Skip to main content

ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး လုံခြုံရေးနှင့်တည်ငြိမ်အေးချမ်းရေးကြိုးပမ်း

တပ်မတော်သည် နိုင်ငံတော်နှင့်ပြည်သူတို့၏ အကျိုးစီးပွားကို အစဉ်ရှေးရှုပြီး ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးဟူသည့် အမျိုးသားရေးတာဝန်ဖြစ်သည့် ဒို့တာဝန်အရေးသုံးပါးကို ထိပါးလာမည့် ကိစ္စမှန်သမျှကို မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်ထက်သန်စွာဖြင့် မှန်ကန်သည့်ရပ်တည်ချက်၊ အမျိုးသားရေးခံယူချက်များဖြင့် နိုင်ငံတော်နှင့်နိုင်ငံသားများအပေါ် သစ္စာစောင့်သိပြီး နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ကျေပွန်စွာထမ်းဆောင်လျက်ရှိသည်။

တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ကျေပွန်စွာထမ်းဆောင်ပြီး နိုင်ငံတော်နှင့် ပြည်သူ့အကျိုးစီးပွားကို မျက်ခြည်မပြတ် ကာကွယ်စောင့်ရှောက်လျက်ရှိသည်။ “မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်ကိုအခြေခံပြီး မွန်မြတ်သည့် စိတ်ထားများဖြင့် တိုင်းရင်းသားပြည်သူများကြားက ပေါက်ဖွားလာခဲ့သည့် မိမိတို့ တပ်မတော်သားများ၏ ကောင်းမြတ်သော အတိတ်သမိုင်းကြောင်းများကို သိရှိထားပြီး အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းသွားကြရန်လိုကြောင်း” တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး)ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁၂၈) သူရတပ်ခွဲ သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားခဲ့သည်။

တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်ရာတွင် နိုင်ငံ့သမိုင်းကြောင်းတစ်လျှောက်၌ ဖြစ်ပေါ်လာသည့် နိုင်ငံရေးအခြေအနေ၊ နိုင်ငံတော်ဖြစ်တည်မှု ပထဝီမြေအနေအထားအရ လုံခြုံရေးနှင့်အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် ခေတ်အဆက်ဆက် ကျေပွန်စွာထမ်းဆောင်ခဲ့သည်။ ထို့ပြင်တိုင်းရင်းသားပြည်သူတစ်ရပ်လုံး လိုလားလျက်ရှိသည့် ပါတီစုံဒီမိုကရေစီစနစ် လျှောက်လှမ်းနိုင်ရေးအတွက် တပ်မတော်က လမ်းခင်းပေးခဲ့သည်။ ၂၀၁၁ ခုနှစ် ပါတီစုံဒီမိုကရေစီစနစ် စတင်လျှောက်လှမ်းခဲ့သည့်အချိန်မှစ၍ ဒီမိုကရေစီအစိုးရ သက်တမ်းနှစ်ခုတွင် တပ်မတော်အနေဖြင့် ကျရာတာဝန်များကို ကျေပွန်စွာထမ်းဆောင်ခဲ့ပြီး လိုအပ်သည်များကိုလည်း အပြုသဘောဆောင် အကြံပြုပေးခဲ့သည်။

သို့သော် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ်ပေါ်ခဲ့ပြီး မဲမသမာမှုများကို ဖြေရှင်းဆောင်ရွက်ပေးရန် တောင်းဆိုခဲ့သော်လည်း ဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိသည့်အပြင် လွှတ်တော်ခေါ်ယူ၍ နိုင်ငံတော်၏အာဏာကို အတင်းအဓမ္မရယူရန် လုပ်ဆောင်လာခဲ့သောကြောင့် နိုင်ငံတော်ကို နိုင်ငံရေးအရ အရေးပေါ်အခြေအနေကြေညာခဲ့ပြီး တပ်မတော်က နိုင်ငံ့တာဝန်များကို ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ တာဝန်ယူထမ်းဆောင်ခဲ့ရသည်။ ယခုအခါ နိုင်ငံတော်၏ အန္တိမရည်မှန်းချက်ဖြစ်သည့် လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတစ်ရပ် ကျင်းပနိုင်ရေး သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းအပါအဝင် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်လျက်ရှိသည်။

မဲမသမာမှုဖြစ်ရပ်များကြောင့် နိုင်ငံ့တာဝန်ယူခဲ့ရသည့် အစိုးရတစ်ရပ်အဖြစ် ရပ်တည်လုပ်ကိုင်ဆောင်ရွက်နေသဖြင့် လွတ်လပ်၍ တရားမျှတပြီး သိက္ခာရှိသည့် ရွေးကောက်ပွဲတစ်ရပ်ကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် နိုင်ငံအတွင်းလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးလုပ်ငန်းများကို ဦးစားပေးကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ တပ်မတော်သားများသည် မည်သူတစ်ဦးတစ်ယောက်၏ တိုက်တွန်းချက်မျှမပါဘဲ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်မည်ဟူသည့် မွန်မြတ်သောစိတ်ဓာတ်များဖြင့် တပ်မတော်အတွင်းသို့ ဝင်ရောက်လာ ကြသူများဖြစ်သည်။

မွန်မြတ်သောစိတ်ထားများဖြင့် တာဝန်ထမ်းဆောင်လာခဲ့ကြသော တပ်မတော်သားများသည် တာဝန်ထမ်းဆောင်ရာ နယ်မြေဒေသများတွင် အကြမ်းဖက်လက်နက်ကိုင်လမ်းစဉ်နှင့် ပြည်သူများအပေါ် အနိုင်ကျင့်မှုများ မရှိစေရေးအတွက် လုံခြုံရေးနှင့်စစ်ဆင်ရေးတာဝန်များကို ပြည်သူလူထုနှင့်ပူးပေါင်းပြီး နိုင်ငံတော်နှင့် တပ်မတော်အတွက် ရဲဝံ့စွာ စွန့်လွှတ်စွန့်စား စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသည်။ လက်ရှိကာလတွင် လူမှုကွန်ရက်များကို အသုံးပြုပြီး တပ်မတော်ကို နိုင်ငံရေး သိက္ခာကျအောင်၊ ပြည်သူလူထု ယုံကြည်မှုပျက်ပြားအောင်၊ အထင်အမြင်လွဲမှား အောင် ထိုးနှက်တိုက်ခိုက်မှုများ ပြုလုပ်နေသည်ကို သတိပြုရမည်ဖြစ်သည်။ ထိုသို့ ထိုးနှက်တိုက်ခိုက်မှုများသည် တပ်မတော်အပေါ်တွင်သာမက အမျိုးသားစည်းလုံး ညီညွတ်ရေးကိုပါထိခိုက်နိုင်သဖြင့် စည်းလုံးညီညွတ်မှုကို ခိုင်မာစွာတည်ဆောက်ကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ တပ်မတော်သားများသည် မွန်မြတ်သောစိတ်ထားများဖြင့် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ပေးနေသကဲ့သို့ တပ်မတော်သည် မှန်ကန်သောစေတနာဖြင့် ပြည်သူများလိုလားသည့် လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသဖြင့် ပြည်ထောင်စုတစ်ဝန်းလုံး လုံခြုံရေး၊တည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိအောင် တပ်မတော်နှင့် ပြည်သူအတူလက်တွဲပြီး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။