ပုသိမ် ဖေဖော်ဝါရီ ၂၇
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငပုတောမြို့နယ် ဟိုင်းကြီးကျွန်းမြို့ ဇီးချိုင်ကျေးရွာအုပ်စုတွင် တည်ထားကိုးကွယ်တော်မူသည့် မဟာမကုဋရံသီ ဆံတော်ရှင်မြတ်မော်တင်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက စေတီတော်မြတ်ကြီး၏ တောင်ခြေရှိ မင်္ဂလာမုခ်ဦးတွင်ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် တက်ရောက်ဖွင့်လှစ်သည်။
ဦးစွာ မြတ်မော်တင်ကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တသုဇာတ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်မန်းငြိမ်းမောင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးသယံဇာတရေးရာဝန်ကြီး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့က ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က မင်္ဂလာမုခ်ဦးအား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကာ တာဝန်ရှိသူများနှင့်အတူ အမွှေးနံ့သာရည်များပက်ဖျန်း၍ အကအဖွဲ့များအား ချီးမြှင့်ငွေများပေးအပ်ပြီး စေတီတော်မြတ်ကြီးအား လက်ျာရစ်လှည့်လည်ပူဇော်ကာ သစ်သီးဆွမ်း၊ ဆီးမီး၊ ရေချမ်း၊ ပန်းများ ကပ်လှူပူဇော်ကြသည်။
ထို့နောက် နိုင်ငံတော်ဩဝါဒါစရိယ ပုသိမ်မြို့ နိဂြောဓာရုံ ညောင်ပင်သာ ပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာပဏ္ဍိတ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘဒ္ဒန္တဝိဿုတ အမှူးပြုသော ဆရာတော်အရှင်သူမြတ်များက မဟာမကုဋရံသီ ဆံတော်ရှင်မြတ်မော်တင်စေတီတော်မြတ်ကြီးရင်ပြင်တော်တွင် ဗုဒ္ဓါဘိသေက အနေကဇာတင်မင်္ဂလာ ဆင်ယင်ကျင်းပတော်မူကြသည်။
ယင်းနောက် ဘဒ္ဒန္တဝိဿုတထံမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြပြီး သံဃာတော်အရှင်သူမြတ်များထံမှ ပရိတ်တရားတော်များအား နာယူကြည်ညိုကြကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တာဝန်ရှိသူများနှင့် အလှူရှင်များက ဆရာတော်သံဃာတော်အရှင် သူမြတ်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးမိသားစု၊ ဌာနဆိုင်ရာများနှင့် စေတနာရှင်အလှူရှင်များက အလှူငွေများပေးအပ်လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
ထို့နောက် ဘဒ္ဒန္တဝိဿုတထံမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် ဧည့်သည်တော်များသည် အနုမောဒနာတရားများနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ ဆရာတော် သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့်အဖွဲ့သည် မြတ်မော်တင်စွန်းစေတီတော် ကုန်းမြေကျောက်စီလှိုင်းကာလုပ်ငန်းဆောင်ရွက်ပြီးစီးမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က လိုအပ်သည်များ မှာကြားသည်။
ဆက်လက်၍ ဟိုင်းကြီးကျွန်းမြို့ အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်၍ ဆရာ ဆရာမများ၊ ကျောင်းအကျိုးတော် ဆောင်အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံအားပေးစကားများ ပြောကြား၍ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုမည့် ကျောင်းသား ကျောင်းသူများအတွက် အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများပေးအပ်သည်။
ထို့နောက် ဟိုင်းကြီးကျွန်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် စဉ်ဆက်ပညာရေးလုပ်ငန်းအဖြစ် ကျေးလက်နေ တိုင်းရင်းသားပြည်သူများအား စာပေသင်ကြားပေးနေမှုများကို ကြည့်ရှုအားပေးပြီး စာသင်သားများ၏ သင်ကြားမှုများအပေါ် နားလည်သဘောပေါက်မှုများအား ဆွေးနွေးပြောကြား၍ စားသောက်ဖွယ်ရာများ ပေးအပ်သည်။
ယင်းနောက် ဟိုင်းကြီးကျွန်း မြို့အဝင်ရေလမ်းကောင်းမွန်ရေးလုပ်ငန်းအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူတစ်ဦးက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ဟိုင်းကြီးချောင်းအဝတွင် နုန်းအနည်အနှစ်များကျရောက်ခြင်းမှ ကာကွယ်နိုင်ရန် ဆောင်ရွက်လျက်ရှိသည့် နုန်းတားကျောက်စီလှိုင်းကာ အလျားပေ ၅၅၀ ဆောင်ရွက်နေမှုအခြေအနေကို ရှင်းလင်းတင်ပြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က သတ်မှတ် စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရန်နှင့် အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန် မှာကြားသည်။
အဆိုပါ နုန်းတားကျောက်စီလှိုင်းကာတည်ဆောက်ပေးခြင်းအားဖြင့် ဟိုင်းကြီးချောင်းအဝတွင် အနည်ကျရောက်မှုကို တားဆီးပေးနိုင်မည့်အပြင် ဟိုင်းကြီးချောင်းအတွင်း ရေစီးရေလာပိုမိုကောင်းမွန်လာပြီး ရေယာဉ်များ အန္တရာယ်ကင်းစွာ ဝင်ထွက်သွားလာနိုင်မည်ဖြစ်သည်။
သတင်းစဉ်