Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေ စစ်တွေမြို့ပေါ်ရှိ ဆရာတော်ကြီးများအားဖူးမြော်၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း ကိုယ်စားလှယ်များနှင့်တွေ့ဆုံ

စစ်တွေ ဖေဖော်ဝါရီ ၁၀

နိုင်ငံတော်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒေါက်တာဘရွှေသည် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးဇော်အေးမောင်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါ်နုမြဇံ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့ပေါ်ရှိ ဆရာတော်ကြီးများအားဖူးမြော်ကြည်ညိုကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ရခိုင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းများမှ ကိုယ်စားလှယ်များနှင့်တွေ့ဆုံသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒေါက်တာဘရွှေနှင့်အဖွဲ့သည် နန္ဒာရာမပရိယတ္တိ စာသင်တိုက်သို့သွားရောက်ပြီးစာသင် တိုက်၏ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိဘဒ္ဒန္တနန္ဒသိရီ မဟာထေရ်မြတ်အား ဖူးမြော်ကြည်ညိုကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒေါက်တာဘရွှေနှင့် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးများနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့၊ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များဆက်ကပ်ရာ၌ ဆရာတော်ကြီးအား သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်များတွင် အမြင့်ဆုံးဖြစ်သည့် အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်ကို ဆက်ကပ်ခြင်းခံရသည့်အတွက် ဂုဏ်ပြုဝမ်းမြောက်စကားနှင့် လက်ရှိရခိုင်ပြည်နယ်အတွင် ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများ၏အခြေအနေများ၊ ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်မှုအခြေအနေများကို လျောက်ထားကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒေါက်တာဘရွှေနှင့်အဖွဲ့သည် စစ်တွေမြို့၊ ပညာလင်္ကာရကျောင်းတိုက်၊ ရွှေစေတီကျောင်းတိုက် များသို့သွားရောက်ပြီး ဆရာတော်ကြီးများအား ဖူးမြော်ကြည်ညိုကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ရခိုင်ပြည်နယ်အတွင်းဖြစ်ပေါ်နေသည့် အခြေအနေများကို လျောက်ထားခဲ့ကြသည်။

နေ့လယ်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒေါက်တဘရွှေနှင့်အဖွဲ့သည် ရခိုင်ပြည် နယ်အစိုးရအဖွဲ့ရုံးဧည့်ရိပ်သာ၌ ရခိုင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း များမှကိုယ်စားလှယ်များနှင့်တွေ့ဆုံကြသည်။

တွေ့ဆုံပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေက ဒေသဖွံ့ဖြိုးတိုးတက်ရန်အတွက် တည်ငြိမ်အေးချမ်းရန်လိုအပ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် အမြဲတံခါးဖွင့်ထားလျက်ရှိကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံရေးနည်းကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းနိုင်ရန် ကြေညာထားပြီးဖြစ်ကြောင်း၊ လက်နက်ကိုင်ပဋိပက္ခများကြောင့် ပြည်သူများမှာ များစွာဒုက္ခရောက် လျက်ရှိ နေကြကြောင်း၊ မိမိတို့အနေဖြင့် ပဋိပက္ခများ ချုပ်ငြိမ်းနိုင်ရန်အတွက် တွေ့ဆုံသင့်၊ တွေ့ဆုံထိုက်သူများကို တွေ့ဆုံလျက်ရှိကြောင်း၊ ယခုတက်ရောက် လာကြသော တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းများမှ ကိုယ်စားလှယ်များကလည်း မိမိတို့အတွေ့အကြုံကို ရှင်းလင်းတင်ပြပေးကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းများမှ ကိုယ်စားလှယ်များက လက်နက်ကိုင် ပဋိပက္ခများဖြစ်ပွားနေသော မြို့နယ်များတွင်ဖြစ်ပေါ်နေသော ပညာရေး၊ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေးစသည့်ကဏ္ဍများတွင် ဖြစ်ပေါ်နေသောအခက်အခဲများကိုဆွေးနွေး တင်ပြကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ဒုတိယဝန်ကြီးဒေါ်နုမြဇံနှင့် ဒုတိယဝန်ကြီးဦးဇော်အေးမောင်တို့က ရှင်းလင်းဆွေးနွေးပြောကြားကြသည်။

တင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေက တိုင်းရင်သားမျိုးနွယ်စုများ၏ ရင်ထဲကဖြစ်ပေါ်လာသော အခြေအနေများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြပေးကြသည့်အတွက် ကျေးဇူးတင်ကြောင်းနှင့် တင်ပြချက်များကိုလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသို့တင်ပြကာ ပဋိပက္ခများချုပ်ငြိမ်းနိုင်ရန်အတွက် အတတ်နိုင်ဆုံးကြိုးစားဆောင်ရွက် သွားမည်ဖြစ်ကြောင်း နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

တင်ထွန်း (ပြန်/ဆက်)