Skip to main content

မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ (၂၀၂၄) ဖြင့် ဆောင်ရွက်သည့် “မဲခေါင် - လန်ချန်း ယဉ်ကျေးမှုအစီအစဉ် (၂၀၂၄) မြန်မာနိုင်ငံ” ဖွင့်ပွဲအခမ်းအနားကျင်းပ

ညောင်ဦး ဖေဖော်ဝါရီ ၂၄

မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၄) အစီအစဉ်ဖြင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) က ဆောင်ရွက်သည့် “မဲခေါင်-လန်ချန်း ယဉ်ကျေးမှုအစီအစဉ် (၂၀၂၄) မြန်မာနိုင်ငံ” အစီအစဉ်ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီတွင် ပုဂံမြို့ရှိ Royal Palace Hotel ၌ ကျင်းပသည်။

ဖွင့်ပွဲသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး Ms. Ma Jia နှင့် သံရုံးအဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မဲခေါင် - လန်ချန်း အဖွဲ့ဝင်နိုင်ငံများမှ ပန်းချီပညာရှင်များ၊ မြန်မာနိုင်ငံ ရိုးရာပန်းချီပညာရှင်များ အစည်းအရုံးမှ ပန်းချီပညာရှင်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံက ၂၀၁၆ ခုနှစ်တွင် “မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (Lancang - Mekong Cooperation LMC)” ကို စတင်ထူထောင်ခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများသည် စီးပွားရေး၊ လူမှုရေးအပါအဝင် ကဏ္ဍစုံနှင့် ယဉ်ကျေးမှုဆိုင်ရာ အတူတကွပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များကို ဆောင်ရွက်ခဲ့ကြပါကြောင်း။

ယခု အစီအစဉ်သည် ယဉ်ကျေးမှုအမွေအနှစ်တစ်ခုဖြစ်သော ရိုးရာပန်းချီကားများကို မိမိတို့လူမျိုးတို့၏ ရိုးရာအတိုင်းရေးဆွဲရေး၊ ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် မြှင့်တင်နိုင်စေရေးတို့အတွက် မဲခေါင်ဒေသတွင်းခြောက်နိုင်ငံမှ လူငယ်များအားဖိတ်ခေါ်၍ ကျင်းပရခြင်းဖြစ်ပြီး Let's Preserve Mekong- Lancang Cultural Heritage “မဲခေါင် - လန်ချန်း ယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းကြပါစို့” ဟူသော ဦးတည်ချက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ ပုဂံမြို့သည် မဲခေါင် - လန်ချန်း ဒေသတွင်းရှိ ရှေးဟောင်းယဉ်ကျေးမှုမြို့တော်တစ်ခုဖြစ်ပြီး မဲခေါင်ဒေသတွင်းနိုင်ငံများနှင့် ရင်းနှီးစွာဆက်ဆံမှု ကြာမြင့်ခဲ့သည့် ယဉ်ကျေးမှုမြို့တော်ဖြစ်သည့်အတွက် ယခုအစီအစဉ်ကို ပုဂံမြို့တွင် ပြုလုပ်ရခြင်းသည် အနှစ်သာရ ပိုမိုပြည့်ဝမည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

ထို့နောက် တရုတ်သံအမတ်ကြီးက နှုတ်ခွန်းဆက်စကားပြောကြားပြီး မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ညှိနှိုင်းရေးအဖွဲ့ (မြန်မာ) ဒုတိယဥက္ကဋ္ဌက Video Conferencing စနစ်ဖြင့် နှုတ်ခွန်းဆက်စကားပြောကြားကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

မဲခေါင် - လန်ချန်းယဉ်ကျေးမှု အစီအစဉ်ကို ဖေဖော်ဝါရီ ၂၂ ရက်မှ ဖေဖော်ဝါရီ ၂၈ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ပြီး အဆိုပါအစီအစဉ်အရ ဒေသတွင်းနိုင်ငံများမှ ပန်းချီပညာရှင်များသည် ပုဂံယဉ်ကျေးမှုနယ်မြေ၌ လက်တွေ့ကွင်းဆင်း ပန်းချီများဖန်တီးခြင်း၊ ရိုးရာပန်းချီ အနုပညာဆိုင်ရာ စာတမ်းဖတ်ကြားခြင်း၊ ပန်းချီအနုပညာပြပွဲ ခင်းကျင်းပြသခြင်း၊ ယဉ်ကျေးမှုလေ့လာရေး ခရီးစဉ်သွားရောက်ခြင်းတို့ကို ပြုလုပ်သွားမည်ဖြစ်သည်။

ယမန်နေ့ကလည်း ဒုတိယဝန်ကြီးသည် ရွှေစည်းခုံစေတီတော်ဂေါပကရုံး၌ ကျင်းပခဲ့သည့် ရွှေစည်းခုံစေတီတော်ပြုပြင်ထိန်းသိမ်းရေး ဘက်စုံလွှမ်းခြုံသောအစီအစဉ် (Master Plan) ရေးဆွဲနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် ဒုတိယဝန်ကြီးက လုပ်ငန်းစဉ်အတိုင်း အကောင်အထည်ဖော်ဆောင်ရွက်ကြရန်၊ လုပ်ငန်းများအောင်မြင်ရေး ပေါင်းစပ်ညှိနှိုင်းကြရန်မှာကြားခဲ့ပြီး စေတီတော်ရင်ပြင်တော်ပေါ်ရှိ သာသနိကအဆောက်အဦများနှင့် အရှေ့ဘက်စောင်းတန်းတစ်လျှောက်ရှိ ဈေးဆိုင်တန်းများ နေရာချထားမည့် လျာထားနေရာများနှင့် ယာဉ်ရပ်နားရန် သတ်မှတ်နေရာတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် မဲခေါင်ဒေသတွင်းနိုင်ငံများမှ ပန်းချီပညာရှင်များ Outdoor Painting ရေးဆွဲနေသည့် ဘုရားသုံးဆူဘုရားသို့သွားရောက်၍ ပန်းချီကားများ ဖန်တီးရေးဆွဲနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်