မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံဖြစ်သည်။ စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံဖြစ်သည်နှင့်အညီ နိုင်ငံသားအများစုသည် တောင်သူလယ်သမား သို့မဟုတ် လယ်ယာကဏ္ဍကိုအမှီပြု၍ အသက်မွေးဝမ်းကျောင်းပြု လုပ်ကိုင်နေကြသူများဖြစ်သည်။ မြန်မာနိုင်ငံရှိ လူဦးရေ ၇၀ ရာခိုင်နှုန်းခန့်မှာ လယ်ယာထွက်ကုန်များ လုပ်ကိုင်ကြသူများဖြစ်၍ တောင်သူလယ်သမားများသည် နိုင်ငံအတွက် အရေးပါသောအင်အားစုကြီးဖြစ်သည်။
လူသားများရှင်သန်ရပ်တည်နိုင်ရေးအတွက် စားရေရိက္ခာဖူလုံရေးသည် အရေးပါသောကဏ္ဍဖြစ်သည်။ စားရေရိက္ခာဖူလုံရေးကို တောင်သူလယ်သမားဦးကြီးများက နေပူမိုးရွာမရှောင် စဉ်ဆက်မပြတ်ဆောင်ရွက်ပေးနေကြသူများဖြစ်၍ ကျေးဇူးတင်ထိုက်သူများဖြစ်သည်။ နိုင်ငံ၏ လူဦးရေသန်း ၅၀ ကျော်အတွက် လိုအပ်သော စားရေရိက္ခာများကို ဖြည့်ဆည်းပေးနေသော်လည်း တောင်သူလယ်သမားဦးကြီးများ၏ လူမှုစီးပွားဘဝများမှာ မြင့်မားလာမှုမရှိသေးဘဲ လိုအပ်ချက်များစွာရှိနေသေးသည်။ အကြောင်းမှာ ရာသီဥတုဖောက်ပြန်မှု၊ သဘာဝဘေးကျရောက်မှုနှင့် အခြားအကြောင်းအမျိုးမျိုးတို့ကြောင့် အခက်အခဲများ ရှိနေသေးသည်။
မျက်မှောက်ကာလတွင် အကြမ်းဖက်သမားကဲ့သို့ အဖျက်အန္တရာယ်အမျိုးမျိုး၊ သစ်တောများပြုန်းတီးမှုကြောင့် မြေဆီလွှာအရည်အသွေးကျဆင်းလာမှု၊ လယ်ယာမြေကို အခြားနည်းလမ်းဖြင့် အသုံးပြုမှု၊ နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှုစရိတ်ကြီးမားမှု၊ သွင်းအားစုစရိတ်မြင့်တက်မှု၊ ဈေးကွက်ယှဉ်ပြိုင်ထိုးဖောက်နိုင်ရေး အားနည်းမှု၊ လယ်ယာလုပ်သားရှားပါးမှု စသည့်အခက်အခဲအမျိုးမျိုးတို့ကြောင့် တောင်သူလယ်သမားများဘဝ မြင့်မားတိုးတက်ရေးမှာ အလှမ်းဝေးနေဆဲဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရက တောင်သူလယ်သမားများ အကျိုးစီးပွားကိုရှေးရှု၍ ယင်းလိုအပ်ချက်များကို တတ်နိုင်သမျှဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။
ကျေးဇူးရှင်တောင်သူလယ်သမားဦးကြီးများအား ဂုဏ်ပြုသောအားဖြင့် တောင်သူလယ်သမားနေ့အခမ်းအနားများကို ၁၉၆၂ ခုနှစ်မှစတင်၍ ကျင်းပလာခဲ့ရာ ယခုအခါ နှစ်ပေါင်း ၆၃ နှစ်ပြည့်ပြီဖြစ်သည်။ မတ်လ ၂ ရက်နေ့တွင် ကျရောက်သည့် တောင်သူလယ်သမားနေ့ကို ဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းပြပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး စိုက်ပျိုးရေးထူးချွန်ဆု၊ မွေးမြူရေးထူးချွန်ဆုနှင့် မြစိမ်းရောင်အသားကဏ္ဍဖော်ဆောင်နိုင်မှု စံပြကျေးရွာအကောင်းဆုံးဆုများကို ပေးအပ်ချီးမြှင့်ခဲ့သည်။ နေပြည်တော်ကောင်စီနယ်မြေ စိုက်ပျိုးရေးသိပ္ပံ(ပျဉ်းမနား)၌ မျိုးစေ့ပြပွဲကို မတ်လ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ ကျင်းပပြုလုပ်လျက်ရှိသည်။
စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မျိုး၊ မြေ၊ ရေ၊ နည်း ဤလေးမျိုးသည် အဓိကကျသဖြင့် နိုင်ငံတော်က အတတ်နိုင်ဆုံးဖြည့်ဆည်းပေးလျက်ရှိသည်။ မျိုးကောင်းမှ အပင်သန်ဆိုသည့်အတိုင်း မျိုးစေ့ထုတ်လုပ်သည့်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးလျက်ရှိသည်။ မျိုးစေ့ထုတ်လုပ်သူများ၊ မျိုးစေ့တင်သွင်းသူများ၊ မျိုးစေ့ရောင်းချသူများ၊ မျိုးစေ့သုံးစွဲသူနှင့် တောင်သူလယ်သမားများကြားတွင် ပိုမိုခိုင်မာသည့် ကွန်ရက်တစ်ခုပေါ်ထွန်းလာအောင် ဆောင်ရွက်ပေးလျက်ရှိသည်။ စိုက်ပျိုးရေးတွင် အဓိကကျသည့် ဆန်စပါးနှင့် ဆီထွက်သီးနှံပန်းတိုင်အထွက်နှုန်းတိုးရေးကို အလေးထားဆောင်ရွက်ပေးလျက်ရှိသည်။
နိုင်ငံ၏ ပြည်တွင်းစားသုံးဆီဖူလုံရေးကို အထောက်အကူပြုစေရန်ရည်ရွယ်ချက်ဖြင့် တစ်ဧကဆီပိဿာ ၁၅၀ အထိရရှိနိုင်သည့် နေကြာသီးနှံအထွက်တိုးရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသဖြင့် စိုက်ပျိုးသူတောင်သူများ စီးပွားရေးတွက်ခြေကိုက်ပြီး နှစ်စဉ်တိုးချဲ့စိုက်ပျိုးခြင်းဖြင့် တောင်သူများ၏ လူမှုစီးပွားဘဝနှင့် နိုင်ငံ့စီးပွားရေး မြင့်မားတိုးတက်လာမည်ဖြစ်သည်။ လယ်ယာကဏ္ဍသည် နိုင်ငံတော်၏ အမျိုးသားအသားတင်ကုန်ထုတ်လုပ်မှုတန်ဖိုး၏ ၂၃ ဒသမ ၇ ရာခိုင်နှုန်းပါဝင်နေပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးထွက်ကုန်များသည် ပြည်ပပို့ကုန်များတွင် အရေးအကြီးဆုံးပို့ကုန်များဖြစ်သည်။
တောင်သူလယ်သမားများ၏ ရသင့်ရထိုက်သောအခွင့်အရေးများနှင့် အကျိုးစီးပွားများရရှိစေရန် တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေကို အတည်ပြုပြဋ္ဌာန်းပေးခဲ့ပြီးဖြစ်သည်။ ဥပဒေအရ တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်ကော်မတီကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည်။ ဥပဒေအရအခြေခံရည်ညွှန်းစပါးဈေးနှုန်းသတ်မှတ်ခြင်းကို အခြေအနေအချိန်အခါအလိုက် သတ်မှတ်ပေးခဲ့သည်။ စိုက်ပျိုးရေးချေးငွေများ ထုတ်ချေးပေးရေး၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်းနှင့် သစ်တောမြေများတွင် ခွင့်ပြုချက်ရရှိသူများ ချေးငွေရရှိရေးနှင့် နည်းပညာအကူအညီများရရှိရေးအတွက် ဆောင်ရွက်ပေးလျက်ရှိသည်။
သို့ဖြစ်ရာ တောင်သူလယ်သမားများ အခွင့်အရေးများနှင့် အကျိုးစီးပွားများကို ကာကွယ်ပေးခြင်း၊ မြှင့်တင်ဆောင်ရွက်ပေးခြင်းသည် နိုင်ငံတော်၏ဦးတည်ချက်များနှင့် ရည်မှန်းချက်များကို အကောင်အထည်ဖော်ခြင်း၊ နိုင်ငံ့အကျိုးစီးပွားကာကွယ်ခြင်း၊ စီးပွားရေးတိုးတက်အောင် ဆောင်ရွက်ခြင်းဖြစ်သည့်အပြင် တောင်သူလယ်သမားဦးကြီးများကို အလေးထားဂုဏ်ပြုကာကွယ်စောင့်ရှောက်မြှင့်တင်ပေးခြင်းဖြစ်ပါကြောင်း။ ။