Skip to main content

(၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုပြီး ကျင်းပမည့် မျိုးစေ့ပွဲအတွက် မျိုးစေ့ဌာနခွဲ၏ ကြိုတင်ပြင်ဆင်မှုများ သွားရောက်တွေ့ဆုံမေးမြန်းခြင်း

မတ် ၂ ရက်တွင် ကျရောက်မည့်(၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် မတ် ၁ ရက်မှ ၃ ရက်အထိ ကျင်းပမည့် မျိုးစေ့ပွဲအတွက် စိုက်ပျိုးရေးသိပ္ပံ(ပျဉ်းမနား) ကျောင်းဝင်းအတွင်း မျိုးစေ့ပြပွဲတာဝန်ရှိသူများနှင့် သွားရောက်တွေ့ဆုံမေးမြန်းခြင်းကို ရေးသားတင်ပြလိုက်ပါသည်-

ဦးသီဟထွန်း

ညွှန်ကြားရေးမှူး(မျိုးစေ့သီးနှံဌာနခွဲ)

မတ် ၂ ရက်မှာ ကျရောက်တဲ့ (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ခင်းကျင်းပြသမယ့် မျိုးစေ့ပြပွဲ(၂၀၂၅)အတွက် ဆောင်ရွက်နေပါတယ်။ မျိုးစေ့ပြပွဲ (၂၀၂၅) ရဲ့အဓိက ရည်ရွယ်ချက်ကတော့ ပြည်တွင်းမှာ မျိုးစေ့ထုတ်တဲ့လုပ်ငန်းတွေ ပိုမိုဖွံ့ဖြိုးတိုးတက်လာဖို့ ရည်ရွယ်တာဖြစ်ပါတယ်။ တခြားရည်ရွယ်ချက်တွေ အနေနဲ့ကတော့ မျိုးစေ့ထုတ်လုပ်တဲ့သူတွေ၊ မျိုးစေ့တင်သွင်းတဲ့သူတွေ၊ မျိုးစေ့ရောင်းချတဲ့သူတွေနဲ့ မျိုးစေ့သုံးစွဲတဲ့ တောင်သူတွေကြားမှာ ပိုမိုခိုင်မာတဲ့ ကွန်ရက်တစ်ခု ပေါ်ပေါက်လာစေဖို့ လည်း ရည်ရွယ်ဆောင်ရွက်တာ ဖြစ်ပါတယ်။

မျိုးစေ့ပြပွဲမှာဆိုရင် အဓိကကတော့ ဆီထွက်သီးနှံ ‌(နေကြာ၊ နှမ်း၊ မြေပဲ၊ ပန်းနှမ်း)တွေနဲ့ ဝါသီးနှံ (ရွှေတောင်-၈၊ ရွှေတောင်-၁၀၊ ငွေချည်-၁၁၊ KTK-1၊ RAKA-666၊ B-31၊ ငွေနှင်းမှုံ)တွေကို အဓိက စိုက်ပျိုးပြသသွားမှာ ဖြစ်ပါတယ်။ သီးနှံအားလုံးပေါင်း ခုနစ်မျိုး၊ မျိုးကွဲ ၃၀ ကို ကွင်းထဲမှာ စိုက်ပျိုးပြသထားပါတယ်။

အခမ်းအနား လုပ်မယ့်နေရာမှာလည်း စင်တင်သီးနှံ ၁၅ မျိုး ( ဘူး၊ ဖရုံ၊ ထောပတ် ဖရုံ၊ ကျောက်ဖရုံ၊ သခွား၊ သခွားမွှေး၊ ခဝဲ၊ သပွတ်ချို၊ ပဲလင်းမြွေ၊ ကြက်ဟင်းခါး၊ ဂေါ်ရခါး၊ ခရမ်းချဉ်၊ ချယ်ရီခရမ်းချဉ်၊ ပဲတိုင်‌ထောင်၊ ပဲစောင်းလျား)နဲ့ မျိုးကွဲပေါင်း ၃၈ မျိုးလည်း စိုက်ပျိုးပြသသွားဖို့ စီစဉ်ဆောင်ရွက်ထားပါတယ်။ ဒါ့အပြင်သီးနှံအလိုက် စိုက်ပျိုးတဲ့စနစ်တွေ၊ မျိုးစေ့ထုတ်တဲ့အခါ လိုအပ်တဲ့ သုတေသနလုပ်ငန်းတွေကိုလည်း တောင်သူတွေ၊ ပုဂ္ဂလိကမျိုးစေ့ထုတ်ကုမ္ပဏီတွေ၊ လာရောက်လေ့လာတဲ့ မိဘပြည်သူတွေကို သိရှိနိုင်ဖို့၊ လေ့လာနိုင်ဖို့ စီစဉ်ဆောင်ရွက်ထားပါတယ်။

