Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း (၇၅)နှစ်မြောက် စိန်ရတုဆက်သွယ်ရေးတပ်ဖွဲ့နေ့အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

နေပြည်တော် ဖေဖော်ဝါရီ ၅

(၇၅)နှစ်မြောက် စိန်ရတုဆက်သွယ်ရေးတပ်ဖွဲ့နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်စစ်ကြောရေးနှင့် တည်းခိုရေးစခန်းရှိ ဆင်ဖြူရှင်ခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်ချီးမြှင့်သည်။

အဆိုပါ (၇၅) နှစ်မြောက် စိန်ရတုဆက်သွယ်ရေးတပ်ဖွဲ့နေ့အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ အငြိမ်းစားဆက်သွယ်ရေးတပ်ဖွဲ့ဝင် အရာရှိကြီးများ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး

ဦးစွာ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်နှင့် ဆက်သွယ်ရေးညွှန်ကြားရေးမှူး ဗိုလ်ချုပ်ထွန်းထွန်းဦးတို့က (၇၅)နှစ်မြောက်စိန်ရတုဆက်သွယ်ရေးတပ်ဖွဲ့နေ့ အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) က (၇၅)နှစ်မြောက် စိန်ရတုဆက်သွယ်ရေးတပ်ဖွဲ့နေ့ အထိမ်းအမှတ်ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်း တင်ဓာတ်ပုံရိုက်ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က (၇၅)နှစ်မြောက် စိန်ရတုဆက်သွယ်ရေးတပ်ဖွဲ့နေ့အထိမ်းအမှတ် ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ယနေ့သည် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းကာလတွင် မြန်မာ့တပ်မတော်စတင်ဖွဲ့စည်းခဲ့စဉ်က တပ်မတော်၏ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ခဲ့သည့် ဆက်သွယ်ရေးတပ်ဖွဲ့၏ (၇၅)နှစ်မြောက် စိန်ရတုနေ့ရက်မြတ်အခါသမယပင်ဖြစ်ကြောင်း၊ တပ်မတော်စတင်တည်ထောင်ချိန်မှ ယနေ့ကာလအထိ ဆက်သွယ်ရေးတပ်ဖွဲ့အနေဖြင့် “မြန်ရမည်၊ မှန်ကန်သေချာရမည်၊ လုံခြုံမှုရှိရမည်၊ အီလက်ထရောနစ်စစ်ဆင်ရေးကို အောင်မြင်စွာဆင်နွှဲနိုင်ရမည်” ဆိုသည့် ဆောင်ပုဒ်အတိုင်း အကောင်းဆုံးကျေပွန်အောင် စွမ်းဆောင်နိုင်ခဲ့ကြသည်ကို တွေ့ရှိရကြောင်း။

ပြင်ဆင်ဖွဲ့စည်းခဲ့သည်ကို တွေ့ရှိရမည်

ဆက်သွယ်ရေးတပ်ဖွဲ့၏ သမိုင်းကြောင်းကို လေ့လာကြည့်ပါက ဒုတိယကမ္ဘာစစ်မတိုင်မီ လွတ်လပ်ရေးကြိုးပမ်းမှုကာလတွင် စတင်အခြေတည်ခဲ့သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ၁၉၃၇ ခုနှစ် ပါကစ္စတန်နိုင်ငံတွင် ဖွင့်လှစ်သည့် ဆက်သွယ်ရေးသင်တန်းတက်ရောက်ခဲ့ပြီး ပြန်လည်ရောက်ရှိလာသည့် စစ်သည် ၃၀ ကို အမာခံထားကာ ၁၉၃၉ ခုနှစ် တွင် ယခု ပြင်ဦးလွင်ဟုခေါ်သည့် မေမြို့တွင် မြန်မာ့အချက်ပြဆက်သွယ်ရေးတပ် (Burma Signals)ကို စတင်ဖွင့်လှစ်ခဲ့ကြောင်း၊ လွတ်လပ်ရေးရရှိပြီးနောက် ၁၉၄၈ ခုနှစ်အတွင်းတွင် အချက်ပြဆက်သွယ်ရေးတပ်ကို အချက်ပြဆက်သွယ်ရေး အတတ်သင်တပ်ခွဲ(မေမြို့)နှင့် အချက်ပြဆက်သွယ်ရေးတပ်ခွဲ(မင်္ဂလာဒုံ)အဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း။

