Skip to main content

ရန်ကုန်-မန္တလေးရထားလမ်းပိုင်းအတွင်းရှိ ကျောက်တံခါးနှင့် ပိန်းဇလုပ်ဘူတာအကြား  အစုန်ရထားလမ်းပေါ်၌ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က မိုင်းထောင်ဖောက်ခွဲဖျက်ဆီး

နေပြည်တော် ဖေဖော်ဝါရီ ၂၆

ရန်ကုန်- မန္တလေး ရထားလမ်းပိုင်းအတွင်း ယမန်နေ့ ည ၁၀ နာရီတွင် ပဲခူးတိုင်းဒေသကြီး ကျောက်တံခါး မြို့နယ်ကျောက်တံခါးဘူတာနှင့် ပိန်းဇလုပ်ဘူတာအကြား မိုင်တိုင်အမှတ် ၁၀၇/၁၀-၉ နေရာရှိ အစုန်ရထားလမ်းပေါ်တွင် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က ထောင်ထားသည့် မိုင်းပေါက်ကွဲခဲ့သဖြင့် ရထားလမ်းထိခိုက်ပျက်စီးခဲ့ပြီး ကျောက်တံခါးနှင့် ပိန်းဇလုပ်ရထားလမ်းပိုင်းအား နံနက် ၉ နာရီတွင် ယာယီပိတ်ထားကြောင်း သတင်းရရှိသည်။

မိုင်းပေါက်ကွဲမှု ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ နယ်မြေဒေသတာဝန်ရှိသူများ၊ နယ်မြေခံလုံခြုံရေး တပ်ဖွဲ့ဝင်တို့က အချိန်နှင့်တစ်ပြေးညီ နယ်မြေရှင်းလင်းစစ်ဆေးဆောင်ရွက်ခဲ့ရာ မိုင်းခွဲခံရမှုကြောင့် အစုန်လမ်းရှိ အရှေ့ဘက်သံလမ်း နှစ်ပေခန့်နှင့် ၁၀ ပေအကွာတွင် အနောက်ဘက်သံလမ်း နှစ်ပေခန့် နှစ်နေရာပြတ်တောက်၍ ကွန်ကရစ်ဇလီဖား ၁၀ တုံး ပျက်စီးခဲ့ကြောင်းသိရှိရသည်။

မြန်မာ့မီးရထားဝန်ထမ်းများအနေဖြင့် လမ်းပိုင်းအား အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေး စစ်ဆေးဆောင်ရွက်ခဲ့ပြီး အစုန်လမ်း၏ ပြတ်တောက်သွားသော သံလမ်းနှစ်ချောင်းအား လဲလှယ်ခြင်း၊ လမ်းပြုပြင်ခြင်းများကို နံနက် ၁၁ နာရီ မိနစ် ၂၀ မှစတင် ဆောင်ရွက်ခဲ့ရာ မွန်းလွဲ ၃ နာရီခွဲတွင် အစုန်ရထားလမ်းပိုင်းအား ပြန်လည်ဖွင့်လှစ်၍ ရထားများပုံမှန် အတိုင်းပြေးဆွဲပေးလျက်ရှိသည်။

မိုင်းပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ရန်ကုန်-မန္တလေး လမ်းပိုင်းအတွင်း ပြေးဆွဲလျက်ရှိသည့် အမှတ် (၉၀၂-A) အစုန်ကုန်ရထားသည် ပဲနွယ်ကုန်းဘူတာသို့ ဖေဖော်ဝါရီ ၂၅ ရက် ညနေ ၆ နာရီ ၁၀ မိနစ်ခန့်တွင်လည်းကောင်း၊ အမှတ်(၉၀၂-B) အစုန်ကုန်ရထားသည် ကညွတ်ကွင်းဘူတာသို့ ညနေ ၆ နာရီ မိနစ်၂၀ ခန့်တွင်လည်းကောင်း၊ ဖေဖော်ဝါရီ ၂၆ ရက် အမှတ် (၉၂၃-B)အဆန်ကုန်ရထားသည် ပြွန်တန်ဆာဘူတာသို့ နံနက် ၇ နာရီ ၅ မိနစ်ခန့်တွင် လည်းကောင်း၊ အမှတ် (၉၁၃) အဆန်ကုန်ရထားသည် ပြွန်တန်ဆာ ဘူတာသို့ နံနက် ၇ နာရီ ၃၅ မိနစ်ခန့်တွင်လည်းကောင်း၊ အမှတ်(၉၁၄) အစုန်ကုန်ရထားသည် ဇေယျာဝတီဘူတာသို့ နံနက် ၈ နာရီ ၄၅ မိနစ်ခန့်တွင်လည်းကောင်း၊ အမှတ်(၁၁)အဆန်လူစီးရထားသည် ညောင်လေးပင်ဘူတာသို့ နံနက် ၈ နာရီ ၄၉ မိနစ် ခန့်တွင်လည်းကောင်း၊ အမှတ် (၁) အဆန်စာပို့ရထားသည် ပဲခူးဘူတာသို့ နံနက် ၁၀ နာရီခွဲခန့်တွင်လည်းကောင်း ရောက်ရှိရပ်တန့်ထားခဲ့ရသည်။

အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ ယခုအချိန်အထိ မြန်မာ့မီးရထားလမ်းကွန်ရက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာနယ်မြေအတွင်း မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခံရခြင်းအကြိမ် ၈၀ ၊ ရထားတံတား/ သံလမ်းများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံရခြင်း ၁၇၄ ကြိမ်၊ ဘူတာအဆောက်အအုံနှင့် ဝန်ထမ်း နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း ၁၆ ကြိမ် ကျူးလွန်ခဲ့ကြသည်။

အကြမ်းဖက် သောင်းကျန်းသူများအနေဖြင့် နိုင်ငံတော်ပိုင်ရထားစက်ခေါင်းနှင့် တွဲများ၊ ရထားလမ်းနှင့် တံတားများ၊ ခရီးသည်များနှင့် ကုန်စည်များ ထိခိုက်ပျက်စီးဆုံးရှုံးစေရေး၊ ရထားစီးခရီးသွား ပြည်သူများအနေဖြင့် ရထားဖြင့်ခရီးသွားလာရာတွင် ကိုယ်စိတ်နှလုံးချမ်းမြေ့ပြီး အသက်အန္တရာယ်ကင်းရှင်းစွာဖြင့် လုံခြုံစိတ်ချစွာ သွားလာနိုင်မှုမရှိစေ ရေးအတွက်ရည်ရွယ်ပြီး ယခုကဲ့သို့ အကြိမ်ကြိမ် ကျူးလွန်ဖျက်ဆီးနေကြခြင်းဖြစ်သော်လည်း နိုင်ငံတော်အစိုးရအနေဖြင့် အများပြည်သူခရီးသွားလာမှုနှင့် ကုန်စည်ပို့ဆောင်မှု အဆင်ပြေချောမွေ့ မြန်ဆန်စေရေးအတွက်ရထားလမ်းနှင့် အခြေခံအဆောက်အအုံများ ပိုမိုတိုးတက်ကောင်းမွန်လာစေရေး၊ ရထားပို့ဆောင်ရေးစနစ် အဆင့်မြှင့်တင်ရေးစီမံကိန်း လုပ်ငန်းများကို ရည်မှန်းချက်ထားရှိ၍ အစဉ်တစိုက်အလေးထား စီမံဆောင်ရွက်ပေးလျက်ရှိသည်။

 မြန်မာ့မီးရထား