Skip to main content

လူငယ်အလုပ်ရုံဆွေးနွေးပွဲမှတစ်ဆင့် ရရှိလာသည့်အတွေ့အကြုံကောင်းများကိုနိုင်ငံ့အကျိုး၊ အများပြည်သူအကျိုးကို တတ်စွမ်းသမျှ သယ်ပိုးဆောင်ရွက်

နေပြည်တော် ဖေဖော်ဝါရီ ၂၆

မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံ လူငယ်ရေးရာလုပ်ငန်းကော်မတီနှင့် မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်းတို့ ပူးပေါင်းကျင်းပပြုလုပ်သည့် လူငယ်အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ (C) ၌ ကျင်းပသည်။

တက်ရောက်

အလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာ နိုင်ငံလူငယ်ရေးရာဗဟိုကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီအဖွဲ့ဝင်များ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံလူငယ် ရေးရာလုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ မြန်မာလူငယ်ဖွံ့ဖြိုးတိုး တက်ရေးအသင်း (MYDA) ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ လူငယ်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ဦးစွာ မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက ပါဝင်ဆွေးနွေးကြမည့် လူငယ်မောင်မယ်များအနေဖြင့် မိမိတို့ကျွမ်းကျင်သည့် ဘာသာရပ်များအလိုက် အသိပညာများ၊ အတတ်ပညာများ၊ မှတ်သားလေ့လာခဲ့သည့် ပညာဗဟုသုတနှင့် ရသစာပေများကို အချင်းချင်းမျှဝေပြီး ၂၁ ရာစု ဗလငါးတန်ဖြစ်သည့် ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်မှုကို ထိန်းသိမ်းနိုင်သည့် အရည်အသွေး (PQ)၊ မတူကွဲပြားသည့် ယဉ်ကျေးမှုနှင့် လူ့အဖွဲ့အစည်းများကို နားလည်လက်ခံနိုင်သည့် အရည်အသွေး(CQ)၊ ဘဝရှင်သန် နေထိုင်ခြင်း၏ ရည်ရွယ်ချက်ကို သိရှိလိုက်နာနိုင်သည့် အရည်အသွေး (SQ)၊ စိတ်နှလုံးခံစားမှုအရည်အသွေး (EQ)၊ ဉာဏ်ရည်ဉာဏ်သွေး (IQ) များနှင့် ပြည့်စုံသည့် လူငယ်မောင်မယ်များ ဖြစ်လာနိုင်မည်ဖြစ်ကြောင်း၊ ယခုဆွေးနွေးပွဲမှတစ်ဆင့်ရရှိလာသည့် အတွေ့အကြုံကောင်းများကို လေ့လာမှတ်သား၍ နိုင်ငံ့အကျိုး၊ အများပြည်သူအကျိုးကို တတ်စွမ်းသမျှ သယ်ပိုးဆောင်ရွက်ပြီး ဗလငါးတန်ပညာ့မာန်ဖြင့် အနာဂတ်ပဲ့ကိုင်ရှင်များ၊ ဖွံ့ဖြိုးတိုးတက်သည့် လူ့အဖွဲ့အစည်းကို ဖန်တီးပုံဖော်ရာတွင် ပါဝင်နိုင်သူများဖြစ်အောင် ဆက်လက်ကြိုးစားသွားကြရန် တိုက်တွန်းပြောကြားပြီး မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MYDA) ဥက္ကဋ္ဌက အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် အလုပ်ရုံဆွေးနွေးပွဲ ကို “Building a Resilient and Innovative Future”ခေါင်းစဉ်ဖြင့်ကျင်းပပြီး လူငယ်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ခရီးသွားကဏ္ဍမြှင့်တင်ခြင်း၊ ပိုမိုကောင်းမွန်သော အနာဂတ်အတွက် သင်ယူမှုအသစ်များလေ့လာခြင်း၊ ပညာရေးမှတစ်ဆင့် လူငယ်များအား စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်း၊ ဆန်းသစ်တီထွင်ခြင်း ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများကို လူငယ်များက ဦးဆောင်အဖြေရှာခြင်း၊ လူငယ်များ၏အင်အားဖြင့် ပူးပေါင်းဆောင်ရွက်သည့် အလေ့အထဖန်တီးခြင်း၊ အောင်မြင်မှုအတွက် ကျွမ်းကျင်မှုများ၊ ရေရှည်ခိုင်မာသည့် ချစ်ကြည်ရင်းနှီးမှုဖြင့် စည်းလုံးညီညွတ်မှုတို့ကို စာနာနားလည် မှုစိတ်ဓာတ်ဖြင့် တည်ဆောက်ခြင်းနှင့် အုပ်စုလိုက်ဆွေးနွေးခြင်း တို့ကို ဆောင်ရွက်ကာ လူငယ်အလုပ်ရုံဆွေးနွေးပွဲ ပထမနေ့ကိုရုပ်သိမ်းလိုက်သည်။

လူငယ်အလုပ်ရုံ ဆွေးနွေးပွဲပထမနေ့မှ လူငယ်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် သုံးသပ်ဆွေးနွေးခြင်းကို ဖေဖော်ဝါရီ ၂၇ ရက်တွင် ဆက်လက်ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်