Skip to main content

အသည်းရောင်အသားဝါ (အေ) ရောဂါ မကူးစက်ရေးအတွက် အလေးထားလိုက်နာ

အသည်းရောင်အသားဝါ (အေ) ရောဂါကြိုတင်ကာကွယ်ရေးအတွက် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အသိပေးနှိုးဆော်လျက်ရှိသည်။ ဖျားခြင်း၊ အရေပြားနှင့် မျက်သားဝါခြင်း စသည့်အသည်းရောင်အသားဝါ (အေ) ရောဂါလက္ခဏာများ ဖြစ်ပေါ်လာပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ အမြန်ဆုံးသွားရောက်ပြသရန် တိုက်တွန်းထားပြီး မြို့နယ်အချို့တွင်လည်း အသည်းရောင်အသားဝါ ရောဂါကူးစက်နိုင်သည့်နည်းလမ်းများ၊ ရောဂါလက္ခဏာများ၊ သတိပြုရမည့်အချက်များ၊ ကာကွယ်နိုင်မည့်နည်းလမ်းများ စသည်တို့ကို အသိပညာပေးဟောပြောမှုများ ပြုလုပ်လျက်ရှိသည်ဟု သိရသည်။

အသည်းရောင်ရောဂါသည် ဟက်ပါတိုက်တစ်ဗိုင်းရပ်စ် (Hepatitis Virus) ကူးစက်ခံရခြင်းကြောင့်ဖြစ်ပြီး အသည်းရောင်ခြင်းမှတစ်ဆင့် အသည်းကင်ဆာ၊ အသည်းပျက်စီးခြင်းနှင့် အခြားပိုမိုပြင်းထန်သည့် အသည်းရောင်ရောဂါများဖြစ်စေနိုင်သည်။ ကမ္ဘာပေါ်တွင် အသည်းရောင်ရောဂါကြောင့် သေဆုံးရသူများ နှစ်စဉ်တစ်သန်းကျော်ရှိပြီး ဆက်လက်၍လည်းတိုးနေသည်ဟု ဆိုသည်။ ဟက်ပါတိုက်တစ်ဗိုင်းရပ်စ်တွင် (A) (B) (C) (D) (E) ဟူ၍ မျိုးကွဲငါးမျိုးရှိသည့်အနက် ဘီနှင့်စီတို့က ပို၍ပြင်းထန်ပြီး အသေအပျောက်လည်းများရာ ကမ္ဘာတစ်ဝန်းလုံးအတိုင်းအတာဖြင့် တစ်မိနစ်လျှင် လူနှစ်ယောက်နှုန်း အသက်ဆုံးရှုံးလျက်ရှိသည်။

အသည်းရောင်ရောဂါပိုး (အေ) သည် မသန့်ရှင်းသော (ရောဂါပိုးပါဝင်နေသော) အစားအသောက်နှင့်ရေတို့ စားသောက်မိခြင်း၊ ရောဂါရှိသူခန္ဓာကိုယ်မှထွက်သော အရည်များနှင့် ထိတွေ့ကိုင်တွယ် မိခြင်း၊ ရောဂါပိုးရှိသူနှင့် လိင်ဆက်ဆံခြင်း၊ ရောဂါပိုးရှိသူ၏ အညစ်အကြေး၊ မစင်တို့မှတစ်ဆင့်ကူးစက်ခြင်း စသည်ဖြင့် အလွယ်တကူ ကူးစက်နိုင်ပြီး ကလေးများတွင် ပိုမို၍ဖြစ်ပွားတတ်သည်။ ပတ်ဝန်းကျင်သန့်ရှင်းမှုနည်းပါးခြင်း၊ အစားအစာနှင့် ရေတို့မသန့်ရှင်းခြင်း စသည်တို့ကြောင့် ဝင်ငွေနည်းသည့်နိုင်ငံများနှင့် ဝင်ငွေအလယ်အလတ်နိုင်ငံများတွင် အသည်းရောင်အသားဝါ (အေ) ရောဂါဖြစ်ပွားမှုများပြားသည်။ ရောဂါကူးစက်ခံရသူများမှာ မကြာခင်ပျောက်ကင်းသွားပြီး ပြန်လည်နာလန်ထူနိုင်ကြသော်လည်း အသည်းပျက်စီးသွားခြင်းမှသည် သေဆုံးသည်အထိလည်း ပြင်းထန်နိုင်သည်။

