နေပြည်တော် ဖေဖော်ဝါရီ ၂၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်တို့အား အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးနှင့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်များနှင့်အညီ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ရထားပို့ဆောင်ရေးကဏ္ဍမှ ထိရောက်စွာ အထောက်အကူပြုနိုင်စေရေးအတွက် မြန်မာ့မီးရထားအနေဖြင့် ရန်ကုန်မှ တောင်ငူအထိ ရထားလမ်းပိုင်းအဆင့်မြှင့်တင်ရေး စီမံကိန်းအဆင့် (၁)အား ဂျပန်နိုင်ငံ၏ ODA ချေးငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးပြီ ဖြစ်သကဲ့သို့ တောင်ငူမှ နေပြည်တော် - သာစည် - မန္တလေး လမ်းပိုင်းတွင်လည်း နိုင်ငံတော်မှခွင့်ပြုသည့် ဘဏ္ဍာငွေဖြင့် လမ်းပိုင်းပိုမိုကြံ့ခိုင်ကောင်းမွန်စေရေး၊ ခေတ်မီအချက်ပြစနစ်များ တပ်ဆင်အသုံးပြုရေးတို့ကို စီမံချက်ချမှတ်ဆောင်ရွက်လျက်ရှိသည်။ ဤကဲ့သို့ ရထားလမ်းနှင့် တံတားများ ကြံ့ခိုင်မှုပိုမိုကောင်းမွန်လာခြင်း၊ အချက်ပြစနစ် ပိုမိုခေတ်မီလာခြင်းနှင့်အတူ ခေတ်မီစက်ခေါင်းနှင့် လူစီးတွဲများ အသုံးပြုလာနိုင်ခြင်းအားဖြင့် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းတစ်ခုလုံး၌ ရထားအမြန်နှုန်းများ တိုးမြှင့်ပြီး ပြေးဆွဲချိန်ကို သိသာစွာလျှော့ချနိုင်ပြီဖြစ်သောကြောင့် ရထားစီးခရီးသွားပြည်သူများ ပိုမိုစိတ်ချမ်းမြေ့စွာ သွားလာနိုင်စေရေးအတွက် ရန်ကုန်-နေပြည်တော်လမ်းပိုင်း၌ ခေတ်မီလေအေးပေးစက်ပါ DEMU တွဲဆိုင်းသစ်ဖြင့် အမှတ်(၇)အဆန်၊ အမှတ်(၈)အစုန် အမြန်ရထားခရီးစဉ်သစ်ကိုလည်းကောင်း၊ နေပြည်တော်-မန္တလေးလမ်းပိုင်း၌ ခေတ်မီလေအိတ် လူစီးတွဲများဖြင့် အမှတ် (၂၇)အဆန်၊ အမှတ် (၂၈)အစုန် ရထားခရီးစဉ်သစ်ကိုလည်းကောင်း ယနေ့မှစ၍ တိုးချဲ့ပြေးဆွဲပေးနေပြီဖြစ်သည်။
အဆိုပါ ရထားခရီးစဉ် တိုးချဲ့ပြေးဆွဲ ခြင်း အစီအစဉ်အရ ယနေ့နံနက်ပိုင်းက ရန်ကုန်ဘူတာကြီး အမှတ်(၁) စင်္ကြံတွင်အမှတ် (၇)အဆန် ရန်ကုန်-နေပြည်တော် ခေတ်မီလေအေးပေးစက်ပါ DEMU ရထားခရီးစဉ် စတင်ပြေးဆွဲခြင်း ဖွင့်ပွဲအခမ်းအနားကိုကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ မြန်မာ့မီးရထားဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ ဧည့်သည်တော်များ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။ အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးတို့က အသီးသီးအမှာစကားပြောကြားပြီး မြန်မာ့မီးရထားဦးဆောင်ညွှန်ကြားရေးမှူးက ရန်ကုန်မှ တောင်ငူအထိ ရထားလမ်းအဆင့်မြှင့်တင်ခြင်း စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ နိုင်ငံတော်၏ ခွင့်ပြုဘဏ္ဍာငွေဖြင့် တောင်ငူ - နေပြည်တော် - သာစည်-မန္တလေးလမ်းပိုင်း၌ ဌာန၏ ဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ရထားတွဲဆိုင်းသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး (အောက်ပုံ)အမွှေးနံ့သာများ ပက်ဖျန်းပေးကာ နေပြည်တော်သို့ လိုက်ပါကြမည့် ခရီးသည်များအား ရထားပေါ်၌ ရင်းနှီးစွာလိုက်လံနှုတ်ဆက်၍ စားသောက်ဖွယ်ရာများ ပေးအပ်ကြပြီး နံနက် ၆ နာရီတွင် ရထားစတင်ထွက်ခွာသည်။
အလားတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ မြန်မာ့မီးရထား တာဝန်ရှိသူများနှင့်အတူ မန္တလေးဘူတာကြီး၌ အမှတ်(၂၈)အစုန် လေအိတ်ရထား ခရီးစဉ်သစ်အဖြစ် နေပြည်တော်သို့ စတင်ထွက်ခွာမည့် ရထားတွဲဆိုင်းပေါ်သို့ တက်ရောက်၍ စီးနင်းလိုက်ပါကြမည့် ခရီးသည်များအား စားသောက်ဖွယ်ရာများ ပေးအပ်ကာ ခင်မင်ရင်းနှီးစွာ ပို့ဆောင်နှုတ်ဆက်ပြီး နံနက် ၆ နာရီတွင် ရထားစတင်ထွက်ခွာသည်။
ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် မြန်မာ့မီးရထားတာဝန်ရှိသူများလိုက်ပါလျက် နေပြည်တော် ဘူတာကြီးတွင် အမှတ်(၂၈)အစုန် မန္တလေး-နေပြည်တော်လေအိတ်ရထားခရီးစဉ်သစ်ဖြင့် နံနက် ၁၁ နာရီတွင် ဆိုက်ရောက်လိုက်ပါလာကြသည့် ခရီးသည်များအားလည်းကောင်း၊ အမှတ်(၇)အဆန် ရန်ကုန်-နေပြည်တော်ခေတ်မီ DEMU ရထားခရီးစဉ်သစ်ဖြင့် နံနက် ၁၁ နာရီခွဲတွင် ဆိုက်ရောက်လိုက်ပါလာကြသည့် ခရီးသည်များအားလည်းကောင်း ခင်မင်ရင်းနှီးစွာ ကြိုဆိုနှုတ်ဆက်သည်။ ဆက်လက်၍ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် နေပြည်တော်ကောင်စီ၊ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးတို့သည် နေပြည်တော်ဘူတာမှ ရန်ကုန်သို့ မွန်းတည့် ၁၂ နာရီတွင် ထွက်ခွာမည့် အမှတ်(၈)အစုန် ခေတ်မီ DEMU ရထားခရီးစဉ်သစ်ဖြင့်လိုက်ပါမည့် ခရီးသည်များအားလည်းကောင်း၊ ဒုတိယဝန်ကြီး ဦးလူမွန်နှင့် ဌာနဆိုင်ရာအကြီးအကဲများသည် မွန်းတည့် ၁၂ နာရီတွင် မန္တလေးသို့ ထွက်ခွာမည့် အမှတ်(၂၇) အဆန်လေအိတ်ရထား ခရီးစဉ်သစ်ဖြင့် လိုက်ပါသွားကြမည့် ရထားစီးခရီးသည်များကိုလည်းကောင်း စားသောက်ဖွယ်ရာများ အသီးသီးပေးအပ်ပြီး ခင်မင်ရင်းနှီးစွာ ပို့ဆောင်နှုတ်ဆက်သည်။ နေပြည်တော်ဘူတာမှ ထွက်ခွာကြသည့် အမှတ်(၂၇) အဆန်လေအိတ်ရထားသည် မန္တလေးသို့ ညနေ ၅ နာရီနှင့် အမှတ် (၈) အစုန် ခေတ်မီ DEMU ရထားသည် ရန်ကုန်သို့ ညနေ ၅ နာရီခွဲတွင် အသီးသီးရောက်ရှိကြသည်။
အဆိုပါ ခေတ်မီလေအေးပေးစက်ပါ DEMU ရထားများနှင့် လေအိတ်ရထားများကို နေပြည်တော်ဘူတာတွင် ရထားကူးပြောင်းလျက် ရန်ကုန်နှင့်မန္တလေးတို့သို့ ခရီးစဉ်အစအဆုံး လိုက်ပါစီးနင်းနိုင်မည်ဖြစ်သည်။ ယခင်က ရန်ကုန်မှ မန္တလေးအထိ ပြေးဆွဲချိန် စုစုပေါင်း ၁၉ နာရီခန့် ကြာမြင့်ခဲ့သော်လည်း ယခုအခါ လမ်းပိုင်းများ ပိုမိုကောင်းမွန်လာခြင်း၊ ခေတ်မီအချက်ပြစနစ်သို့ အဆင့်မြှင့်တင်အသုံးပြုလာနိုင်ခြင်း၊ ခေတ်မီစက်ခေါင်းနှင့် လူစီးတွဲဆိုင်းများ အသုံးပြုလာနိုင်ပြီဖြစ်ခြင်းတို့ကြောင့် ရထားအမြန်နှုန်း တိုးမြှင့်ပေးကာ ရန်ကုန်- နေပြည်တော် ခရီးစဉ်တွင် ၅ နာရီ မိနစ် ၃၀ နှင့် နေပြည်တော်-မန္တလေးခရီးစဉ်တွင် ၅ နာရီ၊ နေပြည်တော်၌ ရထားကူးပြောင်းချိန် မိနစ် ၃၀ စုစုပေါင်း ၁၁ နာရီခန့်ဖြင့် ပြေးဆွဲချိန်ကို သိသာစွာလျှော့ချလျက် ရထားစီးခရီးသည်များ ပိုမိုစိတ်ချမ်းမြေ့စွာ ခရီးသွားလာနိုင်ရေး ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိသည်။
