Skip to main content

ပိုလီယိုရောဂါဘေးမှ တစ်သက်တာကာကွယ်ရေး

ပိုလီယိုရောဂါ ဖြစ်ပွားလာလျှင် ကုရာနတ္ထိဆေးမရှိ။ သို့ရာတွင် ထိုရောဂါမဖြစ်မီကပင် ရောဂါကာကွယ်ဆေးထိုးနှံ သို့မဟုတ် တိုက်ကျွေးထားလျှင် ရောဂါမဖြစ်ပွားအောင် ကာကွယ်နိုင်သည်။ လိုအပ်ပါက ကလေးများကို အပိုဆောင်းကာကွယ်ဆေး တိုက်ကျွေးထားခြင်းဖြင့် ဘဝတစ်သက်တာအတွက် ကာကွယ်နိုင်သည်။

ပိုလီယိုရောဂါသည် ပိုလီယိုဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားသည့် ကူးစက်မြန်ရောဂါဖြစ်သည်။ ပိုလီယိုဗိုင်းရပ်စ်ပိုးက အာရုံကြောစနစ်များကို ထိခိုက်ပျက်စီးစေနိုင်ပြီး ခြေလက်များ ပျော့ခွေအကြောသေစေသည့်အပြင် အသက်ကိုပါ ဆုံးရှုံးစေနိုင်သည်။ ပိုလီယိုဗိုင်းရပ်စ်ပိုးသည် ပိုလီယိုကာကွယ်ဆေး မရရှိထားသော အသက်ငါးနှစ်အောက် ကလေးငယ်များတွင် အဓိကဖြစ်ပွားလေ့ရှိသည်။ ဆယ်ကျော်သက်များနှင့် လူကြီးများတွင်လည်း ပိုလီယိုရောဂါ ကူးစက်ခံရနိုင်ပြီး ရောဂါသယ်ဆောင်သူများ ဖြစ်နိုင်သည်။ ပိုလီယိုဗိုင်းရပ်စ်သည် ရောဂါဖြစ်ပွားသူ၏ မစင်၊ တံတွေး၊ နှပ်တို့တွင်ပါဝင်နေပြီး တစ်နည်းနည်းဖြင့် ထိတွေ့မိခြင်း၊ နှာစေးချောင်းဆိုးရာမှ ထွက်လာသည့် အမှုန်အစက်များကို ရှူရှိုက်မိခြင်း စသည်တို့ကြောင့် ကူးစက်နိုင်သည်။

ပိုလီယိုရောဂါကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် တိုက်ဖျက်ခဲ့ရာ ကမ္ဘာ့နိုင်ငံအများစုတွင် ရောဂါပပျောက်သွားခဲ့သော်လည်း အစွန်းရောက်အယူသီးသူများကြောင့် ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်နိုင်ငံတို့တွင် ရောဂါဆက်လက်ဖြစ်ပွားနေခဲ့သည်။ မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ်အတွင်း ပိုလီယိုကင်းစင် သွားပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကြေညာခဲ့သည်။ သို့သော် ၂၀၁၉ ခုနှစ် ဇူလိုင်လတွင် မြန်မာနိုင်ငံ ပိုလီယိုရောဂါ စောင့်ကြပ်ကြည့်ရှုရေးအဖွဲ့က ကရင်ပြည်နယ်ဖာပွန်မြို့နယ်တွင် အသွင်ပြောင်း ပိုလီယိုရောဂါ ကပ်ရောဂါအသွင် ဖြစ်ပွားသည်ကို တွေ့ရှိခဲ့ရသည်။ အဆိုပါမြို့နယ်သည် ကာကွယ်ဆေးလွှမ်းခြုံမှုနည်းသော မြို့နယ်ဖြစ်ပြီး ယင်းအဓိကအကြောင်းအရင်းကြောင့်ပင် အသွင်ပြောင်းပိုလီယိုပိုး ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

