နေပြည်တော် ဖေဖော်ဝါရီ ၁၉
မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် မန္တလေးတိုင်းဒေသကြီး မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်အတူ ယနေ့နံနက် ၉ နာရီတွင် မန္တလေးမြို့ မြို့တော်ခန်းမ၌ကျင်းပသည့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဝင်များနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။
ဦးစွာ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက မန္တလေးတိုင်းဒေသကြီးအနေဖြင့် ပန်းခင်းစီမံချက်အဆင့် (၁) တွင် လျာထားချက် ရာနှုန်းပြည့်ဆောင်ရွက်နိုင်ခဲ့ပြီး ပန်းခင်းစီမံချက်အဆင့် (၂) နှင့် (၃) တို့တွင် အကြောင်းအမျိုးမျိုးကြောင့် ဆောင်ရွက်ရန်ကျန်ရှိမှုနှင့်ထပ်မံ၍ အသက် ၁၈ နှစ်ပြည့်လာမည့်သူများအတွက် ယခုပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၃၁ ရက်အထိ လျာထားဆောင်ရွက်ရာတွင် မန္တလေးတိုင်းဒေသကြီးအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား စုစုပေါင်း တစ်သောင်းကျော်ထုတ်ပေးရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအခါ ဒေသအချို့၌ ဖြစ်ပွားခဲ့သည့် အကြမ်းဖက်ဖြစ်စဉ်များ၊ သဘာဝဘေးအန္တရာယ်များကြောင့် ယာယီနေရပ်စွန့်ခွာရွှေ့ပြောင်းသွားလာနေထိုင်မှုများရှိနေကြပြီး ယင်းတို့၏စာရင်းအချက်အလက်များ တိကျမှန်ကန်စွာရရှိရေး ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ ရွှေ့ပြောင်းနေထိုင်သူများနှင့်ပတ်သက်၍ ဥပဒေနှင့်အညီ ကိုင်ဆောင် ကတ်ပြားတစ်မျိုးမျိုး ရရှိကိုင်ဆောင်နိုင်ရေး၊ ဥပဒေနှင့်ကိုက်ညီသူများ မဲစာရင်းတွင် ပါဝင်စေရေး၊ မဲစာရင်းတစ်နေရာထက် ပိုမိုပါဝင်မှုမရှိစေရေးတို့အတွက် တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် အပြန်အလှန်ဆက်စပ်ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီး မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပန်းခင်းစီမံချက်အဆင့် (၃) လျာထားသတ်မှတ်ချက်အပေါ် အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ ယာယီရွှေ့ပြောင်းနေထိုင်လာသူများ စာရင်းကောက်ယူပြုစုဆောင်ရွက်နေမှုအခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် တာဝန်ရှိသူများက လုပ်ငန်းများ အောင်မြင်ရေးအတွက်ကဏ္ဍအလိုက် ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ချမ်းအေးသာစံမြို့နယ်ရှိ ပြည်သူ့အင်အားဦးစီးဌာန အဆောက်အအုံ၌ ကချင်ပြည်နယ် ဗန်းမော်ဒေသမှ ယာယီရွှေ့ပြောင်းရောက်ရှိလာကြသည့် ခရိုင်နှင့် မြို့နယ်အချို့မှ ဝန်ထမ်းများကို သွားရောက်တွေ့ဆုံ၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးကာ ဝန်ထမ်းများအတွက် ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများကို ပေးအပ်ပြီး အဆိုပါအဆောက်အအုံအတွင်း ယာယီရုံးခွဲများဖွင့်လှစ်ထားရှိမှုနှင့် ဝန်ထမ်းများ နေထိုင်နိုင်ရေး၊ ရေ၊ မီး ရရှိရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ချမ်းအေးသာစံမြို့နယ် ကန်ကောက်ရပ်ကွက်ရှိ ဝါးခင်းကုန်းဓမ္မာရုံ၌ ချမ်းအေးသာစံမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ဒေသခံပြည်သူများကို ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် လုပ်ငန်းစဉ်အဆင့်အလိုက် နိုင်ငံသားစိစစ်ရေးကတ်ပြား စိစစ်ဆောင်ရွက်ပေးနေမှု၊ နိုင်ငံသားကတ်ပြားရရှိသူများအား e-ID စနစ်ဖြင့် ကိုယ်ရေးအချက်အလက် (Biographic) နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူ၍ ဂဏန်း ၁၀ လုံးပါ Unique ID နံပါတ်ထုတ်ပေးဆောင်ရွက်နေမှုတို့ကို ကြည့်ရှုအားပေးကာ တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး လာရောက်ဆောင်ရွက်ကြသည့် ပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးသည်။
ယင်းနောက် ပြည်ကြီးတံခွန်မြို့နယ် ဦးစီးမှူးရုံးသို့ သွားရောက်၍ မြို့နယ်ရုံးအတွင်း၌ ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသေးသူများ၊ လဲလှယ်နှင့် မိတ္တူလျှောက်ထားသူ ပြည်သူများအား ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် နိုင်ငံသားကတ်ပြား စိစစ်ဆောင်ရွက်ပေးနေမှုအခြေအနေများ၊ e-ID စနစ်ဖြင့် Biographic/ Biometric ကောက်ယူကာ UID နံပါတ်တစ်ပါတည်း ဆောင်ရွက်ထုတ်ပေးနေမှု၊ မြို့နယ်ရုံးအတွင်း စာရွက်စာတမ်းများ ထိန်းသိမ်းထားရှိမှုနှင့် မှတ်တမ်းခန်းအတွင်း ကိုယ်ရေးဖိုင်များ စနစ်တကျထိန်းသိမ်းထားရှိမှု၊ မီးဘေးအန္တရာယ်နှင့် ပိုးမွှားအန္တရာယ်ကာကွယ်ရေးဆောင်ရွက်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားညှိနှိုင်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ အောင်မြေသာစံမြို့နယ်ရှိ ဧည့်ရိပ်သာခန်းမ၌ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်ဦးစီးမှူးတို့ကို တွေ့ဆုံ၍ လုပ်ငန်းများဆောင်ရွက်ရာတွင် ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျဆောင်ရွက်ကြရေး ရှင်းလင်းမှာကြားကာ ခရိုင်နှင့် မြို့နယ်ဦးစီးမှူးများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်