ရောဂါကာကွယ်နိုင်ရန်အတွက် တစ်ကိုယ်ရေသန့်ရှင်းရေး၊ အစားအစာနှင့် သောက်ရေ၊ သုံးရေများသန့်ရှင်းရေး၊ လက်သန့်ရှင်းရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးတို့ကို ဂရုပြုဆောင်ရွက်ကြရန်လိုသည်။ အစာမစားမီနှင့် အိမ်သာအသုံးပြုပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် ကောင်းစွာစင်ကြယ်စေရန် ဆေးကြောဖို့လိုသည်။ အစားအစာကို သေချာစွာ ကျက်အောင်ချက်ပြုတ်၍ ပူပူနွေးနွေးစားသုံးရန်နှင့် ယင်မနားအောင် ဖုံးအုပ်ထားရန်လိုသည်။ အသားငါးနှင့် ပင်လယ်စာများ၊ ပုစွန်ချဉ်၊ ငါးချဉ်နှင့် အသားချဉ်များကို အစိမ်းစားသုံးခြင်း၊ လက်သုပ်စာများ၊ ယင်နားစာများ စားသုံးခြင်းတို့ကို ရှောင်ကြဉ်ကြရန်၊ အသီးအရွက်၊ သား၊ ငါးများကို သန့်ရှင်းသောရေဖြင့် စင်ကြယ်စွာဆေးကြောပြီးမှ ချက်ပြုတ်စားသုံးရန်၊ ရေကို ကျိုချက်သောက်သုံးရန်၊ ယင်လုံအိမ်သာသုံးစွဲရန် ကျန်းမာရေးပညာရှင်များက သတိပေးနှိုးဆော်ထားသည်။

ရောဂါဖြစ်ပွားသူလူနာများ အရေပြားနှင့် မျက်သားဝါပြီးနောက် ၁၀ ရက်ကြာသည်အထိ မိမိနေအိမ်တွင်သာ နေထိုင်ရန်နှင့် အစားအသောက်ရောင်းချသူများတွင် ရောဂါဖြစ်ပွားပါက အရေပြားနှင့် မျက်သားဝါပြီးနောက် ၁၀ ရက်ကြာသည်အထိ အစားအသောက်ကိုင်တွယ်ရောင်းချခြင်းကို ရပ်နားထားရန်လည်း အသိပေးထားသည်။ အကိုက်အခဲပျောက်ဆေးများ မလိုအပ်ဘဲသောက်ခြင်း၊ အရက်အလွန်အကျွံသောက်ခြင်းတို့ကိုလည်း ရှောင်ကြဉ်ကြရန်လိုသည်။ အသက်တစ်နှစ်နှင့်အထက် လူများတွင် အသည်းရောင်အသားဝါ (အေ) ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံခြင်းဖြင့် ဟက်ပါတိုက်တစ် (အေ) ဗိုင်းရပ်စ် ကူးစက်ခံရခြင်းမှ ကာကွယ်နိုင်သည်။

ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အသည်းရောင်အသားဝါ (အေ) ရောဂါနှင့်စပ်လျဉ်း၍ မြို့နယ်များအတွင်း ကွင်းဆင်းအသိပေးဟောပြောခြင်း၊ မီဒီယာနည်းလမ်းများဖြင့် သတိပေး နှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိရာ ကူးစက်ရောဂါဖြစ်သော အသည်းရောင်အသားဝါ (အေ) ကူးစက်ပျံ့နှံ့မှုမှ ရှောင်ကြဉ်နိုင်ရေး၊ ရောဂါမဖြစ်ပွားရေးအတွက် လူတိုင်းက အလေးအနက်ထားကာ ဂရုပြုလိုက်နာ နေထိုင်ကြရပါမည့်အကြောင်း။ ။