ရန်ကုန် ဖေဖော်ဝါရီ ၂၆
နီပေါနိုင်ငံတွင်ကျင်းပသည့် လေးနိုင်ငံအမျိုးသမီးဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ဖေဖော်ဝါရီ ၂၆ ရက်က နီပေါနိုင်ငံ၌ကျင်းပရာ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းက အိမ်ရှင်နီပေါလက်ရွေးစင် အမျိုးသမီးအသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။
မြန်မာ့လက်ရွေးစင်အသင်းသည် ဗိုလ်လုပွဲတွင် အိမ်ရှင်နီပေါအသင်းနှင့် ပြန်လည်ရင်ဆိုင်ခဲ့ရပြီး ဒုတိယပိုင်းသွင်းဂိုးများဖြင့် အနိုင်ရဗိုလ်စွဲခဲ့ ခြင်းဖြစ်သည်။ အိမ်ရှင်နီပေါအသင်းသည် ကွင်းလုံးပြည့် ပရိသတ်ရှေ့မှောက်တွင် အနိုင်ရရန်ကြိုးပမ်းခဲ့သော်လည်း မြန်မာအမျိုးသမီးအသင်းသည် အကောင်းဆုံးရင်ဆိုင်ကာ အနိုင်ရဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ယခုနှစ်အတွင်း ယှဉ်ပြိုင်ကစားရမည့် (၃၃) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲအပါအဝင် နိုင်ငံတကာပြိုင်ပွဲ သုံးခုအတွက် ကြိုတင်ပြင်ဆင်သည့် အနေဖြင့် ယခုနီပေါလေးနိုင်ငံ ဖိတ်ခေါ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရာ ချန်ပီယံဆုရယူနိုင်ခဲ့သဖြင့် လာမည့်ပြိုင်ပွဲများတွင် ရလဒ်ကောင်းရယူနိုင်ရန် တွန်းအားတစ်ရပ်ဖြစ်စေခဲ့သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ၂၀၁၉ ခုနှစ်က အိန္ဒိယနိုင်ငံ၌ကျင်းပသည့် Hero Gold Cup ပြိုင်ပွဲတွင် ချန်ပီယံဆုရပြီးနောက် နိုင်ငံတကာဖိတ်ခေါ် အမျိုးသမီးဘောလုံးပြိုင်ပွဲ တစ်ခုတွင် ချန်ပီယံဆု ပြန်လည်ရယူနိုင်ခြင်းဖြစ်သည်။
မြန်မာအမျိုးသမီးအသင်းသည် မျိုးမြမြငြိမ်း (ဂိုး)၊ ဇွန်ယုယဦး၊ ဖြူဖြူဝင်း၊ နော်ထက်ထက်ဝေ၊ ရူပါခိုင်၊ လင်းလဲ့ဦး၊ ခင်မိုမိုထွန်း၊ ခင်မျိုးသန္တာထွန်း၊ စန်းသော်သော်၊ ယွန်းဝတီလှိုင်၊ ဝင်းသိင်္ဂီထွန်းတို့ဖြင့် ပွဲထွက်လာသည်။ အိမ်ရှင်နီပေါအသင်းသည် ပွဲစကတည်းက တိုက်စစ်ဖွင့်ကစားခဲ့ရာ မြန်မာအသင်းအနေဖြင့် ခံစစ်အမှားမရှိစေရန် အာရုံစိုက်ကစားခဲ့ရပြီး မိနစ် ၂၀ နောက်ပိုင်းမှ အပြန်အလှန်ကစားနိုင်ခဲ့သည်။ ပထမပိုင်းတွင် နှစ်သင်းစလုံး ဂိုးရနိုင်သည့်အခွင့်အရေးများရသော်လည်း အသုံးမချနိုင်သဖြင့် ဂိုးမရှိသရေကျနေသည်။ ဒုတိယပိုင်းတွင် မြန်မာအသင်းက ပိုမိုဖိကစားလာနိုင်ပြီး ၆၂ မိနစ်တွင် ရူပါခိုင်၊ ၆၅ မိနစ်တွင် ဝင်းသိင်္ဂီထွန်းတို့က အနိုင်ဂိုးများ သွင်းယူခဲ့သည်။
နီပေါ လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၇ ရက်မှ ၂၆ ရက်အထိ အိမ်ရှင်နီပေါ၊ မြန်မာ၊ လက်ဘနွန်၊ ကာဂျစ္စတန်အသင်းတို့ဖြင့် ကျင်းပခဲ့ပြီး လေးသင်းပတ်လည်စနစ်ဖြင့် ယှဉ်ပြိုင်ကစား ခဲ့ခြင်းဖြစ်သည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် အုပ်စုပွဲများတွင် လက်ဘနွန်အသင်းကို သုံးဂိုး-တစ်ဂိုး၊ ကာဂျစ္စတန်အသင်းကို ငါးဂိုးပြတ်ဖြင့်အနိုင်ရပြီး နီပေါအသင်းနှင့် နှစ်ဂိုးစီသရေကျခဲ့သည်။ အမှတ်အများဆုံးနှစ်သင်းဖြစ်သည့် မြန်မာအသင်းနှင့် နီပေါအသင်းတို့ ဗိုလ်လုပွဲပြန်လည်ကစားရာ မြန်မာအသင်းက နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။
သတင်း-ကိုညီလေး၊ ဓာတ်ပုံ-MFF