နေပြည်တော် ဖေဖော်ဝါရီ ၁၈
ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား သံတမန်ဆက်ဆံရေး (၇၇) နှစ်မြောက် အထိမ်းအမှတ်အဖြစ် သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးဆိုင်ရာဆွေးနွေးပွဲကို ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ ယနေ့မွန်းလွဲပိုင်းတွင် ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် Video Conferening စနစ်ဖြင့် ပါဝင်တက်ရောက်၍ အမှာစကားပြောကြားသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက မြန်မာနိုင်ငံ၏ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားရာတွင် မြန်မာနိုင်ငံသည် အခြားသောကမ္ဘာ့နိုင်ငံများနည်းတူ ရာသီဥတုပြောင်းလဲခြင်း၏ ဆိုးကျိုးသက်ရောက်မှုကြောင့် သဘာဝဘေးအန္တရာယ်များကို တွေ့ကြုံခံစားနေရပြီး သဘာဝဘေးကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေး၊ ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များနှင့်အညီ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း။
ထိုသို့ဆောင်ရွက်ရန် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနှင့် နည်းဥပဒေကို ၂၀၁၃ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်တို့တွင် အသီးသီးပြဋ္ဌာန်းခဲ့ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ဥက္ကဋ္ဌအဖြစ်ဦးဆောင်သည့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ (National Disaster Management Committee-NDMC) နှင့် ရပ်ကွက်/ကျေးရွာအုပ်စုအထိ အဆင့်ဆင့်သော ဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာကော်မတီများကို ဖွဲ့စည်းထားကြောင်း၊ ထိရောက်သည့် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများသည် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများကို နည်းပါးသက်သာစေနိုင်သည့်အပြင် ဘေးဒဏ်ကိုပိုမိုခံနိုင်ရည်ရှိသော အသိုက်အဝန်းများအဖြစ် ဖြစ်ပေါ်လာစေနိုင်ပါကြောင်း။
ကြိုတင်ခန့်မှန်းချက်ရယူနိုင်သော သဘာဝဘေးများအတွက် ကြိုတင်သတိပေးချက်များပေးပို့နိုင်သည့် Myanmar Disaster Alert Mobile Application ကို ရေးဆွဲထားပြီးဖြစ်သကဲ့သို့ ပုံမှန်ဆက်သွယ်ရေးကွန်ရက်များ သဘာဝဘေးဆိုင်ရာ အရေးပေါ်အခြေအနေကြောင့် ပြတ်တောက်မှုနှင့် ကြုံတွေ့ခဲ့ရပါက အရန်ဆက်သွယ်ရေးစနစ်အဖြစ် Single Side Band (SSB) များကို သဘာဝဘေးမကြာခဏဖြစ်ပွားတတ်သည့်နေရာများတွင် အသင့်တပ်ဆင်ပေးထားပါကြောင်း၊ ၂၀၂၃ ခုနှစ် မိုခါမုန်တိုင်းနှင့် ၂၀၂၄ ခုနှစ် တိုင်ဖွန်းရာဂီ၏ သက်ရောက်မှုကြောင့် ရေကြီးရေလျှံမှု ဖြစ်စဉ်များတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံအစိုးရ၏ လူသားချင်းစာနာထောက်ပံ့မှု အကူအညီပေးခဲ့မှုများကို မှတ်တမ်းပြုကျေးဇူးတင်ပါကြောင်း၊ ရှေ့လာ မည့်နှစ်များတွင်လည်း ဘေးအန္တရာယ်စီမံခန့်ခွဲမှုကဏ္ဍများ၌ ချစ်ကြည်ရင်းနှီးမှုနှင့် မိတ်ဖက်ပူးပေါင်း ဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
အခမ်းအနားတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်းနှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းသံအမတ်ကြီး Mr. Iskander K. Azizov တို့ကလည်း ကြိုဆို နှုတ်ခွန်းဆက်စကားများ ပြောကြားကြသည်။ အထိမ်းအမှတ်နေ့ဆွေးနွေးပွဲသို့ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့တို့မှ တာဝန်ရှိသူများလည်း ပါဝင်တက်ရောက်ခဲ့ကြသည်။
အခမ်းအနားသို့ တက်ရောက်လာကြသည့် ရုရှားနိုင်ငံနှင့်မြန်မာနိုင်ငံတို့မှ ဖိတ်ကြားထားသော ကိုယ်စားလှယ်များက ကဏ္ဍအလိုက်လုပ်ငန်းများကို ဆွေးနွေးပြောကြားခဲ့ကြပြီး တက်ရောက်လာသူများက မေးခွန်းများ မေးမြန်းဆွေးနွေးကြကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အထိမ်းအမှတ်နေ့အခမ်းအနားသို့ စိန့်ပီတာစဘတ်မြို့ရှိ မြန်မာကျောင်းသားများ၊ ရုရှားနိုင်ငံ မီးသတ်တပ်ဖွဲ့နှင့် တက္ကသိုလ်များမှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်