Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ်၌ (၆၃) နှစ်မြောက် တောင်သူလယ်သမားနေ့ကို ဂုဏ်ပြုသောအားဖြင့် လျှပ်စစ်မီးဖွင့်ပွဲနှင့် မြစ်ရေတင်စီမံကိန်းဖွင့်ပွဲအခမ်းအနားတက်ရောက်

ပုသိမ် မတ် ၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် ဧရာဝတီတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ် နွားရေတိုက်ကျေးရွာအုပ်စု ငါးတဲစုကျေးရွာ လျှပ်စစ်မီးလင်းရေးဖွင့်ပွဲနှင့် ကညင်ငူကျေးရွာ မြစ်ရေတင်စီမံကိန်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့သည် ငါးတဲစုကျေးရွာတွင် (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့ကို ဂုဏ်ပြုသောအားဖြင့် ကျင်းပပြုလုပ်သည့် လျှပ်စစ်မီးလင်းရေး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က ဖွင့်ပွဲဆိုင်းဘုတ်ကို ခလုတ်နှိပ်ဖွင့်လှစ်ပေးကာ ဖွင့်ပွဲဆိုင်းဘုတ်ကို အမွှေးနံ့သာများ ပက်ဖျန်း၍ ကျေးရွာအတွင်းရှိ နေအိမ်များတွင် တပ်ဆင်ထားသော လျှပ်စစ်မီတာများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

နွားရေတိုက်ကျေးရွာအုပ်စု ငါးတဲစုကျေးရွာ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ၂၀၂၄-၂၀၂၅ တိုင်းဒေသကြီး ဘတ်ဂျက်ရန်ပုံငွေ ကျပ်သန်း ၁၁၄ ဒသမ ၇၇၀ ဖြင့် ၁၁ ကေဗွီဓာတ်အားလိုင်း ၁မိုင်နှင့် ၁၁/၀ ဒသမ ၄ ကေဗွီ၊ ၂၀၀ ကေဗွီအေထရန်စဖော်မာတစ်လုံး တည်ဆောက်ခဲ့ပြီးဖြစ်၍ ကျေးရွာအုပ်စုရှိ အိမ်ထောင်စု ၁၇၈ စုအတွက် လျှပ်စစ်မီတာ ၄၅ လုံး တပ်ဆင်ဆောင်ရွက်ပေးထားပြီးဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် အဖွဲ့သည် ကညင်ငူကျေးရွာတွင် ကျင်းပသည့် မြစ်ရေတင်စီမံကိန်းဖွင့်ပွဲသို့ တက်ရောက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က အဖွင့်အမှာစကားပြောကြား၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် အဖွဲ့သည် လျှပ်စစ်မြစ်ရေတင်စီမံကိန်းဖြင့် နွေစပါးစံပြကွက်အား ကောက်စိုက်လုံမေများ၊ လက်ဆွဲကောက်စိုက်စက်၊ လက်ဆွဲကောက်စိုက်စက်(စက်ပါ) အစေ့ချစက်များဖြင့် ရက် ၉၀ မျိုးစပါး၊ ရေဆင်းပေါ်ဆန်း-၁၊ ရေဆင်းပေါ်ဆန်း-၂၊ ရွှေနံ့သာပေါ်ဆန်း - ၂၊ အောင်နိုင်တိုး မျိုးစပါးများစိုက်ပျိုးမှုကို ကြည့်ရှုအားပေးသည်။

ယင်းနောက် ရေကြည်မြို့နယ် ကျွန်းဒေါင့်ကျေးရွာ တောင်သူ ဦးမြင့်စိုး၏ ဆောင်းမြေပဲ စံပြစိုက်ကွက် ၁၀ ဧက ရိတ်သိမ်းမှုကိုလည်းကောင်း၊ ဖူးရတနာမြေပဲခွဲစက်နှင့် မြေပဲဆီသန့်ကြိတ်စက်ကိုလည်းကောင်း ကြည့်ရှုအားပေးပြီး အရည်အသွေးကောင်းမွန်စေသည့် မြေပဲဆီများ ကြိတ်ခွဲထုတ်လုပ်နိုင်ရေး၊ ကျန်းမာရေးနှင့် ညီညွတ်စေရေးနှင့် လိုအပ်သည်များ မှာကြားသည်။

ဆက်လက်၍ နှောကုန်းကျေးရွာ ရွှေစေတီဘုန်းတော်ကြီးကျောင်းသို့ သွား၍ ဆရာတော်များအား ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာကိစ္စများ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စများကို လျှောက်ထားတင်ပြပြီး လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် ဧရာဝတီတိုင်းဒေသကြီးကန်ကြီးထောင့်မြို့နယ် ဝါးဒူးကျေးရွာ၌ (၆၃) နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနားကျင်းပရန် ပြင်ဆင်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ပုသိမ်ခရိုင် သာပေါင်းမြို့နယ် သန်လျက်စွန်းကျေးရွာရှိ တောင်သူ ဦးမြင့်စိုးနှင့် တောင်သူဦးဝင်းထိုက်၏ စိုက်ဧက ၂၀ တွင် (Super sun-41 ) နေကြာစိုက်ပျိုး ဖြစ်ထွန်းနေမှုများကို ကြည့်ရှုအားပေး၍ ပန်းတိုင်အထွက်နှုန်းရရှိနိုင်မှု အခြေအနေများ ဆွေးနွေးမေးမြန်းကာ အောင်မြင်အောင် ဆောင်ရွက်စေရေး၊ တောင်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိဆောင်ရွက်ရန်တို့ကို မှာကြားသည်။

သတင်းစဉ်