လွတ်လပ်ရေးရရှိပြီးနောက် ဖြစ်ပေါ်လာသည့် ပြည်တွင်းလက်နက်ကိုင်သောင်းကျန်းမှုများသည် ၁၉၄၉ ခုနှစ် ဝန်းကျင်တွင် အဆိုးရွားဆုံးအခြေအနေအထိ ရောက်ရှိခဲ့ပြီး ရန်ကုန်အစိုးရဟုပင် ခေါ်ဆိုခံရသည့်အခြေအနေအထိ ဖြစ်ပေါ်လာခဲ့ရကြောင်း၊ ဆက်သွယ်ရေးစက်ပစ္စည်း အမြောက်အမြားဆုံးရှုံးခဲ့ပြီး ၁၉၄၉ ခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင် မြန်မာပြည်အနှံ့အပြား ဆက်သွယ်မှုများ ပြတ်တောက်သွားခဲ့ရကြောင်း။

ဆက်သွယ်ရေးတပ်ဖွဲ့နေ့အဖြစ် သတ်မှတ်

ထိုသို့သောအခြေအနေတွင် ကျန်ရှိသည့် အချက်ပြဆက်သွယ်ရေးအရာရှိ၊ စစ်သည်အနည်းငယ်သည် ပျက်စီးဆုံးရှုံးခဲ့သည့် ဆက်သွယ်ရေးစက်ပစ္စည်းများကို မနားမနေကြိုးစားပြုပြင်ပြီး အဆက်အသွယ် ပြန်လည်ရရှိအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ကြကြောင်း၊ ထို့ကြောင့် ၁၉၄၉ ခုနှစ် ဖေဖော်ဝါရီ ၅ ရက် တွင် မြန်မာနိုင်ငံတစ်ဝန်းလုံး ရေဒီယိုဆက်သွယ်မှုများပြန်လည်ရရှိခဲ့ကြောင်း၊ တပ်မတော်တစ်ရပ်လုံး ဆက်သွယ်မှုပြန်လည်ရရှိခဲ့သည့် ၁၉၄၉ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်သည် ဆက်သွယ်ရေးတပ်ဖွဲ့၏ နေ့ထူးနေ့မြတ်ဖြစ်သည့်အတွက် “ဆက်သွယ်ရေးတပ်ဖွဲ့နေ့”အဖြစ် သတ်မှတ်ခဲ့ခြင်းပင်ဖြစ်ကြောင်း။

လွတ်လပ်ရေးရပြီးနောက် တိုးချဲ့ဖွဲ့စည်းလာသည့် ဆက်သွယ်ရေးတပ်များကို ကွပ်ကဲနိုင်ရန်အတွက် ၁၉၅၆ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် အချက်ပြဆက်သွယ်ရေးညွှန်ကြားရေးမှူးရုံးကို စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၅၈ ခုနှစ် ဇူလိုင် ၁ ရက်မှစတင်ကာ ဆက်သွယ်ရေးညွှန်ကြားရေးမှူးရုံးအဖြစ် အမည်ပြောင်းလဲသတ်မှတ်ခဲ့ကြောင်း။

ဆက်သွယ်ရေးတပ်ဖွဲ့သည် နိုင်ငံတော်အတွက် အရေးပေါ်အခြေအနေ ကြုံတွေ့လာသည့်အချိန်တိုင်း အဓိကပင်မတာဝန်ဖြစ်သည့် ဆက်သွယ်မှုမပြတ်တောက်စေရေး ဆောင်ရွက်ခြင်းသာမက ရုပ်သံလွှင့်ကဏ္ဍများတွင်လည်း ဝင်ရောက်ဆောင်ရွက်ပေးနိုင်သည်ကိုလည်း တွေ့ရှိရမည်ဖြစ်ကြောင်း။

