာ ကော်မတီ၏ သက်တမ်းမှာ တစ်နှစ်ပြည့် မြောက်ပြီးဖြစ်ပါ၍ ၂၀၁၅ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၀၇ အရ နောက်ထပ် သက်တမ်းတစ်နှစ်တိုးမြှင့် သတ်မှတ်ကြောင်း လွှတ်တော်သို့ အသိပေးကြေညာသည်။

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၃ ရက်မြောက်နေ့ကို မတ် ၂၅ ရက်တွင် ဆက်လက် ကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။

အောင်ရဲသွင်