နေပြည်တော် ဖေဖော်ဝါရီ ၂၈
နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန်တာဝန်ရှိသဖြင့် ယင်းတာဝန်များကိုထမ်းဆောင်နိုင်ရန်အတွက် နိုင်ငံသားတိုင်းစစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်တွင် စတင်အာဏာတည်ခဲ့ပြီး နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို ထမ်းဆောင်ရန် စိတ်အားထက်သန်စွာ လာရောက်စာရင်းပေးသွင်းကြသည့် လူငယ်များကို ပြည်သူ့စစ်မှုထမ်းသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
ယခုအခါ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၈) သင်တန်းဆင်းပွဲအခမ်းအနားများကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်များအလိုက် နယ်မြေခံသင်တန်းကျောင်းအသီးသီးတွင် ကျင်းပပြုလုပ်ကြသည်။ အဆိုပါသင်တန်းဆင်းပွဲများကို သင်တန်းဆင်းစစ်ရေးပြ အစီအစဉ်အတိုင်းဆောင်ရွက်ကြပြီး သင်တန်းသားများက နိုင်ငံတော်အလံကိုကိုင်၍ ကတိသစ္စာခံယူကြသည်။
ထို့နောက် သင်တန်းကျောင်းများအလိုက် သင်တန်းဆင်းထူးချွန်ဆုများဖြစ်သည့် စံပြတပ်သားဆု၊ စစ်ရေးပြထူးချွန်ဆု၊ လက်ဖြောင့်တပ်သားဆု၊ စစ်သည်တော်ကျင့်ဝတ်ဆု၊ မိုင်းကျွမ်းကျင်ဆု၊ တပ်စိတ်တိုက်နည်း ပထမဆု၊ ချေမှုန်းရေးပထမဆု၊ အိပ်ဆောင်အကောင်းဆုံးဆု ရရှိသူများအား တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ပြီး သင်တန်းဆင်းအမှာစကားများ ပြောကြားကြသည်။
သင်တန်းဆင်းပွဲအခမ်းအနားများအပြီးတွင် သင်တန်းဆင်းပွဲသို့ တက်ရောက်ကြသော နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သင်တန်းကျောင်းခန်းမများ၌ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၈)မှ သင်တန်းဆင်း နိုင်ငံ့သားကောင်းစစ်သည်များအား တွေ့ဆုံအမှာစကားပြောကြားကာ ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးကြသည်။
အဆိုပါ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၈)မှ သင်တန်းသားများကို ကြံ့ခိုင်ရေးဘာသာရပ်၊ စစ်ရေးပြဘာသာရပ်၊ စစ်နည်းဗျူဟာဘာသာရပ် စသည့်ဘာသာရပ်များနှင့် အထွေထွေဘာသာရပ်များအား အဆင့်ဆင့်လေ့ကျင့်သင်ကြားခဲ့ကြကြောင်း သိရှိရသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ခုနှစ်)၊ ပုဒ်မ-၃၈၅ တွင် နိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးအတွက် ကာကွယ်စောင့်ရှောက်ရေးသည် နိုင်ငံသားတိုင်းတွင် တာဝန်ရှိသည်ဟု ပြဋ္ဌာန်းထားပြီး ပုဒ်မ-၃၈၆ တွင် နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်ရန် တာဝန်ရှိသည်ဟု ပြဋ္ဌာန်းထားသည်။ နိုင်ငံတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံသားများ၏အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ပေးလျက်ရှိပြီး နိုင်ငံသားများအနေဖြင့်လည်း နိုင်ငံ့တာဝန်များကို ထမ်းဆောင်ကြရမည်ဖြစ်သည်။ ယင်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်ရန် ဆန္ဒရှိကြသည့် နိုင်ငံ့သားကောင်းများသည် ပြည်သူ့စစ်မှုထမ်းသင်တန်းများ တက်ရောက်ကာ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်နေကြပြီဖြစ်သည်။
ယနေ့တွင် သင်တန်းဆင်းခဲ့ကြသည့် ပြည်သူ့စစ်မှုထမ်း နိုင်ငံ့သားကောင်းစစ်သည်များသည်လည်း အဖွဲ့အစည်းဖြင့် စည်းစနစ်ကျစွာလုပ်ကိုင် ဆောင်ရွက်တတ်သည့် အလေ့အကျင့်များ (TeamWork)ရရှိခဲ့ပြီး နိုင်ငံချစ်စိတ်(Nationalism)၊ မျိုးချစ်စိတ်(Patriotism)၊ အဖွဲ့အစည်းစိတ်(Team Sprit)၊ ရဲဘော်ရဲဘက်စိတ်(esprit de corps) အပြည့်ဖြင့် တာဝန်ကျရာ တပ်ရင်း၊ တပ်ဖွဲ့အသီးသီးသို့ သွားရောက်၍ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ဂုဏ်ယူစွာထမ်းဆောင်ကြတော့မည်ဖြစ်သည်။
ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၈)တွင် တက်ရောက်ခဲ့ရသည့် အတွေ့အကြုံများ၊ သင်တန်းမှရရှိခဲ့သည့် အလေ့အကျင့်ကောင်းများ၊ ယုံကြည်ချက်၊ ခံယူချက်များနှင့် သင်တန်းဆင်းပြီးနောက် မိမိတို့တာဝန်ကျရာ တပ်ရင်း၊ တပ်ဖွဲ့များ၌ ဆက်လက်တာဝန်ထမ်းဆောင်သွားမည့်အခြေအနေများနှင့် ပတ်သက်၍ သင်တန်းဆင်း နိုင်ငံ့သားကောင်း စစ်သည်များ၏ စကားသံများကိုလည်း ယခုလိုပဲ ကြားသိရပါသည်-
၁။ ကျွန်တော်ရရှိခဲ့တဲ့ ဆုအမျိုးအစားကတော့ စစ်သည်တော် ကျင့်ဝတ်ဆုပဲဖြစ်ပါတယ်။ အိမ်မှာလည်း အိမ်ကျင့်ဝတ်ရှိသလို။ တပ်မတော်တွေမှာလည်း စစ်သည်တော်ကျင့်ဝတ်ဆိုတာရှိတယ်။ အဲဒီအတွက်ကြောင့် ကျွန်တော့်အနေနဲ့ စစ်သည်တော်ကျင့်ဝတ်နဲ့ပတ်သက်ပြီး စိတ်ဝင်စားတဲ့အတွက် အကောင်းဆုံးကြိုးစားပြီးဝင်ဖြေခဲ့ပါတယ်။ ကျင့်ဝတ် ၆၀ ထဲမှ ငါးချက်ကို အလွန်သဘောကျပါတယ်။ အဲဒါတွေကတော့ ၁။ ပြည်သူလူထုအပေါ် သစ္စာ စောင့်သိရိုသေပါ။ ၂။ ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကိုကာကွယ်စောင့်ရှောက်ပါ။ ၃။ပြည်သူလူထုအပေါ် ယဉ်ကျေးစွာဆက်ဆံပါ။ ရေလိုလလိုကျင့်ပါ။ ၄။ပြည်သူလူထု၏ အကျိုးစီးပွားကို အစဉ်ဦးထိပ်ထားပါ။ ၅။ပြည်သူ လူထုအားလှောင်ပြောင်ခြင်း၊ မထီမဲ့မြင်ပြုခြင်း၊ စော်ကားမော်ကားပြုခြင်း၊ ဆဲရေးတိုင်းထွာခြင်း၊ ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်း၊ ခြိမ်းခြောက်ခြင်းတို့ကို ရှောင်ပါ။ အဲဒီအချက်တွေက ကျွန်တော်အကြိုက်ဆုံးအချက်တွေဖြစ်ပါတယ်။ ကျွန်တော်ကတော့ နိုင်ငံတော်ကို အကောင်းဆုံးကာကွယ်စောင့်ရှောက်သွားမယ်လို့ ခံယူထားပါတယ်။ ရောက်ရှိတဲ့နေရာမှာလည်း အကောင်းဆုံးကြိုးစားပြီး ထမ်းဆောင်သွားမှာပါ။
၂။ ကိုယ်နေတဲ့ နိုင်ငံအတွက် တစ်ထောင့်တစ်နေရာက တာဝန်ထမ်းဆောင်ရတဲ့အတွက် ကိုယ့်ကိုယ်ကိုယ်လည်း ဂုဏ်ယူပါတယ်။ အပြင်မှာနေတုန်းက ပြည်သူလူထုအပေါ် ကာကွယ်ရမယ်ဆိုတာမသိပါဘူး။ တပ်မတော်အဖွဲ့အစည်းတစ်ခုအနေနဲ့ ဒီမှာရောက်တော့ ကိုယ့်နိုင်ငံသားတွေကို ကာကွယ်ရမယ်ဆိုတဲ့ ဒီလိုခံစားချက်တွေ ဖြစ်မိပါတယ်။ နည်းပြတွေသင်ပြပေးတဲ့ သင်ခန်းစာတွေအပေါ်မှာ ရဲစွမ်းသတ္တိတွေဖြစ်လာပါတယ်။ နည်းပြတွေသင်ပြပေးတဲ့ သင်ခန်းစာတွေတိုင်းကို စိတ်ဝင်တစားလိုက်လုပ်ပါတယ်။ အဓိကကတော့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်မှသာ ပြည်သူလူထုကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။ သင်ခန်းစာတိုင်းကို စိတ်ဝင်တစားလိုက်လုပ်ပါတယ်။ ဒီသင်ခန်းစာ စစ်နည်းဗျူဟာတွေနဲ့ တပ်ရင်း/တပ်ဖွဲ့ရောက်တဲ့အခါ ကျွန်တော့်အတွက် ရလာမယ့် ပညာတွေနဲ့ပေါင်းစပ်ပြီး ပြည်သူလူထုကို အသက်နဲ့လဲပြီးကာကွယ်သွားမှာပါ။ ဒီနိုင်ငံမှာ နေတဲ့အတွက် ဒီနိုင်ငံအတွက် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အထိ ကိုယ်ကနေအလိုက်သိသိနဲ့ ဝင်ချင်တာပဲဖြစ်ဖြစ်၊ တစ်နှစ်ပဲဖြစ်ဖြစ်၊ နှစ်နှစ်ပဲဖြစ်ဖြစ်၊ ငါးနှစ်ပဲဖြစ်ဖြစ်။ ကိုယ်က ဒီနိုင်ငံမှာနေတယ်ဆိုတော့ ဒီနိုင်ငံအတွက် တစ်ထောင့်တစ်နေရာကနေ တာဝန်ထမ်းဆောင်ခဲ့ဖို့ လိုပါတယ်။
ထို့နောက် ညပိုင်းတွင် သင်တန်းကျောင်းအသီးသီး၌ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၈)မှ နိုင်ငံ့သားကောင်းစစ်သည်များကို သင်တန်းဆင်းဂုဏ်ပြု ညစာစားပွဲများ ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိသည်။