နေပြည်တော် ဇန်နဝါရီ ၂၀
(၆၈) နှစ်မြောက် ကယားပြည်နယ်နေ့အထိမ်းအမှတ် စတုတ္ထအကြိမ် မြန်မာ-ဂျပန် ချစ်ကြည်ရေး ချယ်ရီပင် စိုက်ပျိုးပွဲတော်ကို ယမန်နေ့နံနက်ပိုင်းက လွိုင်ကော်မြို့ ဗုဒ္ဓဥယျာဉ်အတွင်း၌ ကျင်းပရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမောင်နှင့် ဒုတိယဝန်ကြီး ဦးတင်လတ် ၊ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံ အမတ်ကြီး မစ္စတာ အိချိရော့ မာရုယာမနှင့် ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်းမှ တာဝန်ရှိသူများ၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ဂျပန်တော်ဝင်နန်းတော်မှ ကမ္ဘာအနှံ့ ချယ်ရီပင် စိုက်ပျိုးရေး စီမံကိန်း အနေဖြင့် အာရှနိုင်ငံများဖြစ်သည့်် မြန်မာ၊ ဗီယက်နမ်၊ အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအတော်များများတွင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူဖြစ်စေရန် ၂၀၁၇ ခုနှစ်မှ စတင်ပြီး စိုက်ပျိုးခဲ့ရာ ယခုနှစ်တွင် စတုတ္ထအကြိမ်ထိ ရှိခဲ့ပြီဖြစ်ပါကြောင်း၊ ပထမအကြိမ် မြန်မာ-ဂျပန် ချစ်ကြည်ရေး ချယ်ရီပင် စိုက်ပျိုးပွဲတော်အဖြစ် နေပြည်တော် ဇဝနလမ်းတွင် ချယ်ရီပင် (၁၀၀) ကိုလည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် ချယ်ရီပင် (၂၀၀) ကို မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-(၁)၊ Royal Myanmar Golf Club ၊ ဇဝနလမ်းတစ်လျှောက်နှင့် ချင်းပြည်နယ်၊ မိုးကုတ်၊ ပြင်ဦးလွင်၊ ကလောနှင့် အင်းလေးဒေသများတွင် ချယ်ရီပင် (၂၂၅၀) ကိုလည်းကောင်း၊ တတိယအကြိမ်အဖြစ် ချယ်ရီပင်နှင့် မေပယ်လ်ပင် (၃၉၀၀) ကို ရန်ကုန်မြို့၊ ချင်းပြည်နယ်၊ မိုးကုတ်၊ ကချင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် စိုက်ပျိုးခဲ့ပါကြောင်း။
ယခုနှစ် စတုတ္ထအကြိမ်မြောက် ချယ်ရီပင်စိုက်ပျိုးပွဲတော်အဖြစ် လွိုင်ကော်မြို့တွင် ချယ်ရီပင် (၂၀၀) နှင့် နေပြည်တော် ပြည်သူ့လွှတ်တော်ဝန်းတွင်း အပင်ရေ (၁၁၄) ပင် စိုက်ပျိုးသွားမည် ဖြစ်ပါကြောင်း၊ ထို့အပြင် အခြားခရီးစဉ် ဒေသများဖြစ်သည့် မွေတော်ကက္ကူတွင် ချယ်ရီပင် (၂၀၀)၊ ဟားခါးမြို့နယ်နှင့် ထန်တလန် မြို့နယ်တွင် ချယ်ရီပင် (၄၀၀)၊ ဟားခါးမြို့ View Point တွင် ချယ်ရီပင် (၁၀၀)၊ ပင်းတယမြို့နယ်တွင် ချယ်ရီပင် (၃၅) ပင်၊ မိုးကုတ်မြို့နယ်တွင် ချယ်ရီပင် (၁၀၀) နှင့် ကရင်ပြည်နယ်တွင် ချယ်ရီပင် (၂၀၀) စိုက်ပျိုးသွားမည် ဖြစ်ရာ မြန်မာ-ဂျပန် ချစ်ကြည်ရေးသင်္ကေတ ချယ်ရီပင်များကို နိုင်ငံတဝန်းမြင်တွေ့ရမည် ဖြစ်ပါကြောင်း။
ချယ်ရီပင်များကို မြန်မာနိုင်ငံအနှံ့အပြားတွင် စိုက်ပျိုးသွားခြင်းဖြင့် မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးများ၏ ဂျပန်လူမျိုးများအပေါ် ထားရှိသည့် ချစ်ခင်ရင်းနှီးမှုကို ဖော်ပြရာရောက်သည့်အပြင် ယဉ်ကျေးမှုခြင်း နီးစပ်သည့်မြန်မာနိုင်ငံကိုလည်း ဂျပန်လူမျိုးများ ပိုမိုလာရောက်လည်ပတ် လိုမှုများ ဖြစ်ပေါ်လာစေမည်ဟု ယုံကြည်ပါကြောင်း၊ ဂျပန်နိုင်ငံမှ ဧည့်သည်များအနေဖြင့်လည်း ကယား ပြည်နယ်၏ သဘာဝအလှအပများကို လာရောက်ကြည့်ရှုခံစားရန်နှင့် ကယားပြည်နယ်တွင် နေထိုင်ကြသည့် တိုင်းရင်းသား မျိုးနွယ်စုများ၏ ယဉ်ကျေးမှုများကို လာရောက်လေ့လာကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး မစ္စတာအိချိရော့ မာရုယာမက ဂုဏ်ပြုစကားပြောကြားပြီး ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အမှာစကားပြောကြားကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ၊ ဒုတိယဝန်ကြီး ၊ သံအမတ်ကြီး ၊ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သတ်မှတ်နေရာများ၌ ချယ်ရီပင်များ စိုက်ပျိုးခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် လွိုင်ကော်မြို့ရှိ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ကယားပြည်နယ် ရုံးသစ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး Information Counter တွင် QR Code ထားရှိခြင်း၊ ဂျပန်ဘာသာစကား သင်တန်းဖွင့်လှစ်ထားရှိခြင်းနှင့် ရုံးအဆောက်အဦအသစ်များကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့သည် ယနေ့မွန်းလွဲပိုင်းတွင် ကယားပြည်နယ် ဒေါတမကြီးကျေးရွာရှိ လူထုအခြေပြု ခရီးသွားလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေး၍ ညနေပိုင်းတွင် လွိုင်ကော်မြို့၊ ဗုဒ္ဓဥယျာဉ် အတွင်း၌ ကျင်းပသည့် (၆၈) နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ် စတုတ္ထအကြိမ် မြန်မာ-ဂျပန် ချစ်ကြည်ရေး ချယ်ရီပင်စိုက်ပျိုးပွဲတော်အား ဂုဏ်ပြုကြိုဆိုခြင်း ညစာစားပွဲ အခမ်းအနားသို့ တက်ရောက်သည်။
(သတင်းစဉ်)