လွိုင်ကော် ဇန်နဝါရီ ၂၀
၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ(၁၅)ရက်နေ့တွင် ကျရောက်သည့် (၆၈)နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ် ပွဲတော်ကာလအတွင်း ပါဝင်ခင်းကျင်းပြသခဲ့သည့် ပြခန်းများအား ဆုချီးမြှင့်ခြင်းနှင့် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၆ နာရီက လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက နှုတ်ခွန်းဆက် စကားပြောကြားရာတွင် ယနေ့အခမ်းအနားတွင် ငြိမ်းချမ်းရေး ဆောင်ရွက်ခဲ့သူများအား ဂုဏ်ပြုဆုများ ချီးမြှင့်ပေးသွားမည်ဖြစ်ပါကြောင်း၊ ထို့အပြင် ဌာနအကြီးအကဲများအားလုံးနှင့် ပြည်နယ်နေ့ပွဲတော် အခမ်းအနားတွင် ဝန်ထမ်းအားလုံးက ကျရာကဏ္ဍများမှနေ၍ တက်ညီလက်ညီ ပူးပေါင်းကြိုးပမ်း ဆောင်ရွက်ခဲ့မှုများကြောင့် ယခုလိုအောင်မြင်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ဆောင်ရွက်ခဲ့သူများအားလုံး အနေနှင့် လွန်စွာပင်ပန်းခဲ့သည်ကို သိမြင်ပါကြောင်း၊ သို့ဖြစ်ရာ ထူးထူးခြားခြား ဆောင်ရွက်ခဲ့သူများအား ဆုများပေးအပ်ချီးမြှင့်ခြင်း ဖြစ်ပါကြောင်း၊ ပြခန်းများပြသမှုတွင် ယခုနှစ်တွင် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီများမှ ပြခန်းများ ခင်းကျင်းပြသခွင့် ရရှိခဲ့ပါကြောင်း၊ တစ်နှစ်ထက်တစ်နှစ် ပိုမိုကောင်းမွန်အောင် မိမိတို့အစိုးရ အနေနှင့် ချိတ်ဆက်ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ယခု အခမ်းအနားတွင် ဂုဏ်ပြုဆုအထူး (၃)ဆုကို ထည့်သွင်းထားပါကြောင်း၊ ကျန်ဌာနများကိုလည်း စည်းမျဉ်းများနှင့်အညီ ရွေးချယ် ပေးအပ်သွားမည်ဖြစ်ပါကြောင်း၊ ယနေ့အခမ်းအနားသို့ တက်ရောက်လာသူများအားလုံး အနေနှင့် ပြည်နယ်၏လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးဆောင်ရွက်ရာတွင် နောင်လာ နောင်သားများ အတွက် အမွေကောင်းများပေးနိုင်ရေးအတွက် စိတ်ရင်းစေတနာကောင်းများဖြင့် အကောင်းဆုံး ကြိုးပမ်း ဆောင်ရွက်နိုင်ကြစေလိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်မှ ငြိမ်းချမ်းရေး၊ လုံခြုံရေး ၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ထူးချွန်ဆု (တတိယအဆင့်) ဂုဏ်ထူးဆောင်ဆုကို သိက္ခာတော်ရ ဆရာတော် ဒေါက်တာမောလေး ၊ သိက္ခာတော်ရ ဆရာတော်မောင်သောင်းနှင့် ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေး တပ်ဦး ဥက္ကဋ္ဌ ဦးထွန်းကျော် တို့အား အသီးသီးချီးမြှင့် ပေးအပ်ခဲ့သည်။
ယင်းနောက် ပြခန်းများတွင် ပထမဆုရ ကွန်ပျူတာတက္ကသိုလ် (လွိုင်ကော်) ၊ ဒုတိယဆုရ ပြည်နယ် မီးသတ်ဦးစီးဌာနနှင့် တတိယဆုရ ပြည်နယ်ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ အထူးဆု(၁)အား ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ အထူးဆု(၂)ရ ပြည်နယ် ပညာရေးမှူးရုံး၊ အထူးဆု(၃)ရ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးတို့အား ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌတို့ကလည်းကောင်း၊ ပွဲတော်နေ့အခမ်းအနားတွင် ပါဝင် ခင်းကျင်းပြသခဲ့ သည့် ပြခန်းများအား ဂုဏ်ပြုဆု ငွေကျပ်(၁)သိန်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ ကြကြောင်းသတင်းရရှိ သည်။
ထွန်းလေး