Skip to main content

ပြည်သူများအတွက် ငွေကြေးဝန်ဆောင်မှု နိုင်ငံတကာစံနှင့်အညီ စတင်အသုံးပြု

မြန်မာနိုင်ငံ၏ ငွေရေးကြေးရေးဝန်ဆောင်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတွင် ပြည်သူများအတွက် အရေးပါသည့် ငွေပေးချေမှုစနစ်၏ အောင်မြင်မှုမှတ်တိုင်တစ်ခုအဖြစ် မြန်မာနိုင်ငံ အမျိုးသားစံသတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ထားသည့် “လျင်မြန်လွယ်ကူစွာ ငွေပေးချေနိုင်သည့် နိုင်ငံတော်အဆင့် ကျူအာကုတ်စနစ်၊ မြန်မာကျူအာ(MMQR)”ကို နိုင်ငံတကာစံသတ်မှတ်ချက်များနှင့် လိုက်လျောညီစွာ စတင်အသုံးပြုနိုင်ပြီဖြစ်သည်။

ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးဆဲ၊ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် နိုင်ငံတကာစံသတ်မှတ်ချက် ငွေပေးချေမှုစနစ်နှင့်အညီ စနစ်တကျလုပ်ကိုင်ဆောင်ရွက်လျက်ရှိသဖြင့် ငွေကြေးလှည့်ပတ်စီးဆင်းမှုကဏ္ဍများနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝ နယ်ပယ်အသီးသီးတွင် အဆင်ပြေချောမွေ့ကာ ဖွံ့ဖြိုးတိုးတက်နေသည်ကို တွေ့ရမည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်ငွေပေးချေမှုအတွက် National QR Standard ဖြစ်သည့် MMQR စတင်အသုံးပြုခြင်းကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စတင်ဖွင့်လှစ်ပေးခဲ့သည်။

မြန်မာနိုင်ငံတွင် သတင်းအချက်အလက်နှင့် နည်းပညာများဖွံ့ဖြိုးတိုးတက်လာသည့်ကာလ၌ မိုဘိုင်းဖုန်းသုံးစွဲမှု မြင့်မားလာသည်နှင့်အတူ မိုဘိုင်းငွေရေးကြေးရေးစနစ်များလည်း ကျယ်ပြန့်လာသည်ကို တွေ့မြင်ရမည်ဖြစ်သည်။ ပြည်တွင်း၌ မိုဘိုင်းဖုန်းသုံးစွဲမှု မြင့်တက်လာသည်နှင့်အမျှ ဘဏ်လုပ်ငန်းဝန်ဆောင်မှုမရှိသေးသည့် ဒေသများမှ ပြည်သူများအနေဖြင့်လည်း ငွေရေးကြေးရေးဝန်ဆောင်မှုများကိုရရှိရန် လိုအပ်လာသည်။ ထို့ကြောင့် ဒစ်ဂျစ်တယ်ငွေပေးချေမှုနည်းလမ်းများကို အခြေခံလူတန်းစားများအထိ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနိုင်ရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် မိုဘိုင်းဘဏ်လုပ်ငန်း၊ အင်တာနက်ဘဏ်လုပ်ငန်း၊ မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်း၊ မိုဘိုင်းပေးလုပ်ငန်း၊ ရောင်းချသူကိုယ်စား ငွေကောက်ခံရှင်းလင်းပေးသည့် ဝန်ဆောင်မှုလုပ်ငန်းများကို ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ပေးခဲ့သည်။

