Skip to main content

သန်လျင်မြို့ မင်းကျောင်းပထမပြန်စာသင်တိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသမဟာထေရ်၏ အစည်းအဝေးဖွင့် သာရဏီယ သြဝါဒကထာ

ဆရာတော်အရှင်သူမြတ်တို့ဘုရား-

သဗ္ဗညုဘုရားရှင်သည် လူနတ်ဗြဟ္မာ သတ္တဝါအပေါင်းတို့အား ၄၅ ဝါပတ်လုံး ဟောကြားတော်မူအပ်သော အဆုံးအမသြဝါဒခေါ် သာသနာတော်မြတ်ကြီးသည် အစ၏ကောင်းခြင်း အာဒိကလျာဏဂုဏ်၊ အလယ်၏ကောင်းခြင်း မဇ္ဈေကလျာဏဂုဏ်၊ အဆုံး၏ကောင်းခြင်း ပရိယောသာန ကလျာဏဂုဏ် (၃) ပါးတို့နှင့် ပြည့်စုံတော်မူသောကြောင့် အလုံးစုံပြည့်စုံခြင်း ကေဝလပရိပုဏ္ဏဂုဏ်၊ အလုံးစုံထက်ဝန်း ကျင်စင်ကြယ်ခြင်း ကေဝလပရိသုဒ္ဓဂုဏ်များရှိတော်မူပါသည်ဘုရား။ ထိုကျေးဇူးဂုဏ်ထူးများ ရှိတော်မူသော အဆုံးအမသြဝါဒခေါ် သာသနာတော်မြတ်ကြီးနှင့်ပတ်သက်၍ တပည့်တော်တို့ သံဃာ့အဖွဲ့ အစည်းအဆင့်ဆင့်တို့သည် သာသနာတော်သန့်ရှင်းတည်တံ့ပြန့်ပွားရေး ဦးတည်ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ကြရာတွင် ပထမအကြိမ်သက်တမ်းမှ အဋ္ဌမအကြိမ် သက်တမ်းတိုင်အောင် ဆောင်ရွက်ခဲ့ပြီး ၄၅ နှစ်ခရီးစဉ်သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်ကို သံဃာ့အဖွဲ့အစည်းဝင် အရှင်မြတ်များအားလုံး သိရှိတော်မူကြပြီးဖြစ်ပါသည်ဘုရား။ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်၏ ဆောင်ရွက်ချက်များမှာလည်း အဆုံးအမသြဝါဒခေါ် သာသနာတော်မြတ်တည်းဟူသော ဓမ္မဝိနယများနှင့် ညီညွတ်သည်သာမက ယင်းဓမ္မဝိနယတို့နှင့်အညီ ရေးဆွဲပြဋ္ဌာန်းထားသော သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်း လုပ်ထုံးလုပ်နည်း၊ ဝိနည်းဓမ္မကံဖြေရှင်း ဆုံးဖြတ်ရေးဆိုင်ရာလုပ်ထုံးလုပ်နည်း၊ သံဃနာယကလက်စွဲ၊ ဝိနိစ္ဆယလက်စွဲ၊ ညွှန်ကြားလွှာစသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်လာခဲ့ကြခြင်းဖြစ်ပါသည်ဘုရား။

