ရန်ကုန် မတ် ၄
ရွှေတိဂုံစေတီတော် (၂၆၁၃) နှစ် မြောက် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်ဖွင့်ပွဲနှင့် နှစ်ကျိပ်ရှစ်ဆူ ဘုရားလှည့်လည်ပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရွှေတိဂုံစေတီရင်ပြင်တော် ရာဟုထောင့် ချမ်းသာကြီးတန်ဆောင်း၌ ကျင်းပသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့များနှင့် ဘာသာရေး ဝတ်အသင်းအဖွဲ့များက နှစ်ကျိပ်ရှစ်ဆူဘုရားများကိုပင့်ဆောင်လျက် ရွှေတိဂုံစေတီတော်မြတ်ကြီးအား တစ်ပတ်လှည့်လည်ပူဇော်ကြပြီး ချမ်းသာကြီးတန်ဆောင်းအတွင်း ပင့်ဆောင်ကြသည်။
ထို့နောက် ရွှေတိဂုံစေတီတော် (၂၆၁၃) နှစ်မြောက် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်ဖွင့်ပွဲကို ဆက်လက်ကျင်းပရာ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ရန်ကုန်တိုင်းသံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာ ဘဒ္ဒန္တ အဂ္ဂသာမိထံမှ ဧည့်ပရိသတ်များက နဝင်္ဂသီလ ခံယူဆောက်တည်ကြသည်။
ယင်းနောက် အလှည့်ကျ သဘာပတိ ဂေါပကအဖွဲ့ဝင် ဦးကျော်ဇေယျက (၂၆၁၃) နှစ်မြောက် ဗုဒ္ဓပူဇနိယတပေါင်း ပွဲတော်ကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ဗုဒ္ဓပူဇနိယမင်္ဂလာ အဖွင့်စကား ဖတ်ကြားလျှောက်ထားပြီး မြတ်ဗုဒ္ဓ၏ သဗ္ဗညုတဉာဏ်ရောင် မြတ်တန်ဆောင်ကို လေးမြတ်ကော်ရော် ပူဇော်သောအားဖြင့် ရွှေတိဂုံစေတီတော် ဩဝါဒါ စရိယဆရာတော်နှင့် ဘဏ္ဍာတော် ထိန်းဂေါပကအဖွဲ့ဝင်များက ဆီမီးတန်ဆောင်ထွန်းညှိပူဇော်ကာ ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်ကို ဖွင့်လှစ်ပေးကြပြီး ဆရာတော်ကြီးအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ရွှေတိဂုံစေတီတော် (၂၆၁၃) နှစ်မြောက် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော် မဟာပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ်ပူဇော်ပွဲကို မတ် ၁၃ ရက်အထိ ၁၀ ရက်တိုင်တိုင် ကျင်းပသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်