ထို့ပြင် မီတာခ၊ အခွန်အခများ၊ အစိုးရဝန်ထမ်းနှင့် ပုဂ္ဂလိကဝန်ထမ်းလစာများ၊ အာမခံကြေးကောက်ခံမှုများ၊ အသေးစားချေးငွေထုတ်ချေးခြင်းနှင့် ကောက်ခံခြင်းများ စသည့်အစိုးရငွေပေးချေမှုများသာမက အသေးစားငွေပေးချေမှုများအတွက်လည်း စနစ်တကျဆောင်ရွက်ပေးလျက်ရှိသည်။ အမျိုးသားငွေပေးချေမှုစနစ်မဟာဗျူဟာ၏ ရည်ရွယ်ချက်များနှင့်အညီ ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ပြီး ဘဏ်များအကြားကွဲပြားသည့် ငွေကြေးဝန်ဆောင်မှုပေးသူများ အချင်းချင်း မြန်မြန်ဆန်ဆန်ချိတ်ဆက်ဆောင်ရွက်ပေးနိုင်မည့် စနစ်တစ်ခုလိုအပ်ခဲ့ရာ ယခုကဲ့သို့ ကျူအာကုတ်ကို မြန်မာနိုင်ငံအမျိုးသားစံသတ်မှတ်ချက်အဆင့် အသုံးပြုပြီး အပြန်အလှန်ချိတ်ဆက်ပေးချေနိုင်သည့် မြန်မာကျူအာ(MMQR) စနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံ၏ငွေပေးချေမှုစနစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကတာဝန်ရှိသည့်အဖွဲ့အစည်းဖြစ်သည်နှင့်အညီ မြန်မာနိုင်ငံ၏ ငွေပေးချေမှုစနစ်ကို ခေတ်နှင့်အညီတိုးတက်လာစေရန်၊ နိုင်ငံတကာစံသတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်နိုင်ရန်၊ အများပြည်သူ၏ နေ့စဉ်လူမှုဘဝတွင် ငွေလွှဲပြောင်းပေးချေမှုများကို လုံခြုံစိတ်ချစွာဖြင့် လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်ရန်၊ ငွေရေးကြေးရေးစနစ်တွင် ပြည်သူများအားလုံး အလုံးစုံပါဝင်လာနိုင်ရေးကို မြှင့်တင်နိုင်ရန်၊ နိုင်ငံအတွင်း ငွေသားကိုင်တွယ်သုံးစွဲမှုလျှော့ချနိုင်ပြီး ဒစ်ဂျစ်တယ်ငွေပေးချေမှုများကို တိုးမြှင့်သုံးစွဲနိုင်ရန်၊ နိုင်ငံ၏ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ခရီးသွားလုပ်ငန်းနှင့် ပြည်ပငွေလွှဲဆိုင်ရာကိစ္စရပ်များကို အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန်အတွက် အစဉ်တစိုက်ဆောင်ရွက်ပေးလျက်ရှိသည်။

မြန်မာကျူအာ (MMQR) စနစ်ကို စတင်အကောင်အထည်ဖော်လိုက်ခြင်းဖြင့် နိုင်ငံအတွင်းရှိ မတူညီသည့် ငွေပေးချေမှုစနစ်များ၏ ကျူအာကုတ်အမျိုးမျိုးကို ချိတ်ဆက်ပြီး ငွေပေးချေမှုစနစ်များကို ပိုမိုအဆင်ပြေစွာသုံးစွဲနိုင်မည်ဖြစ်သည်။ ပြည်သူများ၏ နေ့စဉ်ဘဝတွင် အသုံးပြုမှုများသည့် လက်လီငွေလွှဲပြောင်းပေးချေမှုများကို စရိတ်သက်သက်သာသာဖြင့် လွယ်ကူလျင်မြန်စွာ ပြုလုပ်နိုင်မည်ဖြစ်သည်။ ပြည်သူအများစုအနေဖြင့် နည်းပညာနှင့် စနစ်များအား နားလည်တတ်ကျွမ်းသူ နည်းပါးသဖြင့် မြန်မာကျူအာ (MMQR) မှတစ်ဆင့် ငွေလွှဲပြောင်းပေးချေမှုများ ပြုလုပ်နိုင်ပုံအဆင့်ဆင့်ကို သုံးစွဲသူပြည်သူများ ရှင်းလင်းလွယ်ကူစွာ နားလည်အသုံးပြုနိုင်အောင် အသိပညာပေးမှုများ စဉ်ဆက်မပြတ် ပြုလုပ်သွားရမည်ဖြစ်သည်။

သို့ဖြစ်ရာ မြန်မာကျူအာ(MMQR)စနစ်ကို စတင်အသုံးပြုနိုင်ခြင်းဖြင့် ဘဏ်လုပ်ငန်းဝန်ဆောင်မှု အသုံးပြုနိုင်ခြင်းမရှိသေးသူများသာမက ရှိပြီးသားသုံးစွဲသူများပါ ငွေရေးကြေးရေးစနစ်တွင် ပိုမိုပါဝင်လာနိုင်ပြီး ငွေသားကိုင်တွယ်အသုံးပြုမှုကို လျှော့ချနိုင်ခြင်းနှင့် ငွေကြေးဝန်ဆောင်မှုအမျိုးမျိုးတို့ကို ရယူနိုင်ရန် အထောက်အကူပြုခြင်းတို့ရရှိမည်ဖြစ်ရာ ပြည်သူများအတွက် ငွေကြေးဝန်ဆောင်မှုများကို နိုင်ငံတကာဒစ်ဂျစ်တယ် ငွေရေးကြေးရေးစံနှုန်းများနှင့်အညီ အဆင့်မီမီအသုံးပြုနိုင်ပြီဖြစ်ပါကြောင်း။      ။