ဆရာတော်အရှင်မြတ်တို့ဘုရား-

အမှန်အားဖြင့် သာသနာတော်သန့်ရှင်းတည်တံ့ ပြန့်ပွားထွန်းကားရေးကိစ္စကြီးသည် ဂိုဏ်းပေါင်းစုံ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်ဝင် အရှင်မြတ်များအားလုံးနှင့်ဆိုင်သည့် အများဆိုင်လုပ်ငန်းကြီးဖြစ်၍ အားလုံးကပင် ဝိုင်းဝန်းဆောင်ရွက်ရမည့် လုပ်ငန်းစဉ်ကြီးတစ်ရပ်ဖြစ်ပါသည်ဘုရား။ ထိုမျှမက ဘုရားရှင်လက်ထက်တော်က ချီးမြှင့်တော်မူခဲ့သည့် အဓိပ္ပာယ်နှင့်ဖွင့်ဆိုပါက ဘုရားရှင်၏ တပည့်သာဝက ရဟန်း၊ သာမဏေ၊ သီလရှင်ဥပါသကာ၊ ဥပါသိကာမတို့အပါအဝင် ဗုဒ္ဓဘာသာ ဝင်တိုင်း၏ စုပေါင်းအားဖြင့် ထိန်းသိမ်းစောင့်ရှောက်ရမည့် တာဝန်ကြီးတစ်ရပ်ဟု ဆိုနိုင်ပါသည်ဘုရား။ ထိုသို့ စုပေါင်းညီညာ ဆောင်ရွက်ကြမှသာလျှင် အရှင်မဟာကဿပမဟာထေရ်မြတ်ကြီး၏ ဦးတည်ချက်လည်း အောင်မြင်နိုင်မည် ဖြစ်ပါသည်ဘုရား။ ထိုဦးတည် ချက်နှင့်ပတ်သက်၍ သီလက္ခန္ဓဝဂ္ဂ အဋ္ဌကထာ စာမျက်နှာ ၂၆ ၌

          “ဣဒံ မဟာကဿပတ္ထေရေန ဒသဗလဿ သာသနံ

          ပဉ္စဝဿ သဟဿပရိမာဏကာလံ ပဝတ္တန သမတ္တံ ကတံ၊

ရှင်မဟာကဿပမထေရ်မြတ်ကြီးသည် သဗ္ဗညုဘုရားရှင်၏ ဤသာသနာတော်မြတ်ကို အနှစ်ငါးထောင်အတိုင်းအရှည်ရှိသော ကာလပတ်လုံး ဖြစ်ထွန်းတည်တံ့စေခြင်းငှာ စွမ်းနိုင်ခြင်းကို ပြုခဲ့လေပြီ” ဟူသော ဦးတည်ချက်ကို တပည့်တော်တို့ ဂိုဏ်းပေါင်းစုံ သံဃာ့အဖွဲ့အစည်းဝင်များအနေဖြင့် စုပေါင်းညီညာ ဆောင်ရွက်နိုင်မှသာလျှင် ဖြည့်ဆည်းနိုင်ကြမည်ဖြစ်ပြီး အနာဂတ်သာသနာတော်ကြီးသည်လည်း လျှောက်ထားခဲ့ပြီးသည့် ကေဝလပရိပုဏ္ဏဂုဏ်၊ ကေဝလပရိသုဒ္ဓ ဂုဏ်များနှင့် ပြည့်စုံနိုင်မည်ဖြစ်ပါသည်ဘုရား။

