နေပြည်တော်၊ မတ်၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်တရားသူကြီးသည် ဓနုဖြူမြို့နယ်တရားရုံး ရာဇဝတ်ကြီးမှုအမှတ် ၂၅၉/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၄၂၇ အမှုအား အကြိမ်ကြိမ် ရုံးချိန်းခေါ်၍ အချိန်ဆွဲ စစ်ဆေးပြီး ငွေကျပ် (၅)သိန်းတောင်းယူ၍ တရားသေလွှတ်ခဲ့ခြင်းကို အရေးယူပေးပါရန် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားခဲ့သည်။
တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ တရား လွှတ်တော်ရှေ့နေ ဦးကောင်းမြတ်ထက်နိုင်သည် ဓနုဖြူမြို့နယ်တရားရုံး ရာဇဝတ်ကြီးမှုအမှတ် ၂၅၉/၂၀၁၈၊ ရာဇသတ် ကြီးပုဒ်မ ၄၂၇ အမှုနှင့် စပ်လျဉ်း၍ အမှုသည်ကိုယ်စား တရားရုံးရှေ့ လိုက်ပါဆောင်ရွက်သည့်တာဝန်ကို ထမ်းဆောင် ရာတွင် မြို့နယ်တရားသူကြီးအား တံစိုးလက်ဆောင်အဖြစ်ပေးရန် ၎င်း၏အမှုသည်ထံမှ ၂၀၁၉ ခုနှစ် ဧပြီ ၁ ရက်နှင့် ၅ ရက်တို့တွင် ငွေကျပ် (၅)သိန်းကို တောင်းခံရယူခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ် ဧပြီ ၄ ရက်တွင် ဓနုဖြူမြို့နယ် တရားရုံး အငယ်တန်းစာရေး ဒေါ်တင်တင်ရွှေသည် အမှုသည်အား တရားခွင်ရုံးခန်းအတွင်းခေါ်၍ စွဲဆိုထားသည့် အမှုအား တရားသူကြီးမှ တရားသေလွှတ်ပေးရန်အတွက် မြို့နယ်တရားသူကြီးအား ငွေကြေးကန်တော့ရန် တိုက်တွန်းခဲ့ကြောင်းနှင့် အမှုသည်ထံမှ ငွေကြေး တောင်းခံရ ယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့၊ (၈)ရပ်ကွက်၊ မဟာဗန္ဓုလလမ်းနေ တရားလွှတ်တော်ရှေ့နေ ဦးကောင်းမြတ်ထက်နိုင် (စဉ်-၁၂၁၉၉)နှင့် ဓနုဖြူမြို့နယ် တရားရုံး အငယ်တန်းစာရေး ဒေါ်တင်တင်ရွှေ တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၇ အရ ဧရာဝတီ တိုင်းဒေသကြီး၊ ဓနုဖြူမြို့မရဲတပ်ဖွဲ့စခန်းတွင် ၂၀၂၀ ခုနှစ် မတ် ၂၃ ရက်၌ ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ သတင်းရရှိသည်။
(သတင်းစဉ်)