ယနေ့စတင်တိုးချဲ့ချိတ်ဆက် ပြေးဆွဲပေးသည့် အမှတ် (၇) အဆန် DEMU ရထားဖြင့် ရန်ကုန်မှ နေပြည်တော် သို့ အထက်တန်းခရီးသည် ၅၆ ဦး၊ ပထမတန်းခရီးသည် ၂၄၅ ဦး၊ ရထားဝန်ထမ်း ၃၉ ဦး စုစုပေါင်း ၃၄၀ မန္တလေးမှအမှတ် (၂၈) အစုန် လေအိတ်ရထားဖြင့် အထက်တန်းခရီးသည် ၂၂ ဦး၊ ရိုးရိုးတန်းခရီးသည် ၂၂၀၊ ရထားဝန်ထမ်း ၂၀ အပါအဝင် စုစုပေါင်း ၂၆၂ ဦး၊ နေပြည်တော်မှ ရန်ကုန်သို့ အမှတ်(၈) အစုန် DEMU ရထားဖြင့် အထက်တန်းခရီးသည် ၆၁ ဦး၊ ပထမတန်း ခရီးသည် ၂၄၅ ဦး စုစုပေါင်း ၃၀၆ ဦး၊ နေပြည်တော်မှ မန္တလေးသို့ အမှတ် (၂၇) အဆန်လေအိတ်ရထားဖြင့် အထက်တန်းခရီးသည် ၄၁ ဦး၊ ရိုးရိုးတန်းခရီးသည် ၃၀၀ စုစုပေါင်း ၃၄၁ ဦး လိုက်ပါစီးနင်းကြပါသည်။ ရထားခရီးစဉ်များ၌ လိုက်ပါလာကြသော ဌာနဆိုင်ရာရုံးဝန်ထမ်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ သာမန်ခရီး သွားပြည်သူများအနေဖြင့်လည်း ပိုမိုအဆင်ပြေ စိတ်ချမ်းသာစွာ စီးနင်းနိုင်ခြင်း၊ ခရီးသွားကြာမြင့်ချိန်များ လျော့ကျသက်သာလာခြင်း စသည့် အကျိုးရလဒ်များကို လက်တွေ့သိမြင်ခံစားလာရခြင်းကြောင့် နိုင်ငံတော်အစိုးရ၏ စေတနာ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ စီမံဆောင်ရွက်မှု၊ မြန်မာ့မီးရထားဝန်ထမ်းများ၏ ကြိုးပမ်းအားထုတ်နေမှုတို့အပေါ် ကျေးဇူးတင်ဂုဏ်ယူဝမ်းမြောက်လျက်ရှိကြကြောင်း သိရှိရသည်။
မြန်မာ့မီးရထားသည် ရန်ကုန်-မန္တလေးလမ်းပိုင်းတွင် ယခုတိုးချဲ့ ပြေးဆွဲပေးသည့် ရထားခရီးစဉ်များအပြင် မူလပြေးဆွဲပေးနေသည့် အမှတ်(၁၁)အဆန်၊ (၁၂)အစုန် အမြန်လူစီးရထားခရီးစဉ်များကိုလည်း ပြေးဆွဲချိန် ၁၃ နာရီ ၁၅ မိနစ် အချိန်စာရင်းအသစ်ဖြင့် ပြေးဆွဲပေးလျက်ရှိပြီး မကြာမီတွင် ပြေးဆွဲချိန် ထပ်မံ လျှော့ချနိုင်ရေး စီစဉ်လျက်ရှိကြောင်း၊ အထက်ပါ ရထားခရီးစဉ်များအတွက် ရထား ထွက်ခွာ/ ဆိုက်ရောက် အချိန်စာရင်းများ၊ ထိုင်ခုံအတန်းအစားအလိုက် လက်မှတ်ခများကို နိုင်ငံပိုင်သတင်းစာများနှင့် သက်ဆိုင်ရာဘူတာအသီးသီးတို့တွင် ကြိုတင်ကြေညာထားပြီးဖြစ်ကြောင်း၊ ရထားလက်မှတ်များကို သက်ဆိုင်ရာဘူတာများ၌ နေ့ချင်းလာရောက်ဝယ်ယူနိုင်သကဲ့သို့ ခရီးသွားရက်မတိုင်မီ ရန်ကုန်မြို့၌ ရန်ကုန်ဘူတာကြီး၊ အင်းစိန်ဘူတာနှင့် တိုးကြောင် ကလေးဘူတာတို့တွင်လည်းကောင်း၊ နေပြည်တော်၌ နေပြည်တော်ဘူတာကြီး၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီးရုံး ရုံးအမှတ် (၅) ပျဉ်းမနား ဘူတာနှင့် သပြေကုန်းဈေးတို့တွင်လည်းကောင်း၊ မန္တလေးမြို့၌ မန္တလေးဘူတာကြီး၊ မြို့ဟောင်းဘူတာတို့တွင် လည်းကောင်း၊ ထို့အပြင် Online စနစ်ဖြင့် ရက်ကြိုလက်မှတ်များ၊ အသွားအပြန် ခရီးအတွက်လက်မှတ်များအား တစ်ပါတည်း ဝယ်ယူနိုင်ရေးတို့အတွက်ကို လည်းကောင်း စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်