နေပြည်တော် မတ် ၂
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့ရှိ အမှတ် (၂) စက်မှုသင်တန်းကျောင်းသို့ ရောက်ရှိစစ်ဆေးသည်။
ဦးစွာ အစည်းအဝေးခန်းမ၌ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က စက်မှုကျွမ်းကျင်သင်တန်းများဖွင့်လှစ်ခဲ့မှု၊ သင်တန်းကျောင်းအဆင့်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့မှု၊ သင်တန်းဖွင့်လှစ်ရန်စီမံထားရှိမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက စက်မှုကျွမ်းကျင်သင်တန်းများအား နိုင်ငံတော်မှချမှတ်ထားသည့် မူဝါဒများနှင့်အညီဖွင့်လှစ်ရန်၊ သင်တန်းကျောင်းအနေဖြင့် ဒေသ၌ဆောင်ရွက်နေသည့် စက်မှုလုပ်ငန်းများနှင့် ကိုက်ညီသည့်ဘာသာရပ်များကို လေ့ကျင့်သင်ကြားပေးနိုင်ရေး စီမံဆောင်ရွက်ရန်၊ သင်တန်းကျောင်းမှ လေ့ကျင့်သင်ကြား မွေးထုတ်ခဲ့သော သင်တန်းသားများသည် နိုင်ငံပိုင်စက်ရုံ/ အလုပ်ရုံများ၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းများဆောင်ရွက်နေသည့် MSME များတွင် ဝင်ရောက်တာဝန်ထမ်းဆောင်ကြမည်ဖြစ်၍ အမှန်တကယ် တတ်မြောက်ကျွမ်းကျင်မှုရှိအောင် လေ့ကျင့်သင်ကြားပေးရန်၊ လေ့ကျင့်သင်ကြားပေးနေသည့် ဘာသာရပ်အသီးသီး၏ သင်ရိုးညွှန်းတမ်းများကို ပြန်လည်သုံးသပ်၍ ခေတ်နှင့်လျော်ညီမှုရှိအောင် ပြင်ဆင်ရေးဆွဲရန်၊ နိုင်ငံတော်၏ စက်မှုလက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံလိုအပ်ချက်ဖြစ်သည့် စက်မှုလက်မှု ကျွမ်းကျင်လုပ်သားများ လေ့ကျင့်မွေးထုတ်နိုင်ရေးကို အလေးထားဆောင်ရွက်ရန် မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စက်မှုကျွမ်းကျင်တစ်နှစ် သင်တန်းဖွင့်လှစ်ရန် စာသင်ခန်းမများ ပြင်ဆင်ထားရှိမှုနှင့် သင်ထောက်ကူစက်ပစ္စည်း ကိရိယာများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်