Skip to main content

ကူးစက်ဖြစ်ပွားတတ်သည့်ရောဂါများ ပြည်သူများသတိပြုကြိုတင်ကာကွယ်

ယခုရက်ပိုင်းတွင် ပြည်သူများကြားရှိ လူမှုကွန်ရက်များ၌ အသည်းရောင်အသားဝါ (အေ) ပိုးနှင့်ပတ်သက်၍ အသိပေးပြောဆိုမှုများ ကြားသိရပြီးနောက် ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ရောဂါကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ချက်ကို ထုတ်ပြန်ခဲ့သည်။ ထို့ကြောင့် ပြည်သူများအနေဖြင့် အသည်းရောင်အသားဝါ (အေ) ပိုးနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်မှုများ ပြုလုပ်ထားရမည်ဖြစ်သည်။

အဆိုပါရောဂါသည် အသည်းရောင်အသားဝါ (အေ) ရောဂါပိုးကြောင့် ဖြစ်ပွားရခြင်းဖြစ်ပြီး အလွယ်တကူကူးစက်တတ်စေ၍ ကပ်ရောဂါအသွင်လည်း ဖြစ်ပွားနိုင်ကြောင်း၊ အသက်အရွယ်မရွေးဖြစ်ပွားလေ့ရှိပြီး အထူးသဖြင့် ကလေးများတွင် ပိုမိုဖြစ်ပွားတတ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အသိပေးထားသည်။ ထို့ကြောင့် အဆိုပါရောဂါပိုးကို ကပ်ရောဂါအသွင်မဖြစ်ပွားလာစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် အများပြည်သူလူထုတို့ ပူးပေါင်းလက်တွဲပြီး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို တက်တက်ကြွကြွ ဆောင်ရွက်ကြရမည်ဖြစ်သည်။

ထိုရောဂါပိုးသည် အသည်းရောင်အသားဝါပိုးများ၏ မိသားစုဝင်ပိုးတစ်မျိုးဖြစ်သည်။ (အေ) ပိုးသည် အသည်းကိုထိခိုက်စေသည့်ပိုးတစ်မျိုးဖြစ်သည်။ ၎င်းပိုးသည် ကူးစက်ဖြစ်ပွားမှုလွယ်ကူစေပြီး ပုံမှန်အားဖြင့် အစာသွင်းသည့်လမ်းကြောင်းနှင့် မစင်စွန့်ရာလမ်းကြောင်းမှတစ်ဆင့် ကူးစက်ဖြစ်ပွားခြင်းဖြစ်သည်။ ပိုးရှိနေသည့် အစားအစာ၊ သောက်သုံးရေ သို့မဟုတ် ပိုးကူးစက်ခံထားရသူနှင့် အနီးကပ်တိုက်ရိုက် ထိတွေ့ခြင်းတို့မှ ကူးစက်ခြင်းဖြစ်သည်။ ကမ္ဘာတစ်ဝန်းရှိနိုင်ငံများ၌ နှစ်စဉ်လူဦးရေသန်းဆယ်နှင့်ချီ၍ အသည်းရောင်အသားဝါ (အေ) ရောဂါပိုးကူးစက်ခံနေရသည်ဟု သိရသည်။

ရောဂါကူးစက်ခံရပြီးချိန်နှင့် ရောဂါလက္ခဏာပြသည့်အချိန် (ရောဂါပျိုးချိန်) မှာ ရက်သတ္တပတ်နှစ်ပတ်မှ ခြောက်ပတ်အတွင်းဖြစ်ပေါ်နိုင်ပြီး ပုံမှန်ရောဂါပျိုးချိန်မှာ ၂၈ ရက်ဖြစ်သည်။ အသည်းရောင်အသားဝါပိုးများကို အေပိုး၊ ဘီပိုး၊ စီပိုး၊ ဒီပိုး စသည့်ဖြင့် သတ်မှတ်ထားသည်။ ရောဂါပိုးများမှာ အဓိကအားဖြင့် အသည်းကို တိုက်ခိုက်ခြင်းဖြစ်သော်လည်း ကူးစက်ပုံခြားနားသည်။ ယခု (အေ) ပိုးသည် ဖျားခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ ပျို့အန်ခြင်း၊ ဗိုက်အောင့်ခြင်း၊ အသားဝါခြင်း၊ မျက်လုံးဝါခြင်း၊ ဆီးအရောင်ရင့်ခြင်း၊ ဝမ်းအရောင်ဖျော့ခြင်းနှင့် အဆစ်အမျက်များ နာကျင်ကိုက်ခဲခြင်း ဖြစ်ပေါ်လေ့ရှိသည်။

