ဟိုပုံး ဇန်နဝါရီ ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် ပြည်ထောင်စုလမ်းအနီး ခမ်းဓန ပြောင်းနှင့် အစေ့အဆံ အခြောက်ခံစက်ရုံဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီက အဆိုပါစက်ရုံ၌ ကျင်းပသည်။
စက်ရုံဖွင့်ပွဲကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်စံလွင်၊ ဒိန်းမတ်နိုင်ငံ သံအမတ်ကြီး Mr. John Nielsen၊ ခမ်းဓနပြောင်းနှင့် အစေ့အဆံ အခြောက်ခံစက်ရုံပိုင်ရှင် ဦးကျော်အုန်းတို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ဟိုပုံးမြို့နယ်တွင် ပြောင်းနှင့် အစေ့အဆံ အခြောက်ခံစက်ရုံရှိခြင်းသည် ဒေသခံတောင်သူများအတွက် အကျိုးစီးပွားများစွာ ဖြစ်ထွန်းစေပါကြောင်း၊ အခြောက်ခံ စက်ရုံရှိခြင်းအားဖြင့် သီးနှံစပေါ်ချိန်တွင် စျေးတက်ပြီး သီးနှံအထွက် များလာသည့် အချိန်တွင် စျေးပြန်ကျသွားခြင်း စသည့် စျေးကွက် အပြောင်းအလဲများကြောင့် အရည်အသွေး ကောင်းကောင်းဖြင့် ထိန်းသိမ်းထားနိုင်မှသာ တောင်သူများအတွက် အကျိုးအမြတ်များနိုင်မည့် စျေးကွက်ကို ဖော်ဆောင်နိုင်မည် ဖြစ်ကြောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့၏ လမ်းညွှန်ကူညီပံ့ပိုးမှုများကြောင့် သီးနှံအခြောက်ခံ စက်ရုံများ စတင်ပေါ်ပေါက်လာသည့်အတွက် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအတွက် အထူးပင် ဂုဏ်ယူမိပါကြောင်း၊ စိုက်ပျိုးတောင်သူများနှင့် ယခုကဲ့သို့ အသေးစားစက်မှု လက်မှုလုပ်ငန်းရှင်များ ပူးပေါင်း၍ သီးနှံအခြောက်ခံခြင်း၊ သိုလှောင်ခြင်း နည်းစနစ်များကို ကျယ်ကျယ်ပြန့်ပြန့် ပညာပေး၍ စျေးကွက်ရရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုနှစ်ပြောင်းစိုက်ပျိုးရာသီ သီးနှံပေါ်ချိန် အောက်တိုဘာလ အတွင်းတွင် ပြောင်းစျေးနှုန်းအနိမ့်ဆုံးမှာ ၂၉၀ ကျပ်ဖြစ်ပြီး၊ ပြောင်းစျေးနှုန်းအမြင့်ဆုံးမှာ ၃၁၀ကျပ်ဖြစ်ကြောင်း၊ နိုဝင်ဘာလ အတွင်းတွင် ပြောင်းစျေးနှုန်းအနိမ့်ဆုံးမှာ ၃၂၀ ကျပ်ဖြစ်ပြီး၊ ပြောင်းစျေးနှုန်းအမြင့်ဆုံးမှာ ၃၃၀ ကျပ်ဖြစ်ကြောင်းနှင့် ယခု ဇန်နဝါရီလတွင် ပြောင်းစျေးနှုန်း အနိမ့်ဆုံးမှာ ၃၆၀ ကျပ်ဖြစ်ပြီး၊ ပြောင်းစျေးနှုန်းအမြင့်ဆုံးမှာ ၃၈၀ကျပ် ဖြစ်ကြောင်း လေ့လာ တွေ့ရှိရပြီး သီးနှံစျေးနှုန်း မတည်ငြိမ်ရခြင်းမှာ ပွဲစားများ၏ စျေးကွက်ကစားနေခြင်း ဖြစ်သည့်အပြင် ဝယ်လက်ကြိုက် နှစ်သက်သည့် အစိုဓါတ်ရရှိအောင် မလုပ်ဆောင်နိုင်ခြင်းဖြစ်ကြောင်း၊ ယနေ့ဖွင့်လှစ်လိုက်သည့် အခြောက်ခံစက်ရုံသည် ပြောင်းသီးနှံအတွက် တစ်ရက်လျှင် တန်(၄၀)ကျနှင့် စပါးသီးနှံအတွက် တစ်ရက်လျှင် တန်(၃၀)ကျ အခြောက်ခံနိုင်မည်ဖြစ်ပြီး တောင်သူများသိုလှောင်မည့် ကာလပေါ် မူတည်၍ လိုအပ်သည့် သတ်မှတ်အစိုဓာတ်ရရှိစေရန် စက်ရုံတွင် အခြောက်ခံနိုင်မည် ဖြစ်ကြောင်း၊ ဟိုပုံးမြို့နယ် အနေဖြင့် ပြောင်းနှင့်စပါးသီးနှံအပြင် အခြားသီးနှံများကိုလည်း အခြောက်ခံနိုင်မည့် အသေးစားစက်မှုလက်မှုလုပ်ငန်းများ ပေါ်ထွန်းလာ၍ ဒေသအတွင်း အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးနိုင်စေရန် ကြိုးပမ်းဆောင်ရွက် နိုင်ပါစေကြောင်း ပြောကြားသွားသည်။
ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်စံလွင်က အမှာစကားပြောကြားပြီး၊ ဒိန်းမတ်နိုင်ငံ သံအမတ်ကြီး Mr. John Nielsen က ခမ်းဓန ပြောင်းနှင့် အစေ့အဆံ အခြောက်ခံစက်ရုံအတွက် စက်ပစ္စည်းများ လှူဒါန်းရခြင်းအကြောင်း ရှင်းလင်းပြောကြားကာ ခမ်းဓနပြောင်းနှင့် အစေ့အဆံ အခြောက်ခံ စက်ရုံတည်ထောင်သူ ဦးခွန်ကျော်ဌေးဦးမှ စက်ရုံတည်ထောင်ခြင်းအား ရှင်းလင်းတင်ပြ၍ ခမ်းဓနပြောင်းနှင့် အစေ့အဆံ အခြောက်ခံစက်ရုံပိုင်ရှင် ဦးကျော်အုန်းတို့မှ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများကို အမှတ်တရ လက်ဆောင်ပစ္စည်းပေးအပ်ကာ စက်ရုံအတွင်း လှည့်လည်ကြည့်ရှုကြကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)