အခုလို စိုက်ပျိုးပြသခြင်းအားဖြင့် လာရောက်လေ့လာတဲ့ စိုက်ပျိုးထုတ်လုပ်သူတွေ၊ ရောင်းချသူတွေ၊ ဝယ်ယူသူတွေ အနေနဲ့ လက်ရှိဘယ်လိုမျိုးတွေကို အများဆုံးသုံးလဲ၊ ဘယ်မျိုးက ဈေးကွက်ပိုရရှိလဲ၊ ဘယ်မျိုးတွေကို ရွေးချယ်စိုက်ခြင်းအားဖြင့် အကျိုးအမြတ်ပိုရရှိမလဲဆိုတာ သူတို့မျက်မြင်ကိုယ်တွေ့ လေ့လာနိုင်မှာဖြစ်ပါတယ်။ ထိုနည်းတူလာရောက်လေ့လာတဲ့ ပုဂ္ဂလိကကုမ္ပဏီတွေအနေနဲ့လည်း မျိုးစေ့ထုတ်လုပ်ငန်းမှာ ဘယ်လို သုတေသနတွေ ဆောင်ရွက်ရတယ်၊ မျိုးသစ်တစ်ခု ပေါ်ပေါက်လာဖို့ ဘယ်လိုသုတေသနလုပ်ငန်းတွေ လုပ်ကိုင်ရတယ်ဆိုတာကို သိရှိပြီး အလားအလာကောင်းတဲ့ MSME လုပ်ငန်းတစ်ခုအနေနဲ့ မျိုးစေ့ထုတ်လုပ်ငန်း (Seed Industry) ကို ရင်းနှီးမြှုပ်နှံဖို့ သူတို့လေ့လာနိုင် မှာဖြစ်သလို ဒီမှာရှိနေတဲ့ ပညာရှင်တွေကလည်း ဆွေးနွေးပညာပေးသွားမှာ ဖြစ်ပါတယ်။

ဒေါ်စန်းစန်းမြိုင်

လက်ထောက်ညွှန်ကြားရေးမှူး (မျိုးစေ့ဌာနခွဲ)

ကျွန်မကတော့ ၂၀၂၅ မျိုးစေ့ပြပွဲမှာ ဆီထွက်သီးနှံတွေဖြစ်တဲ့ မြေပဲ၊ နှမ်း၊‌ နေကြာ၊ ပန်းနှမ်းတို့ကို ပန်းတိုင်အထွက်နှုန်းရရှိစေဖို့ ကိုယ်တိုင်စိုက်ပျိုးပြသပြီး စိုက်ပျိုးတောင်သူတွေကို မျိုးကောင်းမျိုးသန့် လိုအပ်ချက်နဲ့ စိုက်ပျိုးနည်းစနစ်များကို ပညာပေးခြင်းလုပ်ငန်း ဆောင်ရွက်ရပါတယ်။ နေကြာသီးနှံမှာ စပ်မျိုးလိုအထွက်ကောင်းပြီး တောင်သူကိုယ်တိုင် မျိုးပွားနိုင်တဲ့ နေကြာမျိုးသစ်ရရှိဖို့အတွက် ဆင်းရွှေကြာနေကြာ -၂ ကို စပ်မျိုးနေကြာ မျိုးကွဲ ၁၇ မျိုးနဲ့မျိုးစပ်ရရှိတဲ့ နေကြာစိုက်ခင်းကို စိုက်ပျိုးပြသထားပါတယ်။ ရုရှားနေကြာကိုးမျိုးအပါအဝင် စပ်မျိုး ၁၂ မျိုးနဲ့ အခုထပ်မံဝတ်မှုန်ကူးခြင်း လုပ်ငန်းတွေဆောင်ရွက်နေပါတယ်။