ဆရာတော်အရှင်မြတ်တို့ဘုရား-

ဂိုဏ်းပေါင်းစုံ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်တို့သည် ပထမအကြိမ် သက်တမ်းမှ အဋ္ဌမအကြိမ်သက်တမ်းပြည့်ကာ နဝမအကြိမ်သက်တမ်းသို့ ဝင်ရောက်လာပြီဖြစ်၍ အတွေ့အကြုံများရင့်ကျက်ပြီး အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားကြရမည်ဖြစ်ပါသည်ဘုရား။ သာသနာတော်ဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များသည် သာသနာတော်သန့်ရှင်းတည်တံ့ ပြန့်ပွားထွန်းကားရန် ဦးတည်ချက် သက်သက်ဖြင့် ဆောင်ရွက်ရသည်ကို အဖွဲ့ဝင်ဆရာတော်တို့ သိရှိတော်မူကြပြီး ဖြစ်ပါသည်ဘုရား။ ထိုသို့ ဆောင်ရွက်ကြရာတွင် သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်တို့၏ ဆောင်ရွက်ချက်များအပေါ်၌ အောင်မြင်မှု၊ အားနည်းမှု၊ ချွတ်ချော်မှု၊ လျော့ရဲမှု စသည်များကို ကာလသုံးပါးကိုမျှော်ရှု၍ ပြန်လည်လေ့လာသုံးသပ်ရန် လိုအပ်ကြောင်း လျှောက်ထားလိုပါသည်ဘုရား။ အောင်မြင်သော ဆောင်ရွက်ချက်အပေါ်၌သာ ဂုဏ်ယူနေပြီး အားနည်းမှု၊ ချွတ်ချော်မှု၊ လျော့ရဲမှု စသည်များကိုမူလျစ်လျူရှု၍ မနေသင့်ကြောင်း သတိပြုကြစေလိုပါသည်ဘုရား။ သံဃာ့အဖွဲ့အစည်းဝင် ပုဂ္ဂိုလ်မြတ်များသည် ဘုရားရှင်၏ တပည့်သား သံဃာတော်များဖြစ်ကြသည့်အားလျော်စွာ သီလ သမာဓိ ပညာ သိက္ခာသုံးရပ် အကျင့်မြတ်များကို ဖြည့်ကျင့်တော်မူကြသော သုပ္ပဋိပ္ပန္နပုဂ္ဂိုလ်မြတ်များလည်း ဖြစ်ကြပါသည်ဘုရား။ ထိုသို့ ဖြည့်ကျင့်ကြသော ဘုရားရှင်၏ တပည့်သား သံဃာတော်များ မျက်မှောက်ခေတ်တွင် ရှိနေကြခြင်းကြောင့် သာသနာတော်မြတ်ကြီးလည်း ကေဝလပရိပုဏ္ဏ ကေဝလပရိသုဒ္ဓ ဖြစ်တော်မူပြီး ယနေ့တိုင်အောင် တည်တံ့နေခြင်းဖြစ်ပါသည်ဘုရား။

ဆရာတော်အရှင်မြတ်တို့ဘုရား-

သိက္ခာသုံးရပ်အကျင့်မြတ်ကို ဖြည့်ကျင့်ဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ အချို့သော ရဟန်းသာမဏေတို့သည် အလေးအမြတ်ထားတော်မမူဘဲ သမဏသာရုပ္ပမဖြစ်သော ဌာနနေရာတို့၌ မအပ်မရာဖြစ်သော အမှုကိစ္စများကို ဆောင်ရွက်နေကြသဖြင့် သာသနာတော်၏ ဘုန်းကျက်သရေတန်ခိုးတော်လည်း ညစ်နွမ်းညှိုးမှိန်စေပါသည်ဘုရား။ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ ပထမအုပ် စာမျက်နှာ ၄၅ ၊ ၄၆ ၌ သီလသိက္ခာ ဖြည့်ကျင့်ခြင်းနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြထားရာ လိုရင်းအဓိပ္ပာယ်သဘောအနေဖြင့် ဖော်ပြပါအတိုင်း လျှောက်ထား လိုပါသည်ဘုရား-

          - သီလသိက္ခာပြည့်စုံပြီး ပရိယတ်မပြည့်စုံသူကို ချီးမွမ်းအပ်၏။

          - သီလသိက္ခာမပြည့်စုံ ပရိယတ်ပြည့်စုံသူကို ကဲ့ရဲ့အပ်၏။

          - သီလသိက္ခာနှင့်ပရိယတ် (၂) ပါးစုံ မပြည့်စုံသူကို ကဲ့ရဲ့အပ်၏။

          - သီလသိက္ခာနှင့်ပရိယတ် (၂) ပါး ပြည့်စုံသူကို ရွှေစင်တုံးကဲ့သို့ လူသာမက နတ်ဗြဟ္မာများပင် ချီးမွမ်းအပ်ကုန်၏။