နိုင်ငံတော်၏ သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့သည့် ၂၀၀၈ ခုနှစ် နာဂစ်ဆိုင်ကလုန်းမုန်တိုင်း၊ ၂၀၁၀ ပြည့်နှစ် ဂီရိဆိုင်ကလုန်းမုန်တိုင်းနှင့် ၂၀၂၃ ခုနှစ် မိုခါဆိုင်ကလုန်းမုန်တိုင်းဖြစ်စဉ်များတွင် ကူညီကယ်ဆယ်ရေးအဖွဲ့အသီးသီး၏ ကြီးကြပ်ကွပ်ကဲမှုလုပ်ငန်းများ အဆင်ပြေစေရေးအခက်အခဲများကြားမှ ဆက်သွယ်မှုရရှိအောင် စွမ်းစွမ်းတမံ ဆောင်ရွက်ပေးနိုင်ခဲ့သည်ကိုလည်း တွေ့မြင်ရမည်ဖြစ်ကြောင်း။

တစ်ဟုန်ထိုးတိုးတက်မြင့်မားလာခဲ့

ဆက်သွယ်ရေးတပ်ဖွဲ့သည် တပ်မတော်အတွက် အရေးပါရုံသာမက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အရေးပါသည့်အခန်းကဏ္ဍတွင် ပါဝင်နေသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန်အတွက် ၂၀၀၁ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ပထမဆုံး Fiber Optic Network ကိုတည်ဆောက်နိုင်ခဲ့ပြီး စစ်ဘက်၊ နယ်ဘက်နှစ်ရပ်လုံးတွင် အသုံးပြုနိုင်ခဲ့သည့်အတွက် Information Communication Technology ဟုခေါ်သည့် ICT ကဏ္ဍတွင် တစ်ဟုန်ထိုး တိုးတက်မြင့်မားလာခဲ့သည် ကို တွေ့ကြရမည်ဖြစ်ကြောင်း။

ထို့အပြင် ဆက်သွယ်ရေးတပ်ဖွဲ့အနေနှင့် မျက်မှောက်ခေတ်စစ်ပွဲများတွင် မရှိမဖြစ်အရေးပါသည့် Electronic Warfare (EW) အောင်မြင်စွာ ဆင်နွှဲနိုင်ရေးအတွက်ကိုလည်း ကြိုးစားလေ့ကျင့် တည်ဆောက်နေသည်ကိုလည်း တွေ့ရှိရမည်ဖြစ်ကြောင်း။

ဆက်သွယ်ရေးတပ်ဖွဲ့ဝင် အရာရှိ၊ စစ်သည်များသည် (၇၅)နှစ်တာကာလအတွင်းအထက်က ပေးအပ်လာသည့် ရည်မှန်းချက်တာဝန်များကို ကျေပွန်အောင်မြင်အောင် ထမ်းဆောင်နိုင်ခဲ့ကြသည့်အတွက် စည်သူဘွဲ့ ၁ ဦး၊ ပြည်ထောင်စုဇာနည်ဘွဲ့ ၁ ဦး၊ သီရိပျံချီဘွဲ့ ၁ ဦး၊ ဇေယျကျော်ထင်ဘွဲ့ ၇ ဦး၊ သူရဲကောင်းမှတ်တမ်းဝင် ၂၇ ဦး အပါအဝင် ဂုဏ်ထူးဆောင်တံဆိပ်၊ စီမံထူးချွန်တံဆိပ်၊ လူမှုထူးချွန်တံဆိပ်၊ စက်မှုစီးပွားထူးချွန်တံဆိပ်နှင့် နည်းပညာဆိုင်ရာဂုဏ်ပြုဆုရရှိသူ စုစုပေါင်း ၁၆၈ ဦး ရရှိခဲ့သည့် မှတ်တမ်းကောင်းများကိုလည်း ဂုဏ်ယူဖွယ်ရာပိုင်ဆိုင်ခဲ့ကြသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း။