အခုလို စိုက်ပျိုးပြသထားခြင်းရဲ့ ရည်ရွယ်ချက်ကတော့ ဆီထွက်သီးနှံကို ပန်းတိုင်အထွက်နှုန်းရရှိအောင် စိုက်ပျိုးပြသထားတဲ့ စိုက်ခင်းတွေကို ကိုယ်တိုင်လေ့လာပြီး စိုက်ပျိုးတောင်သူတွေ အားကျလာစေဖို့ စိုက်နည်းစနစ်တွေကို သိရှိလာပြီး နေကြာသီးနှံ တိုးချဲ့စိုက်ပျိုးလာခြင်းဖြင့် နိုင်ငံရဲ့ပြည်တွင်းစားသုံးဆီ ဖူလုံမှုကို အထောက်အကူပြုစေဖို့ ရည်ရွယ်ပါတယ်။ နေကြာသီးနှံက တစ်ဧကမှာ ဆီပိဿာ ၁၅၀ ရရှိနိုင်တာကြောင့် စိုက်ပျိုးတောင်သူတွေ စီးပွားရေးတွက်ခြေကိုက်ပြီး နှစ်စဉ်တိုးချဲ့စိုက်ပျိုးလာစေဖို့ ဖြစ်ပါတယ်။

စိုက်ပျိုးတောင်သူတွေ ပန်းတိုင်အထွက်ရရှိစေဖို့ လုပ်ဆောင်ရမယ့်အချက်တွေကတော့ တစ်ဧက ဝင်ဆံ့အပင်ရေ ၂၉၀၀၀ ရရှိအောင် စိုက်ပျိုးပြီး အပွင့်ကြီးကြီးရအောင်ပြုစုရပါမယ်။ အပွင့်တိုင်းအစေ့အဆန်အောင်ပြီး အပွင့်အလယ်ထိ အစေ့ပြည့်ဖောင်းအောင်မြင်စေဖို့ ဆောင်ရွက်ကြရပါမယ်။ အပင်ရေပြည့်မီစေဖို့နဲ့ အပင်ပေါက်ကောင်းဖို့အတွက် ရေလုံလောက်စွာပေးဖို့ လိုအပ်ပါတယ်။ အစေ့အဆန်အောင်မြင်တဲ့ အပွင့်ကြီးကြီးရဖို့ ရက် ၂၀ သား၊ ရက် ၃၀ သား၊ ရက် ၄၀ သားတွေမှာမြေဩဇာကျွေးဖို့နဲ့ အဆန်အောင်စေဖို့ပျားဌာနနဲ့ ချိတ်ဆက်ပြီး ပျားပုံးထားဖို့ ဆောင်ရွက်ရပါမယ်။ စိုက်ခင်းပတ်လည်တွေမှာ ပန်းနှမ်းစိုက်ပြီး အင်းဆက်နဲ့ပျားတွေကို ဆွဲဆောင်ခြင်းဖြင့် အစေ့အဆန်အောင်မြင်ဖြစ်ထွန်းပြီး ပန်းတိုင်အထွက်နှုန်းကိုရရှိစေပြီး ဝင်ငွေတိုးပွားလာမှာ ဖြစ်ပါတယ်။

အခုလို စိုက်ပျိုးပြသဆောင်ရွက်ထားခြင်းဖြင့် လာရောက်လေ့လာတဲ့ စိုက်ပျိုးတောင်သူတွေရရှိမယ့် အကျိုးကျေးဇူးတွေကတော့ တောင်သူတွေ ဆီထွက်သီးနှံ စိုက်ပျိုးနည်းစနစ်တွေကို လေ့လာနိုင်ပြီး ပန်းတိုင်အထွက်နှုန်းရရှိအောင် စိုက်ပျိုးလိုစိတ်တွေဖြစ်ပေါ်လို့ တိုးချဲ့စိုက်ပျိုးလာခြင်းဖြင့် စီးပွားရေးတွက်ခြေကိုက်ပြီး ပြည်တွင်းစားသုံးဆီဖူလုံမှုကို ပြည့်ဝစေခြင်း ကျေးဇူးတွေ ရရှိနိုင်ပါတယ်။ တောင်သူတွေ၊ ပုဂ္ဂလိကမျိုးစေ့ထုတ် လုပ်ငန်းရှင်တွေ၊ စိုက်ပျိုးရေးဆိုင်ရာ ကုန်သည်တွေကို လာရောက်လေ့လာဖို့ ဖိတ်ခေါ်ပါတယ်ရှင်။

 (ဆက်လက်ဖော်ပြပါမည်)