ဆရာတော်အရှင်မြတ်တို့ဘုရား-

အထက်ပါ ဒေသနာတော်အရ သီလသိက္ခာနှင့်ပြည့်စုံမှုသည် ပဓာန အဓိကဖြစ်ကြောင်း သိရှိရသကဲ့သို့ ထိုထက်ပဓာနကျလိုပါက သီလသိက္ခာနှင့် ပရိယတ် (၂) ပါးစုံ ပြည့်စုံရန် လိုအပ်မည်ဖြစ်ပါသည် ဘုရား။ ထို့ကြောင့် တပည့်တော်တို့ ဂိုဏ်းပေါင်းစုံ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်ရှိ သံဃာ့အဖွဲ့အစည်းဝင်အားလုံးတို့သည် မိမိတို့အတွက် အဓိကကျသော သီလသိက္ခာကို အလေးအမြတ်ထား ဖြည့်ကျင့်တော်မူကြလျှင် သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေး လုပ်ငန်းစဉ်ကြီး အတွက် အထူးကြောင့်ကြ စိုက်ဖွယ်မရှိသည့်အပြင် “ အပ္ပသန္နာနံ ဝါ ပသာဒါယ၊ ပသန္နာနံ ဝါ ဘိယျောဘာဝါယ” ဒေသနာတော်အတိုင်း မကြည်ညိုသေးသူများ ကြည်ညိုလာပြီး ကြည်ညိုပြီးသူများပို၍ ကြည်ညိုလာကြမည်ဖြစ်ပါသည်ဘုရား။ ထိုကြည်ညိုလာမှုသည်ပင် သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေး၏ အဓိကအကြောင်းရင်း ဖြစ်ပါကြောင်း လျှောက်ထားအပ်ပါသည်ဘုရား။

ဆရာတော်အရှင်မြတ်တို့ဘုရား-

နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ကြီးအပါအဝင် ဂိုဏ်းပေါင်းစုံ သံဃနာယကအဖွဲ့အဆင့်ဆင့်တို့သည် မြတ်စွာဘုရားရှင်၏ အဆုံးအမ သာသနာတော်မြတ်ကြီး ကေဝလပရိပုဏ္ဏ၊ ကေဝလပရိသုဒ္ဓဂုဏ်တော်များနှင့် ပြည့်စုံစေရန် စွမ်းအားရှိသမျှ ကြိုးစားအားထုတ်ရမည့် အဖွဲ့များ ဖြစ်ပါသည်ဘုရား။ ခေတ်ကာလအားလျော်စွာ တိုးတက်လာသော အသစ်အသစ်သော လုပ်ငန်းများကိုလည်း မျက်ခြည်မပြတ်စေမူ၍ အားနည်းချက်၊ အားသာချက်များကို စေ့ငုဝေဖန်ကာ မြတ်ဗုဒ္ဓ၏ အဆုံးအမ သာသနာတော်ကြီး သန့်ရှင်းတည်တံ့ပြန့်ပွားစေရန် သတိပြုဆောင်ရွက်ကြရမည် ဖြစ်ပါသည်ဘုရား။ သို့ဖြစ်ပါ၍ တပည့် တော်တို့ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်တို့သည် မိမိတို့အပေါ် ကျရောက်လာသည့် တာဝန်အသီးသီးနှင့်စပ်လျဉ်း၍ “ငါ့အား သာသနာတော်မြတ်ကြီး၏ အကျိုးစီးပွားအတွက် ဆောင်ရွက်ခွင့်ပေးခြင်းဖြစ်ပေသည်” ဟု သဘောထားတော်မူကြပြီး သဒ္ဓါနှင့်ပညာ၊ ဝီရိယနှင့်သမာဓိကို စောင်းကြိုးညှိသကဲ့သို့ညီအောင်ညှိ၍ ဆောင်ရွက်တော်မူကြပါဟု လျှောက်ထားရင်း တပည့်တော်၏သြဝါဒကထာကို နိဂုံးချုပ်အပ်ပါသည် ဆရာတော် အရှင်သူမြတ်တို့ဘုရား။