ဆက်သွယ်ရေးတပ်ဖွဲ့သည် လွတ်လပ်ရေးကြိုးပမ်းမှုကာလကပင် တပ်မတော်နှင့်အတူ ပေါက်ဖွား လာသည့် တပ်ဖွဲ့တစ်ခုဖြစ်ပြီး ခေတ်အဆက်ဆက်တွင်လည်း တိုင်းပြည်နှင့်လူမျိုးအကျိုး၊ တပ်မတော်၏အကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ စိန်ရတုကာလ ပြည့်မြောက်ခဲ့သည့် ဆက်သွယ်ရေးတပ်ဖွဲ့အနေဖြင့် ရှေ့ဆက်၍ တပ်မတော်၏ အားထားရသည့် လက်ရုံးတပ်ဖွဲ့ဖြစ်အောင် အစဉ်အလာကောင်းများကို ထိန်းသိမ်းကာ တပ်မတော်အတွက် အသက်သွေးကြောပမာအရေးကြီးသည့် ဆက်သွယ်မှုနည်းပညာများကို အရှိန်အဟုန်နှင့် ယခုထက်မက ပိုမိုဆောင်ရွက်နိုင်ကြပါစေကြောင်းနှင့် ဆက်သွယ်ရေးတပ်ဖွဲ့၏ (၇၅) နှစ်မြောက် စိန်ရတုတပ်ဖွဲ့နေ့မှသည် နောင်လာမည့် ရတုများစွာတိုင်အောင် ဆက်သွယ်ရေးတပ်ဖွဲ့ တည်တံ့ပါစေကြောင်း ဆုမွန်ကောင်းတောင်းပါကြောင်း ပြောကြားသည်။

ဂုဏ်ပြုသီချင်းဖြင့် ဖျော်ဖြေတင်ဆက်

ဆက်လက်၍ ဆက်သွယ်ရေးညွှန်ကြားရေးမှူး ဗိုလ်ချုပ်ထွန်းထွန်းဦးက ဆက်သွယ်ရေးတပ်ဖွဲ့ သမိုင်းအကျဉ်းချုပ်ကို ရှင်းလင်းတင်ပြပြီး (၇၅)နှစ်မြောက် စိန်ရတုဆက်သွယ်ရေးတပ်ဖွဲ့နေ့ အထိမ်းအမှတ်မှတ်တမ်း Documentary Video ကို ပြသသည်။ ထို့နောက် (၇၅)နှစ်မြောက် စိန်ရတုဆက်သွယ်ရေးတပ်ဖွဲ့နေ့ ဂုဏ်ပြုသီချင်းဖြင့် ဆက်သွယ်ရေးတပ်ဖွဲ့ဝင်များက ဖျော်ဖြေတင်ဆက်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ထံ ဆက်သွယ်ရေးညွှန်ကြားရေးမှူးက (၇၅)နှစ်မြောက် စိန်ရတုဆက်သွယ်ရေးတပ်ဖွဲ့နေ့အထိမ်းအမှတ် လက်ဆောင်ကိုနေရာအရောက် ဂါရဝပြုပေးအပ်သည်။

လှည့်လည်ကြည့်ရှု

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က တက်ရောက်လာကြသည့် အငြိမ်းစားဆက်သွယ်ရေးတပ်ဖွဲ့ဝင် အရာရှိကြီးများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ပြီး တက်ရောက်လာကြသူများနှင့်အတူ (၇၅)နှစ်မြောက် စိန်ရတုဆက်သွယ်ရေးတပ်ဖွဲ့နေ့ အထိမ်းအမှတ်ပြခန်းများအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်