Skip to main content

ငလျင်ဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် ပြည်တွင်း/ ပြည်ပမှ အကူအညီ၊ အထောက်အပံ့ရရှိနိုင်ရေးနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ဧပြီ ၂၈

ငလျင်ဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် ပြည်တွင်း/ ပြည်ပမှ အကူအညီ၊ အထောက်အပံ့များ ရရှိနိုင်ရေးနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ဘဏ္ဍာငွေရှာဖွေရေးနှင့် ရန်ပုံငွေထိန်းသိမ်းရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ကော်မတီဒုတိယဥက္ကဋ္ဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ လုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ငလျင်ဘေး တုံ့ပြန်ဆောင်ရွက်မှုနှင့် ပြန်လည်ထူထောင်ရေးအတွက် လက်ရှိကာလအထိ အလှူငွေလက်ခံရရှိမှုအခြေအနေများ၊ ငလျင်ဘေး ပြန်လည်ထူထောင်ရေးအတွက် သုံးစွဲဆောင်ရွက်မည့် ကိစ္စရပ်များနှင့် ပြည်တွင်း/ ပြည်ပမှ အကူအညီ၊ အထောက်အပံ့ရနိုင်ရေးနည်းလမ်းများကို သက်ဆိုင်ရာဌာနအဖွဲ့အစည်းများအနေဖြင့် ဝိုင်းဝန်းဆွေးနွေးပေးကြရန် ပြောကြားခဲ့သည်။

ဆက်လက်၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ၂၀၂၅-၂၀၂၆ ဘဏ္ဍာ ရေးနှစ်အတွက် နိုင်ငံတော်ဘတ်ဂျက်မှ ရန်ပုံငွေခွင့်ပြုချက်ရရှိထားမှုအခြေအနေ၊ ၂၀၂၁ ခုနှစ် မတိုင်မီကာလက ပြည်တွင်း/ ပြည်ပမှ အကူအညီ၊ အထောက်အပံ့ရရှိမှုအခြေအနေများ၊ လက်ရှိကာလတွင် အကူအညီ၊ အထောက်အပံ့ရရှိနိုင်ရေး ဆောင်ရွက်မည့်ကိစ္စရပ်များကို ဆွေးနွေးတင်ပြခဲ့သည်။

ဆက်လက်၍ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ငလျင်ဘေးဖြစ်ပွားပြီးကာလအတွင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေ၏ ရရှိ၊သုံးစွဲ၊ လက်ကျန်အခြေအနေ၊ ယခင်ကာလများတွင် ဖြစ်ပွားခဲ့သော ဘေးအန္တရာယ်များအတွက် ပြည်တွင်း/ ပြည်ပမှ အကူအညီ၊ အထောက်အပံ့ရရှိခဲ့မှုအခြေအနေများကို ဆွေးနွေးတင်ပြပြီး တက်ရောက်လာသူများက အကူအညီ၊ အထောက်အပံ့ရရှိနိုင်ရေး ဆောင်ရွက်ရမည့် နည်းလမ်းများကို ဝိုင်းဝန်းအကြံပြုဆွေးနွေးကြကာ အစည်းအဝေးကို မွန်းလွဲပိုင်းတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်