နေပြည်တော် မတ် ၂
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် လွိုင်မွေဒေသရှိ စတုရဋ္ဌသုမင်္ဂလ စေတီတော်မြတ်ကြီးအား လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပွဲကို ယနေ့နံနက်ပိုင်းတွင်ကျင်းပရာ ထေရဝါဒဗုဒ္ဓသာသနာပြု ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ဝေပုလ္လ အမှူးပြု၍ တြိဂံဒေသတိုင်းစစ် ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက စတုရဋ္ဌသုမင်္ဂလစေတီတော်မြတ်ကြီးအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်များအား ပန်း၊ ရေချမ်း၊ ဆီမီးနှင့် ရွှေဆိုင်းများ ကပ်လှူပူဇော်ကြသည်။
ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းတိုက် ဆရာတော်ထံမှ ပရိတ်တရားတော်များ နာယူကြည်ညိုကြပြီး စေတီတော်မြတ်ကြီးအား ရွှေသင်္ကန်းတော်များ ကပ်လှူပူဇော်ကြကြောင်း သိရသည်။
သတင်းစဉ်