နေပြည်တော် ဖေဖော်ဝါရီ ၂၆
မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ် ကျောင်းကုန်းကျေးရွာနှင့် သံပုရာခြံကျေးရွာရှိ နေအိမ်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်မီးရှို့ခဲ့၍ နေအိမ်အလုံး ၃၀ မီးလောင်ပျက်စီးခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာလုံခြုံရေးတာဝန် ရှိသူတစ်ဦး၏ ပြောကြားချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်၊ဥစ္စာကို ကာကွယ်စောင့်ရှောက်လျက်ရှိကြောင်းနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် နယ်မြေလုံခြုံရေးတာဝန်များကို ဥပဒေနှင့်အညီသာ ဆောင်ရွက်လျက်ရှိကြောင်း၊ အကြမ်းဖက်သမားများအနေဖြင့် နယ်မြေတည်ငြိမ်အေးချမ်းမှုကို မလိုလားဘဲ အေးချမ်းစွာနေထိုင်လျက်ရှိသည့် ဒေသခံပြည်သူများ ထံမှဆက်ကြေးကောက်ခံခြင်းနှင့် လူသစ်စုဆောင်းခြင်းများအား အဓမ္မလုပ်ဆောင်လျက်ရှိပြီး ၎င်းတို့အလိုကျ လိုက်ပါလုပ်ဆောင်ခြင်းမရှိသည့် မြို့နယ်၊ ကျေးရွာများမှ ဒေသခံပြည်သူများကို ၎င်းတို့အပေါ် ကြောက်ရွံ့နာခံလာစေရန်အတွက် ခေါင်းစဉ်အမျိုးမျိုးပြ၍ မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း၊ တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် အကြမ်းဖက်သမားများ၏ လူမဆန်သည့်လုပ်ရပ်များကို ဖုံးကွယ်ရန်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အပြစ်ပုံချကာ ပြည်သူလူထုက အထင်အမြင်လွဲမှားစေရန် ရည်ရွယ်ချက်ရှိရှိ ယခုကဲ့သို့ သတင်းအမှားများကို လုပ်ကြံရေးသား ဖြန့်ဝေနေခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်