အဆိုပါရောဂါပိုးကြောင့် ပြင်းထန်စွာအသည်းရောင်ပါက ရုတ်တရက်အသည်းပျက်စီးစေပြီး အသက်အန္တရာယ်ပါ ထိခိုက်နိုင်သည်။ မူလအသည်းရောင်အသားဝါ (ဘီ) ရောဂါပိုး သို့မဟုတ် (စီ) ရောဂါပိုးရှိသူများ၊ အိတ်ချ်အိုင်ဗွီရောဂါပိုးရှိသူများအနေဖြင့် အဆိုပါရောဂါကူးစက်ခံရပါက ပိုမိုပြင်းထန်စွာခံစားရနိုင်ပါသည်။ ရောဂါကူးစက်ခံရသည့် ကလေးများတွင် ၉၀ ရာခိုင်နှုန်းသည် ရောဂါလက္ခဏာပြသခြင်းမရှိဘဲ ငယ်ရွယ်သူများအနေဖြင့် အထူးခြားနားသည့်လက္ခဏာမပြပေ။ မြန်မာနိုင်ငံ၌ (အေ) ပိုး ပြန့်ပွားပုံသည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဖြစ်ပေါ်သည့်အတိုင်း သန့်ရှင်းသော သောက်သုံးရေမရရှိမှု၊ ပိုးရှိသည့် မသန့်ရှင်းသောအစားအသောက်များမှ ကူးစက်ခံရမှု၊ သန့်ရှင်းပြီး စနစ်ကျသည့်အိမ်သာများ အသုံးမပြုနိုင်မှုတို့ကြောင့် ရောဂါကူးစက်မှုဖြစ်လွယ်သည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် တစ်ကိုယ်ရေသန့်ရှင်းရေးကို သတိပြုရန်လိုသည်။ အစားအစာများကို မကိုင်တွယ်မီ၊ မချက်ပြုတ်မီ၊ အစာမစားမီနှင့် အိမ်သာအသုံးပြုပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် စင်ကြယ်စွာဆေးကြောကြရမည်ဖြစ်သည်။ ဆူပွက်သည်အထိ ကျိုချက်ထားသောရေနွေး သို့မဟုတ် ရေသန့်ဆေးပြားအသုံးပြု ထားသည့် သန့်စင်ထားသည့်ရေ သို့မဟုတ် FDA အသိအမှတ်ပြုထားသည့် ရေသန့်တို့ကို သောက်သုံးသင့်ပါသည်။ အစားအစာများကို အစိမ်းစားခြင်း၊ ယင်နားစာများကို စားသုံးခြင်းတို့မှ သတိပြုရှောင်ကြဉ်ရမည်ဖြစ်သည်။

ပြည်သူများအနေဖြင့် မိမိတို့အသုံးပြုသော အိမ်သာများ၊ မိလ္လာကန်များ ယိုစိမ့်မှုမရှိစေရန် အထူးသတိပြုရမည်ဖြစ်သည်။ ရောဂါကူးစက်ဖြစ်ပွားမှုများမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ပြင်ပတွင် အစားအသောက်ရောင်းချသူများအနေဖြင့် ရောဂါကူးစက်ဖြစ်ပွားပါက အရေပြားနှင့် မျက်သားများဝါပြီးနောက် အနည်းဆုံးရက်ပေါင်း ၁၀ ရက်ကြာသည်အထိ အစားအသောက်များ ကိုင်တွယ်ပြုလုပ်ရောင်းချခြင်းကို ရပ်နားထားရန်လိုအပ်ပါသည်။ ပြည်သူများအနေဖြင့် အိမ်တွင်းအစားအသောက်သာမက ပြင်ပအစားအစာများကို စားသောက်ကြရာတွင် ရောဂါကူးစက်ခြင်းမခံရစေရေးအတွက် အထူးသတိပြုကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ ပြည်သူများအနေဖြင့် ဖျားနာခြင်း၊ အရေပြားနှင့် မျက်သားများဝါခြင်း စသည့်အသည်းရောင်အသားဝါ (အေ) ရောဂါလက္ခဏာ ဖြစ်ပေါ်လာပါက နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံးသွားရောက်ပြသကြရန်နှင့် ရောဂါကူးစက်ခြင်းမခံရအောင် တစ်ကိုယ်ရေသန့်ရှင်းရေး၊ ရောဂါကြိုတင်ကာကွယ်ရေးတို့ကို မဖြစ်မနေဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါကြောင်း။ ။