Skip to main content

လူငယ်အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့ ဆက်လက်ကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၂၇

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီနှင့် မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်းတို့ ပူးပေါင်းကျင်းပသည့် လူငယ်အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ ဆက်လက်ကျင်းပသည်။

အလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ လူငယ်ရေးရာလုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MYDA)မှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ လူငယ်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ဦးစွာ လူငယ်အလုပ်ရုံဆွေးနွေးပွဲ ပထမနေ့တွင် ဆွေးနွေးခဲ့ကြသည့် လူငယ်ကိုယ်စားလှယ်များက အဖွဲ့လိုက် Presentation များဖြင့် ဆွေးနွေးဖလှယ်ကြပြီး “Building An Intergreated and Innovative Future”ခေါင်းစဉ်များ၏ ဆွေးနွေးပွဲရလဒ်များကို ပြန်လည်တင်ပြကြသည်။

ဆက်လက်၍ လူငယ်အလုပ်ရုံဆွေးနွေးပွဲ ပိတ်ပွဲအခမ်းအနားကိုကျင်းပရာ မြန်မာနိုင်ငံ လူငယ်ရေးရာ ဗဟိုကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အမှာစကားပြောကြားရာတွင် “One Voice, One Vision: Empowering Youth For Unity and Friendship”ခေါင်းစဉ်ဖြင့် ကျင်းပခဲ့သည့် အလုပ်ရုံဆွေးနွေးပွဲ၌ အဖွဲ့လိုက်ဆွေးနွေးခဲ့ကြသည့် လူငယ်ကိုယ်စားလှယ်များသည် ဗဟုသုတနှင့် ပြည့်စုံပြီး ကျွမ်းကျင်မှုရှိရုံသာမက တက်ကြွစွာပူးပေါင်း ပါဝင်ဆွေးနွေးနိုင်ခြင်း၊ ခံယူချက်ကောင်းမွန်ပြီး ထက်မြက်ထူးချွန်သည့် လူငယ်များဖြစ်သည့်အတွက် အနာဂတ်တွင် နိုင်ငံတော်က အားထားရသည့် လူငယ်များကို မြင်တွေ့ရသည့်အတွက်များစွာ ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ ခေတ်ဝန်ကိုထမ်း ခေတ်လမ်းကို လျှောက်ကြရမည့် လူငယ်များသည် တိုးတက်မြင့်မားလာသည့် နည်းပညာနောက်ကို အမီလိုက် ကြရမည်ဖြစ်ပြီး တစ်ခေတ်ထက်တစ်ခေတ် ပိုမိုထူးချွန်ထက်မြက်ပြီး လက်ရှိရင်ဆိုင်ကြုံတွေ့နေရသည့် စိန်ခေါ်မှုများနှင့် အခက်အခဲများကို ကျော်လွှားနိုင်စေရန် အနာဂတ်ခေါင်းဆောင်များဖြစ်သည့် လူငယ်မောင်မယ်များအနေဖြင့် ပြည်သူလူထု၏အကျိုး၊ နိုင်ငံတော်၏အကျိုးကို သယ်ပိုးနိုင်ပြီး အရည်အချင်းပြည့်ဝသည့် လူငယ်များဖြစ်အောင် တက်ညီလက်ညီ ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် လူငယ်အလုပ်ရုံ ဆွေးနွေးပွဲအခမ်းအနားဖြစ်မြောက်ရေးအတွက် ပါဝင်ကူညီ ထောက်ပံ့ဆောင်ရွက်ပေးခဲ့ကြသည့် အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် လူငယ်အလုပ်ရုံ ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးခဲ့ကြသည့် Moderator နှင့် Speaker များကို ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များက ဂုဏ်ပြုမှတ်တမ်း လွှာများနှင့်အမှတ်တရ လက်ဆောင်ပစ္စည်းများကို ပေးအပ်ကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

ဆက်လက်ပြီး လူငယ်ရေးရာဦးစီးဌာနမှ ဝန်ထမ်းများက Fitness Dance အကဖြင့် သရုပ်ပြကပြကြရာ လူငယ်အလုပ်ရုံ ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် လူငယ်ကိုယ်စားလှယ်များက အတူတကွ လိုက်ပါဆောင်ရွက်ကြပြီး ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်း အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနက ဖွင့်လှစ်ပြသထားသည့် မြန်မာ့အားကစား လှုပ်ရှားမှုများပြခန်း၊ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမား ဟောင်းကြီးများ၏ ပုံတူရုပ်တုများနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက် အားကစားလှုပ်ရှားဆောင်ရွက်မှုများပြခန်းနှင့် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကျင်းပခဲ့မှု မှတ်တမ်းပြခန်းများကို လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်