ရန်ကုန် ဖေဖော်ဝါရီ ၂၈
မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီနှင့် ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီတို့ ကြီးမှူးကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် လှည်းကူးပညာရေးဒီဂရီကောလိပ်၌ ကျင်းပသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်လူငယ်ရေးရာအထောက်အကူပြုလုပ်ငန်း ကော်မတီဝင်များ၊ လှည်းကူးပညာရေး ဒီဂရီကောလိပ်ကျောင်းအုပ်ကြီး၊ ဖိတ်ကြားထားသည့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စာရေးဆရာ ကောင်းသန့်၊ ဧည့်သည်တော်များနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ လှည်းကူးပညာရေးဒီဂရီကောလိပ်ကျောင်း သီချင်းဖြင့်အခမ်းအနားကို ဖွင့်လှစ်ပြီး ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်နေသည့် ပညာရေးစနစ်ကို လေ့လာပြီး ကျောင်းသားများ၏ စိတ်ဝင်စားမှုကို မြှင့်တင်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ကျောင်းသားလူငယ်များ၏ အားနည်းချက်ကို ကူညီပံ့ပိုး ဖြေရှင်းပေးပြီး အားသာချက်များကို မြှင့်တင်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ စာရေးဆရာကောင်းသန့်က Professional ခေါင်းစဉ်ဖြင့် လူငယ်ရေးရာ အသိပညာပေး ဟောပြောပို့ချပြီး ဒုတိယဝန်ကြီးက စာရေးဆရာ ကောင်းသန့်ကို အမှတ်တရလက်ဆောင်ပစ္စည်း အားပေးအပ်၍ လှည်းကူးပညာရေး ဒီဂရီကောလိပ် ကျောင်းအုပ်ကြီးထံသို့ အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းရာ လှည်းကူးပညာရေး ဒီဂရီကောလိပ်ကျောင်းအုပ်ကြီးက ကျေးဇူးတင်စကားပြောကြားကာ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်တန်းသား သင်တန်းသူများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်