Skip to main content

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဇေယျာသီရိမြို့နယ်နှင့် တပ်ကုန်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

နေပြည်တော် မတ် ၄

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ် အောင်ဇေယျရပ်ကွက် မအူတောကျေးရွာအုပ်စုနှင့် သက်နှင်းအင်းကျေးရွာအုပ်စုတို့တွင် စက်မှုလယ်ယာစနစ်ကျ လယ်မြေဧက ၂၆၀ ဒသမ ၇၀ ဖော်ထုတ်ခြင်းလုပ်ငန်း ပြီးစီးမှုအခြေအနေနှင့် စိုက်ပျိုးရေပေးဝေနေမှုများ၊ နွေစပါးကို မျိုးစေ့ချကိရိယာ (Seeder)နှင့် ကောက်စိုက်စက်တို့ဖြင့် စိုက်ပျိုးထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် တပ်ကုန်းမြို့နယ် ကင်းသာကျေးရွာ ရွှေဟင်္သာဘုန်းတော်ကြီးကျောင်း၌ နေပြည်တော်ကုသရေးဦးစီးဌာနကဦးဆောင်၍ နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင်-၃၀၀ နှင့် တပ်ကုန်းမြို့ပြည်သူ့ဆေးရုံ ခုတင် - ၁၀၀ တို့မှ အထူးကုဆရာဝန်များ ပါဝင်သောအဖွဲ့က ကင်းသာကျေးရွာ၊ ရှောက်ကုန်းကျေးရွာ၊ မကျီးကုန်းကျေးရွာ၊ ကျားသေအိုင်ကျေးရွာ၊ နွယ်ရစ်ကျေးရွာနှင့် ရွှေမြို့ကျေးရွာတို့မှ ဒေသခံပြည်သူများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်ပေးနေမှုကို သွားရောက်ကြည့်ရှုအားပေးပြီး အထူးကုဆရာဝန်ကြီးများကို အမှတ်တရသစ်သီးခြင်း ပေးအပ်ကာလာရောက် ဆေးကုသမှုခံယူသည့် ဒေသခံပြည်သူများကို ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အာဟာရဖြစ် စားသောက်ဖွယ်ရာပစ္စည်းများ ပေးအပ်သည်။

ထို့နောက် တပ်ကုန်းမြို့နယ်ဗိုလ်မင်းရောင်ရပ်ကွက်အတွင်းရှိ ဦးတင်ထွန်းအောင်၏ မွေးမြူရေးခြံတွင် တောင်သူများနှင့်တွေ့ဆုံ၍ လိုအပ်သည်များကို ဆွေးနွေးပြောကြားပြီး တောင်သူဦးတင်ထွန်းအောင်၏ နွားမွေးမြူရေးခြံ အတွင်းနွားများမွေးမြူထားရှိမှုများ၊ စပါးခွံ၊ နွားချေး၊ ကြံမြုပ်ချေး၊ ဖွဲနု၊ EM ဘိုကာရှီနှင့် တင်လဲရည်တို့ဖြင့် စိုက်ပျိုးဧက ၂၀ စာအတွက် သဘာဝမြေဆွေးပြုလုပ်ထားရှိမှုနှင့် နွေစပါးစိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးသည်။

ယင်းနောက် တပ်ကုန်းမြို့နယ် ဘုရင့်နောင်ရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)သို့ ရောက်ရှိပြီး အဆိုပါကျောင်းအတွင်း ရေဘေးကြောင့် ထိခိုက်ပျက်စီးခဲ့မှုများ ပြန်လည်ပြုပြင်ပြီးစီးမှုအခြေအနေများနှင့် ကလေးကစားကွင်းဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေး၍ ကျောင်းစာကြည့်တိုက်အတွက် မတည်ငွေနှင့် စာအုပ်များကို ပေးအပ်သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တပ်ကုန်းမြို့နယ် ကံကြီးမွေးမြူရေးဇုန်ရှိ ရှင်းလင်းဆောင်တွင် ကံကြီးမွေးမြူရေးဇုန်နှင့် ရွှေမြို့မွေးမြူရေးဇုန်တို့မှ မွေးမြူရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ လိုအပ်ချက်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်