၂၀၁၉ ခုနှစ် ဇူလိုင်လအတွင်း အရေးပေါ်ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးခြင်းကို ရောဂါကူးစက်ပျံ့နှံ့ရန် အန္တရာယ်ရှိသည့် မြို့နယ်ပေါင်း ၁၂ မြို့နယ်တို့တွင် အသက်ငါးနှစ်အောက်ကလေး သုံးသိန်းကျော်ကို ကာကွယ်ဆေးလွှမ်းခြုံပေးခဲ့သည်။ ပိုလီယို အစက်ချကာကွယ်ဆေး (OPV) သည် အန္တရာယ်ကင်းပြီး ထိရောက်သည့် ကာကွယ်ဆေးဖြစ်ပြီး ဖျားနေသည့်ကလေးများနှင့် မွေးကင်းစကလေးငယ်များကိုလည်း တိုက်ကျွေးနိုင်သည်။ ပိုလီယိုကာကွယ်ဆေးကို ကလေးငယ်များအား အကြိမ်များစွာ တိုက်ကျွေးခြင်းဖြင့်လည်း အန္တရာယ်မရှိနိုင်ကြောင်းနှင့် အပိုဆောင်းတိုက်ကျွေးခြင်းဖြင့် ကလေး၏ပိုလီယိုရောဂါ ကာကွယ်နိုင်စွမ်းကို ပိုမိုမြင့်မားလာစေနိုင်ကြောင်း သိရသည်။ ပိုလီယိုအစက်ချ ကာကွယ်ဆေးဖြင့် ကမ္ဘာတစ်ဝန်းရှိ ကလေးငယ် ၁၆ သန်းကျော်ကို ပိုလီယိုရောဂါကြောင့် ရာသက်ပန်အကြောသေပြီး မသန်စွမ်းဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်ခဲ့သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်အသိပေးထားသည်။

ယခုအခါ အသက်နှစ်လမှ ၅၉ လအထိ (အသက်နှစ်နှစ် အောက်) ကလေးငယ်များကို ပိုလီယိုရောဂါ ကာကွယ်ဆေး အရှိန်အဟုန်မြှင့် တိုက်ကျွေးလျက်ရှိရာ ပြည်သူများကလည်း မိမိတို့ကလေးများကို ပုံမှန်ကာကွယ်ဆေးနှင့် အပိုဆောင်းပိုလီယို ကာကွယ်ဆေးများ သေချာစွာတိုက်ကျွေးရန်၊ ပိုလီယိုကာကွယ်ဆေး မတိုက်ရသေးသည့် ကလေးငယ်များတွေ့ရှိပါက ကျန်းမာရေးဝန်ထမ်းများကို သတင်းပေးရန်၊ ပိုလီယိုကာကွယ်ဆေးတိုက်ကျွေးသည့် အစီအစဉ်များကို မိတ်ဆွေများအား သတင်းပေးရန်နှင့် ပုံမှန်ကာကွယ်ဆေးထိုးခြင်း၏ အရေးကြီးပုံကို ပြောပြရန်၊ ပိုလီယိုသံသယရှိသော ကလေးများကို တွေ့ရှိပါက သတင်းပေးရန်လိုသည်။

ပိုလီယိုရောဂါပိုးသည် ကလေးတစ်ယောက်တွင် ကျန်ရှိနေလျှင်ပင် လျင်မြန်စွာကူးစက်ပြန့်ပွားနိုင်သည့်အလျောက် မိမိနိုင်ငံနှင့်တကွ ကမ္ဘာတစ်ဝန်းလုံးတွင် ပိုလီယိုလုံးဝကင်းစင် ပပျောက်ရေးအတွက် ပိုလီယိုကာကွယ်ဆေး အရှိန်မြှင့်တိုက်ကျွေးရာတွင် အားလုံးပါဝင်ကူညီပေးကြရပါမည့်အကြောင်း။ ။