Skip to main content

အကြမ်းဖက်မှုလုပ်ရပ်များကို မလိုလားသည့် ဒေသခံပြည်သူများ၏ သတင်းပေးပို့ချက်အရ နတ်မောက်မြို့နယ်ပင်းမြို့ကျေးရွာအနီး ခိုအောင်းနေသည့် PDF အမည်ခံအကြမ်းဖက်သမားများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်တိုက်ခိုက်ချေမှုန်း၊ လက်နက်နှင့် အကြမ်းဖက်သမားအလောင်းအချို့ သိမ်းဆည်းရရှိ

နေပြည်တော် ဖေဖော်ဝါရီ ၂၈

နယ်မြေတည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေသောလုပ်ရပ်များနှင့် အကြမ်းဖက်လုပ်ဆောင်မှုများကို လက်ခံနိုင်ခြင်းမရှိသည့် ဒေသခံပြည်သူအချို့၏ လျှို့ဝှက်ဆက်သွယ်သတင်းပေးပို့မှုအရ NUG ၊ CRPH တို့၏ ဆက်သွယ်ညွှန်ကြားမှုဖြင့် မကွေးတိုင်းဒေသကြီးအတွင်း အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်နေသည့် PDF အမည်ခံ အကြမ်းဖက်သမားများသည် နတ်မောက်မြို့နယ် ပင်းမြို့ကျေးရွာအနီး လက်နက်၊ ခဲယမ်းများနှင့်အတူ ခိုအောင်းနေကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ယနေ့ညနေပိုင်းတွင် သွားရောက်ချေမှုန်းတိုက်ခိုက်ခဲ့ရာ PDF အမည်ခံအကြမ်းဖက်သမားအလောင်းအချို့၊ လက်နက်နှင့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့သည်။

ဖြစ်စဉ်မှာ မကွေးတိုင်းဒေသကြီးအတွင်း အကြမ်းဖက်လုပ်ငန်းမျိုးစုံလုပ်ဆောင်လျက်ရှိသည့် PDF အမည်ခံအကြမ်းဖက်သမားများသည် နတ်မောက်မြို့နယ် ပင်းမြို့ကျေးရွာအနီး လက်နက်၊ ခဲယမ်းများနှင့်အတူ ခိုအောင်းနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်၍ လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများဆောင်ရွက်စဉ် အဆိုပါကျေးရွာ၏ အရှေ့ဘက် မီတာ ၅၀၀ ခန့်အရောက်၌ PDF အမည်ခံအကြမ်းဖက်သမားများနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၎င်းတို့ထံမှ အလောင်းသုံးလောင်း၊ GLOCK ပစ္စတိုတစ်လက်နှင့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့သည်။

အကြမ်းဖက်သမားများအနေဖြင့် လက်နက်ကိုင်ဆောင်၍ ဒေသခံပြည်သူများကို အနိုင်ကျင့်ဗိုလ်ကျခြင်း၊ နိုင်ငံ့ဝန်ထမ်းများနှင့် အပြစ်မဲ့ပြည်သူများအပေါ် စိတ်မထင်လျှင် မထင်သလိုသတ်ဖြတ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ ရပ်ရွာတည်ငြိမ်အေးချမ်းရေးအတွက် အကြမ်းဖက်သမားများ၏ သတင်းများရရှိပါက လုံခြုံရေးတပ်ဖွဲ့ဝင်များထံ အချိန်မီလျှို့ဝှက်စွာ သတင်းပေးပို့နိုင်ပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

သတင်းစဉ်