Skip to main content

ဒုတိယဝန်ကြီး ဦးဝင်းဖေ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး (နေပြည်တော်-ရန်ကုန်လမ်းပိုင်း) ရှိ လမ်းအသုံးပြုခကောက်ခံသည့်တိုးဂိတ်များ ကြည့်ရှုစစ်ဆေး

နေပြည်တော် မတ် ၂

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ယမန်နေ့မွန်းလွဲပိုင်းတွင် ရန်ကုန်- မန္တလေး အမြန်လမ်းမကြီး (နေပြည်တော်-ရန်ကုန်လမ်းပိုင်း) ရှိ စီလမ်းဆုံတိုးဂိတ်၊ တောင်ငူ မီနီတိုးဂိတ်၊ အုတ်တွင်းမီနီတိုးဂိတ်၊ ၁၁၅ မိုင် (ဖြူး) တိုးဂိတ်၊ ဒရယ်မီးမီနီတိုးဂိတ်၊ ဘောနတ်ကြီး မီနီတိုးဂိတ်၊ အမှတ် (၃) တိုးဂိတ်တို့၏ လမ်းအသုံးပြုခ ကောက်ခံနေမှုကို ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက တိုးဂိတ်များတွင် တပ်ဆင်ထားသည့် CCTV ကင်မရာများ၊ ကွန်ပျူတာများ ချွတ်ယွင်းပျက်စီးမှုမရှိစေရေးနှင့် လျှပ်စစ်မီးပြတ်တောက်မှုမရှိစေရေး စီမံဆောင်ရွက်ရန်၊ တိုးဂိတ်တွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအနေဖြင့် လုံခြုံရေး အသိ၊ လုံခြုံရေးသတိဖြင့် ဆောင်ရွက်ရန်၊ လမ်းအသုံးပြုခကောက်ခံရာတွင် CCTV၊ ကွန်ပျူတာစနစ်ဖြင့်သာ ဆောင်ရွက်ရန်၊ လမ်းအသုံးပြုခ ကောက်ခံရရှိငွေများ လေလွင့်ပျောက်ဆုံးမှုမရှိစေရေး၊ တိုးဂိတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးနှင့် ဥပဓိရုပ်ကောင်းမွန်ရေးဆောင်ရွက်ရန်၊ ကောက်ခံရရှိမှုစာရင်းဇယားများရေးသွင်းရာတွင် ရုံးချုပ်မှသတ်မှတ်ထားသည့် ပုံစံအတိုင်းရေးသွင်းရေး တာဝန်ရှိသူများက အလေးထားကြပ်မတ် ဆောင်ရွက်သွားရန် မှာကြားသည်။

ယင်းနောက် တိုးဂိတ်အလိုက် တာဝန်ရှိသူများက ဒုတိယဝန်ကြီးအား တိုးဂိတ်တွင် ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးရရှိရေးဆောင်ရွက်ထားရှိမှု၊ CCTV ကင်မရာ၊ ကွန်ပျူတာစနစ်ဖြင့် လမ်းအသုံးပြုခကောက်ခံနေမှုနှင့် ကောက်ခံရရှိငွေများ စာရင်းရေးသွင်းထားရှိမှုအခြေအနေများကို စာရင်းဇယားများနှင့်တကွ ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

သတင်းစဉ်