မန္တလေး အောက်တိုဘာ ၂
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအား ပူးပေါင်းပါဝင်ကူညီနိုင်ရန် မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံများအသင်း(Myanmar Private Hospitials Association) ကိုယ်စားပြု၍ ရန်ကုန်မြို့ရှိကိုဗစ်-၁၉ ရောဂါကုသရေးဌာန များတွင် သွားရောက်တာဝန်ထမ်းဆောင်မည့် အထက်မြန်မာပြည်ဆေးရုံကြီး(၇)ခုမှ ဆရာဝန်/သူနာပြု(၄၉)ဦးတို့ ယနေ့နံနက်ပိုင်းက မန္တလေးမြို့မှ မော်တော်ယာဉ်များဖြင့် ထွက်ခွာသွား ကြောင်း သိရသည်။
အဆိုပါ ဆရာဝန်များနှင့်သူနာပြုများအား မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူး ဒေါက်တာသန်းသန်းမြင့်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံပုဂ္ဂလိကဆေးရုံများအသင်း(Myanmar Private Hospitials Association)မှ တာဝန်ရှိသူများက မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ သိပ္ပံလမ်းရှိ မြို့တော်ဆေးရုံတွင် တွေ့ဆုံပြီး ဂုဏ်ပြုအမှာ စကားပြောကြားခြင်းနှင့်အမှတ်တရဓါတ်ပုံရိုက်ကူးခြင်းများဆောင်ရွက်ခဲ့ကြသည်။
မြန်မာနိုင်ငံပုဂ္ဂလိကဆေးရုံများအသင်းကိုယ်စားပြု၍ ရန်ကုန်မြို့ရှိ ကိုဗစ်-၁၉ ရောဂါကုသရေးဌာနများတွင် တာဝန်ထမ်းဆောင်ရန် မန္တလေးမြို့ရှိ ဆေးရုံ(၇)ခုတို့မှ ကျန်းမာရေးဝန်ထမ်းများမှာ မြို့တော်ဆေးရုံမှ ဆရာဝန်/ သူနာပြု(၁၅)ဦး၊ ငြိမ်းဆေးရုံမှ ဆရာဝန်/သူနာပြု(၁၀)ဦး၊မန္တလာဆေးရုံမှ ဆရာဝန်/သူနာပြု(၈)ဦး၊ ကံ့ကော်ဆေးရုံမှ ဆရာဝန်/သူနာပြု(၅)ဦး၊ပန်းလှိုင်ဆေးရုံမှ ဆရာဝန်/သူနာပြု(၄)ဦး၊ မြတ်တော်ဝင်ဆေးရုံမှ ဆရာဝန်/သူနာပြု(၄)ဦး၊ အာရောဂျံဆေးရုံမှ သူနာပြု(၁)ဦး၊ GRAND MANDALAY မှ ဆရာဝန်/သူနာပြု (၂)ဦး စုစုပေါင်းကျန်းမာရေး ဝန်ထမ်း(၄၉)ဦး တို့က စေတနာ့ဝန်ထမ်း (Volunteer) အဖြစ် ပါဝင်ကူညီကာ ကိုဗစ်-၁၉ ရောဂါကုသရေး လုပ်ငန်းများတွင် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)