Skip to main content

ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ နည်းပညာတက္ကသိုလ်(မန္တလေး)၌ ကျောင်းသားများ ပျော်ရွှင်ချမ်းမြေ့စွာ သင်ကြားနေမှုများ ကြည့်ရှုအားပေး

နေပြည်တော် ဖေဖော်ဝါရီ ၂၈

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ဖေဖော်ဝါရီ ၂၆ ရက် မွန်းလွဲပိုင်းတွင် နည်းပညာတက္ကသိုလ်(မန္တလေး)၌ ပျော်ရွှင်ချမ်းမြေ့စွာ သင်ကြားလျက်ရှိကြသော ကျောင်းသားများကို သွားရောက်ကြည့်ရှုအားပေးသည်။

ဦးစွာ ဒုတိယဝန်ကြီးသည် ပင်မစာသင်ဆောင်မြေညီထပ်တွင် အဖွဲ့လိုက်သင်ကြားလေ့လာပြီး သမျှကို ဖလှယ်ဆွေးနွေးလျက်ရှိကြသော ကျောင်းသား ကျောင်းသူများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကာ လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် စာသင်ခန်းများအသီးသီးတွင် ပျော်ရွှင်ချမ်းမြေ့စွာ သင်ကြားလျက်ရှိကြသော ကျောင်းသားများကို ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးကာ အခက်အခဲ လိုအပ်ချက်တင်ပြမှုများအပေါ် ဖြေရှင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး ဒုတိယဝန်ကြီးက ကျောင်းသားများကို နိုင်ငံတော်နှင့် ပြည်သူများက အမှန်တကယ် အားထားရသော ဗလငါးတန်နှင့် ပြည့်စုံသည့် အင်ဂျင်နီယာ လူငယ်ကောင်းများဖြစ်စေရေးအတွက် ကျောင်းသားဘဝအချိန်များကို တန်ဖိုးရှိစွာ အသုံးချ၍ ကြိုးပမ်းဆောင်ရွက်ကြရန်၊ သုတေသနများဆောင်ရွက်ရာတွင် MSME များ၊ EV နှင့် ပြန်ပြည့်မြဲစွမ်းအင်စနစ်များ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဦးတည်ဆောင်ရွက်ရန် တိုက်တွန်းမှာကြားပြီး ကျောင်းသားများထံ သုတ၊ ရသစာအုပ်များကို ပေးအပ်ချီးမြှင့်သည်။

ထို့နောက် ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ လုပ်ငန်းလိုအပ်ချက် တင်ပြမှုများအပေါ် ဖြေရှင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး အမျိုးသားရေးရည်မှန်းချက်များ၊ ရှေ့လုပ်ငန်းစဉ်များကို အောင်မြင်အောင်ဆောင်ရွက်ရာတွင် အဓိကစွမ်းအားစုများအဖြစ် အထောက်အပံ့ပြုနိုင်မည့် ထူးချွန်ထက်မြက်သော အင်ဂျင်နီယာ နည်းပညာရှင် လူငယ်ကောင်းများ စဉ်ဆက်မပြတ် ပျိုးထောင်ပေးရန်၊ ပြည်သူ့အကျိုးပြုသုတေသနများဖြင့် ရှင်သန်သက်ဝင်နေသော တက္ကသိုလ်ရပ်ဝန်းဖြစ်လာစေရေး အလေးထားဆောင်ရွက်ရန် တိုက်တွန်းမှာကြားကာ တာဝန်ရှိသူများထံ ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်